>The Funeral Service for Nan Nyunt Swe

>

စာရေးဆရာကြီး နန်းညွန့်ဆွေ ဈာပန ကျင်းပပြီးစီး

မိုးယံမခ ၊ ရန်ကုန်
ဇူလိုင် ၁၅၊ ၂၀၁၀

မြန်မာဒီမိုကရေစီရေးမှာ တက်ကြွစွာ လှုပ်ရှားသူတဦးဖြစ်တဲ ကိုဇာဂနာရဲ့ ဖခင်၊ စာရေးဆရာကြီး နန်းညွန့်ဆွေ (၈၇) နှစ် ရဲ့ ဈာပနကို ဒီနေ့မနက် ၁၁ နာရီအချိန်က ရေဝေးသုဿန်မှာ မီးသဂြိုဟ် ပြီးစီးခဲ့ပါတယ်။ နိုင်ငံရေးနဲ့ စာပေ၊ ဂီတ၊ ရုပ်ရှင် စတဲ့ အနုပညာနယ်ပယ် အသီးသီးက ပုဂ္ဂိုလ်များ ၁၅၀၀ ခန့် လိုက်ပါပို့ဆောင်ကြပါတယ်။
          (ကိုရဲလွင်၊ မဖြူဖြူသင်း နဲ့ မိတ်ဆွေများ)

             ဆရာနန်းညွန့်ဆွေဟာ ၂၀၁၀ ဇူလိုင် ၁၄ ရက် ညနေ ၅ နာရီ အချိန် ရန်ကုန်မြို့၊ ရန်ကင်း မြို့နယ်၊ အမှတ် ၃ ရပ်ကွက်၊ တိုက် ၂၁၆၊ အခန်း ၆ နေအိမ်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ ဆရာ့ရဲ့ ရုပ်ကလာပ်ကို ပို့ဆောင်သဂြိုဟ်ရာမှာ နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသူ၊ သားများနဲ့အတူ ကိုကျော်သူ၊ မရွှေဇီးကွက်၊ မသန်းမြင့်အောင်တို့က ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြပါတယ်။

(ဦးဝင်းတင်၊ မင်းသားကြီး အောင်လွင်၊ ကျော်သူ၊ အရိုင်း)

     ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးအုန်းကြိုင်၊ ဦးဉာဏ်ဝင်း၊ မဖြူဖြူသင်း စတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပုဂ္ဂိုလ်များ၊ သံဃာတော်များ၊ ကျောင်းသား လူငယ်ခေါင်းဆောင်များနဲ့ ဆရာကြီးကို လေးစားချစ်ခင်သူများစွာက စည်ကားစွာ လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။

          စစ်အစိုးရရဲ့ သတင်းတပ်ဖွဲ့ရဲ့ အနီးကပ်စောင့်ကြည့်ပြီး မှတ်တမ်းတင်ယူခြင်းကို ခံရတဲ့ အခုလိုမျိုး အထင်ကရဈာပနမှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးကို ဖော်ဆောင်မယ်ဆိုပြီး လတ်တလော ထူထောင်ထားကြတဲ့ နိုင်ငံရေးပါတီက လူတွေ၊ ပုဂ္ဂိုလ်တွေ လိုက်ပါပို့ဆောင် တက်ရောက်တာကို လုံးဝ မတွေ့ရပါဘူး။

          ဆရာနန်းညွန့်ဆွေရဲ့ အမည်ရင်းဟာ ဦးအောင်သိန်းဖြစ်ပြီး ၁၂၈၅ ခုနှစ် ၀ါဆိုလဆန်း ၁၂ ရက် တနင်္ဂနွေနေ့မှာ အဖ ဦးဘိုးသက်နဲ့ မိခင် ( — ) တို့က ဆင်မြီးဆွဲမြို့အနီးက ရပ်သာရွာမှာ မွေးဖွားခဲ့တာပါ။ ဖခင်ဖြစ်သူ ဦးဘိုးသက်ဟာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းနဲ့အတူ ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီးရဲ့ တပည့်ရင်း ဖြစ်ခဲ့ဖူးသူ ဖြစ်ပါတယ်။
          ဆရာဟာ ငယ်စဉ်ကတည်းက ဆင်မြီးဆွဲမြို့၊ မြို့သစ်တန်းရပ်မှာ ရှိတဲ့ ဆရာကြီးဦးလူမှန်ရဲ့ မူလတန်းကျောင်းမှာ စပြီး ကျောင်းနေခဲ့ပါတယ်။ ၄ တန်း မှ ၇ တန်းအထိ ပြည်မြို့ မြောက်ပိုင်းရှိ ဆရာကြီး ဦးညိုဟန်ကျောင်းနဲ့ သဲကုန်းမြို့ ဆရာကြီး ဦးစိန်ညွန့် ကျောင်းတွေမှာ တက်ခဲ့ပြီး ၁၀ တန်း အောင်မြင်ခဲ့ပါတယ်။
           (အင်န်အယ်ဒီပါတီ ခေါင်းဆောင် ဦးတင်ဦး)
(မသီတာ (စမ်းချောင်း)၊ ဦးအုန်းကြိုင်၊ ဦးဝင်းတင်၊ ဦးတင်ဦး)

           ၁၉၄၂ မှာ ၁၀ တန်း အောင်ခဲ့ပြီး ဂျပန်ခေတ်က ဂရိတ်တားအေးရှားသတင်းစာ ကဗျာပြိုင်ပွဲမှာ ရတုပိုဒ်စုံ ရွေးချယ်ခံခဲ့ရပါတယ်။ ဂျပန်ခေတ်မှာ ရန်ကုန်တက်လာပြီး ဂျပန်စာသင်ခဲ့ကာ တရားရေးဝန်ကြီးရုံးမှာ အောက်တန်းစာရေး ၀င်လုပ်ခဲ့ပါတယ်။

          ၁၉၄၃ သြဂုတ်လ ၁ ရက် ဂျပန်က မြန်မာကို ရွှေရည်စိမ် လွတ်လပ်ရေးပေးတဲ့အခါ “တိုင်းပြည်ကောင်းအောင် ခေါင်းဆောင်ပြုပြင်” အစချီ လွတ်လပ်ရေးရတုပိုဒ်စုံ ရေးခဲ့ပြီး ချင်းချောင်းအသံလွှင့်ရုံကနေ ဖတ်ကြားထုတ်လွှင့်ခဲ့ပါတယ်။

          ၁၉၄၇ နိုဝင်ဘာလမှာ အစိုးရရုပ်ရှင်နဲ့ ပြဇာတ်ဌာနခွဲတွင် ပြဇာတ်ဆရာအဆင့် ၂ အဖြစ် ၀င်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ လွတ်လပ်ရေးမရမီ ၂၇ ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အထူးထုတ် မြန်မာ့အလင်းသတင်းစာမှာ အမျိုးသားခေါင်းဆောင်ကြီးတွေကို တမ်းတတဲ့ မဟာလေးချိုးကြီး ရေးပြီး စာပေနယ်ထဲ ၀င်ရောက်လာခဲ့ပါတယ်။
          သတင်းစုံဂျာနယ် နဲ့ ဟံသာဝတီသတင်းစာ ကြာသာပတေးနေ့ ထုတ် စာပေ၊ ယဉ်ကျေးမှုကဏ္ဍမှာ ယဉ်ကျေးမှုဆိုင်ရာ ဆောင်းပါးတွေ၊ ကဗျာတွေ ရေးသားခဲ့ပါတယ်။ မြန်မာ့အသံမှ လွှင့်တဲ့ “လင်းရောင်ခြည်” အသံလွှင့်ဇာတ်လမ်းမှာ ပါဝင်ခဲ့ဖူးပါတယ်။
          ၁၉၆၁ မှာ ပြဇာတ် ၃ ပုဒ် စုစည်းပြီး ဗိန်းဘုံဘွေနှင့် အသံလွှင့်ပြဇာတ်များ အမည်ဖြင့် ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။
          ၁၉၅၅ ခုနှစ်မှာ သခင်မ၊ စာရေးဆရာမ ဒေါ်ကြည်ဦးနဲ့ အိမ်ထောင်ကျခဲ့ပါတယ်။ ၁၉၇၄၊ ၁၉၇၅ မှာ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်ရဲ့ မြန်မာစာဌာနမှူး အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။
          ဆရာဟာ မကွယ်လွန်မီအချိန်အထိ မြန်မာသစ်မဂ္ဂဇင်းမှာ ဘ၀အတွေ့အကြုံ ဖြတ်သန်းမှု ဆောင်းပါးတွေကို သုခမိန်အမည်နဲ့ ရေးသားခဲ့သူ ဖြစ်ပါတယ်။
          ဆရာနန်းညွန့်ဆွေဟာ ဇနီးဖြစ်သူ ဒေါ်ကြည်ဦးနဲ့ သား ၃ ဦး ထွန်းကားခဲ့ပါတယ်။ ဇနီးဖြစ်သူ ဆရာမ ဒေါ်ကြည်ဦးဟာ ၂၀၀၉ ခုနှစ်က ကွယ်လွန်ခဲ့ပါတယ်။ ဆရာကွယ်လွန်ချိန်မှာ – (ဦးဝဏ္ဏ)၊ ဦးတေဇ၊ ဦးသူရ (ဇာဂနာ) + ဒေါ်လွင်မာဦး နဲ့ မြေးများ ဖြစ်ကြတဲ့ မောင်မြတ်ကောင်း၊ မငယ်ဦးမွန်တို့ ကျန်ရစ်ပါတယ်။

          ဆရာ့ကို ရည်စူးပြီး ကျန်ရစ်သူမိသားစုက ဇူလိုင်လ ၂၀ ရက်၊ အင်္ဂါနေ့ နံနက် ၇ နာရီမှ ၁၀ နာရီအထိ ရက်လည်ဆွမ်းကျွေး တရားနာ ဆောင်ရွက်မှာ ဖြစ်ကြောင်း သိရပါတယ်။

(ဓာတ်ပုံများ – မိုးယံမခ၊ ဈာပနမြင်ကွင်း ဓာတ်ပုံများ)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts