>Khaing Mar Kyaw Zaw – Burmese Lives at the Borders – 16

>

နယ်စပ်လမ်းက ဝမ်းတထွာ -၁၆

ရေဒီယိုဖရီးအေးရှား ပင်တိုင်အစီအစဉ်
ခိုင်မာကျော်ဇော
မတ် ၁၈၊ ၂၀၁၀
      ထိုင်း-မြန်မာ နယ်စပ်တံခါးပေါက် တခုဖြစ်တဲ့ တာချိတ်လိတ်-မယ်ဆိုင် နယ်စပ်ဒေသဟာ ရှမ်းပြည် အရှေ့ပိုင်းက ရှမ်း၊ ပအိုဝ့်၊ ပလောင်၊ ဝ၊ လားဟူ၊ အခါ တိုင်းရင်းသားတွေ ကျင်လည်ရာ၊ လှုပ်ရှားရုန်းကန်ရာ ဒေသတခုပါ။
      စစ်အစိုးရတပ်တွေ၊ လက်နက်ကိုင်အဖွဲ့တွေ၊  ဘိန်းခင်းတွေပေါတဲ့ ရှမ်းပြည်နယ်မှာ နေထိုင်ကြတဲ့ တိုင်းရင်းသားတွေ ဟာ အခက်အခဲမျိုးစုံကို ကြုံတွေ့နေကြရပြီး စားဝတ်နေရေးလည်း ခက်ခဲကြပ်တည်းကြပါတယ်။
      အဲဒီ အခက်အခဲ အကြပ်အတည်းတွေကြောင့် ရှမ်းပြည်နယ်ထဲက တိုင်းရင်းသားပေါင်းစုံ လူငယ်၊ လူရွယ်တွေဟာ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ထိုင်းနိုင်ငံထဲကို နည်းမျိုးစုံနဲ့ ဝင်ရောက်ကြပြီး သူတို့ရဲ့ မိသားစု စားဝတ်နေရေး၊ ဘဝရှင်သန် ရပ် တည်ရေးအတွက် ရရာ၊ ကြုံရာ အလုပ်တွေကို လုပ်ကိုင်နေကြပါတယ်။
      မယ်ဆိုင်-တာချီလိတ်နယ်စပ်မှာ ရှမ်းပြည်နယ်ကလာတဲ့ လူငယ်၊ လူရွယ်အများစု လုပ်ကိုင်ကြတာက အိမ်ဖော်၊ ဆောက်လုပ်ရေး၊ ဟိုတယ်၊ စားသောက်ဆိုင်၊ နိုက်ကလပ်နဲ့ စက်ရုံအလုပ်တွေပဲ ဖြစ်ပါတယ်။
      “ဒီဘက်နယ်စပ်မှာတော့ အမျိုးသမီးတွေက အိမ်ဖော်နဲ့ အမျိုးသားတွေက ဆောက်လုပ်ရေးအလုပ်တွေ လုပ်ကြတာ များတယ်။ မယ်ဆိုင်မြို့က အိမ်တိုင်းလိုလိုမှာ အိမ်ဖော်တွေရှိတယ်။ အိမ်ဖော်မှန်သမျှလည်း ရှမ်းပြည်နယ်က လာတာချည်းပဲ” လို့ အီမိန်းက ပြောပါတယ်။
      အီမိန်း ပြောသလိုပါပဲ။  မြန်မာနိုင်ငံ တာချီလိတ်မြို့နဲ့ ချောင်းငယ်တခုသာခြားတဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့က အိမ်တိုင်း လိုလိုမှာ အိမ်ဖော်တွေရှိပါတယ်။ အိမ်ငယ်ရင် တယောက်၊ အိမ်ကြီးရင်တော့ ကြီးသလို အိမ်ဖော် ၂ ယောက်၊ ၃ ယောက်ကနေ၊ ၄-၅ ယောက်အထိရှိပါတယ်။ အိမ်ဖော်အလုပ်သမား အများစုကလည်း ရှမ်းပြည်နယ် ဒေသအသီးသီးက အခက်အခဲ အမျိုးမျိုးနဲ့ ရောက်လာကြတဲ့ ရှမ်း၊ ပအိုဝ့်၊ ပလောင်၊ ဝ၊ လားဟူ၊ အခါစတဲ့ တိုင်းရင်းသူ အမျိုးသမီးတွေပါ။
      အီမိန်းကတော့ ရှမ်းပြည်နယ် မိုင်းဆတ်မြို့နယ်ကလာတဲ့ အိမ်ဖော် အလုပ်သမားတဦးပါ။ မယ်ဆိုင်မြို့မှာ အိမ်ဖော် အလုပ်ကို အီမိန်း စပြီးတုန်းက အီမိန်းအသက်က (၁၆)နှစ်ပါ။ အိမ်ရှင်တွေက အီမိန်းကို အလုပ်မျိုးစုံ ခိုင်းပေမယ့် လစာကြ တော့ တလကို ဘတ် ၅ဝဝ ပဲ ပေးတယ်လို့ အီမိန်းက ပြောပါတယ်။
      “နေ့တိုင်း ထမင်းဟင်း ချက်ရတယ်။ အိမ်သန့်ရှင်းရေး လုပ်ရတယ်။ အဝတ်လျှော်မီးပူ တိုက်ရတယ်။ ကားရေ ဆေးရတယ်။ ခလေးလည်း ထိန်းရတယ်။ ညီမ နေတဲ့အိမ်မှာ အသက်ကြီးတဲ့ အဖိုးတယောက်လည်းရှိတော့ လူနာလည်း ကြည့်ရတယ်။ တစက်လေးမှ မနားရဘူး”လို့ အီမိန်းက ပြောပါတယ်။
      အိမ်ရှင်တွေ စိတ်တိုင်းကျအောင်၊ မငြိုငြင်ရအောင် လုပ်ကိုင်ပေးရတဲ့ အိမ်ဖော်အလုပ်ဟာ မျက်နှာငယ်ရပြီး  အိမ်ရှင် တွေရဲ့ မျက်နှာကိုကြည့်ပြီး နေရ၊ စားရ၊ နားရတာမို့လည်း  အမြဲတမ်း စိတ်အားငယ်ရတယ်လို့ အီမိန်းက ပြောပါတယ်။
      ဒါပေမယ့်လည်း ပိုက်ဆံရဖို့၊ ရတဲ့ ပိုက်ဆံ အိမ်ပြန်ပို့ဖို့အတွက် မျက်နှာငယ်၊ စိတ်အားငယ်ရတဲ့ အိမ်ဖော်အလုပ်ကိုပဲ အီမိန်း ကျိုးစားအားတင်းပြီး လုပ်ကိုင်ခဲ့တာ (၁၂)နှစ်နီးပါး ရှိပါပြီ။ လုပ်သက်ကြာလို့ ထိုင်းစကားလည်း ပြောတတ်လာသလို လုပ်ခလစာလည်း ၃၅ဝဝ အထိရလာပါပြီ။ (၇)နှစ်အတွင်းမှာ တအိမ်မကောင်း၊ တအိမ်ပြောင်းပြီး လုပ်ခဲ့တာ အိမ်အလုံး ပေါင်းလည်း မနည်းတော့သလို လုပ်ခငွေတွေ အိမ်ပြန်ပို့တာလည်း မနည်းတော့ဘူး လို့ အီမိန်းက ပြောပါတယ်။
      နန်စီကလည်း မယ်ဆိုင်မြို့မှာ အိမ်ဖော်အလုပ်လုပ်ပြီး ရှမ်းပြည်က မိဘတွေရှိရာကို (၂)လတကြိမ်၊ (၃)တလတကြိမ် ငွေမှန်မှန် ပြန်ဖို့ပေးနေရသူပါ။  သူလည်း ၃-၄ နှစ်အတွင်းမှာ အိမ်ပြောင်းများစွာကို ပြောင်းလုပ်ခဲ့ရ သူပါပဲ။
        “အိမ်ရှင်တွေက မကောင်းလို့ ကောင်းမယ်ထင်တဲ့ အိမ်ကို ပြောင်းပြီး လုပ်ရတာပါ။ တချို့ အိမ်ရှင်တွေက စိတ်တော့ ကောင်းတယ်။ လစာပေးတာ အရမ်းနည်းတယ်။ တချို့အိမ်တွေကြတော့ လခလည်း မကောင်းဘူး။ အလုပ်ကြတော့လည်း မတရားခိုင်းတယ်။ တချို့အိမ်တွေဆို သူတို့ အိမ်အလုပ်တင် မကဘူး။ သူတို့ ဆွေမျိုးတွေရဲ့ အိမ်အလုပ်တွေကိုပါ လုပ်ခိုင်း တယ်။ တချို့အိမ်တွေကြတော့ အလုပ်ခိုင်းပြီး ပိုက်ဆံကျတော့ မပေးချင်ကြဘူး”လို့ နန်စီက ပြောပါတယ်။
      အခါတိုင်းရင်းသူလေး ‘ကဲယောက်’ကတော့ အိမ်ဖော်အလုပ်ကို ပိုက်ဆံတပြားမှ မရပဲ လုပ်နေရသူပါ။ အိမ်ရှင်တွေရဲ့ ဆဲဆို၊ အသက်(၁၅)နှစ်အရွယ် ကဲယောက်ဟာ အိမ်ရှင်တွေရဲ့ ဆဲဆို၊ ရိုက်ပုတ်မှုတွေကိုလည်း အကြိမ်ကြိမ် ခံခဲ့ရသူပါ။ ကဲယောက်ကို မယ်ဆိုင်မြို့မှာ အိမ်ဖော်အလုပ်လုပ်ဖို့ ခေါ်လာသူက ကဲယောက်ရဲ့ အဒေါ်လို့သိရပါတယ်။ အဒေါ်ဖြစ်သူက သူ အိမ်ဖော်အလုပ် လုပ်ခဲ့ဖူးတဲ့ မယ်ဆိုင်မြို့က အိမ်မှာ ကဲယောက်ကိုထားပြီး ချင်းရိုင်းမြို့ကို တက်သွားတာ ဒီနေ့ထိ ကဲယောက် ကို တခါမှ မဆက်သွယ်လာဘူးလို့ ဆိုပါတယ်။
        “သူက ထိုင်းစကားမတတ်တော့ အိမ်ရှင်တွေ ဘာပြောမှန်း သူ မသိဘူး။ အိမ်ရှင်တွေက စိတ်မရှည်တော့ သူကို ဆဲဆို၊ ရိုက်နှက်တယ်။ အိမ်ချင်း ကပ်ရက်ဆိုတော့ သူကို ဆူတာ၊ ဆဲတာ၊ ရိုက်တာ အမြဲကြားရတယ်။ သူ့ကို လစာလည်း မပေးဘူး။ သူ့အဒေါ်ကလည်း သူ့ကိုတခါမှ မဆက်သွယ်ဘူး”လို့ နန်စီက ပြောပါတယ်။
      မယ်ဆိုင်မြို့မှာ ကဲယောက်လို လုပ်ခ၊ လစာမရပဲ တဝမ်းစားတခါးဘဝနဲ့ အိမ်ဖော်အလုပ်လုပ်နေကြတဲ့ မိန်း ကလေးတွေ အမျိုးကြီးပါ။ အဒေါ်တွေခေါ်လာလို့ ကဲယောက်လို ရောက်လာကြ သူတွေ ရှိသလို၊ တချို့က မိဘတွေကိုယ်တိုင် အိမ်တွေမှာ လာရောက်အပ်နှံပြီး လုပ်အားခငွေ ကြိုယူသွားတာ။ တချို့ကတော့ ဆွေမျိုးသားချင်းတွေ၊ အသိတွေ၊ လူပွဲစား တွေဆီိနေ ငွေယူပြီး သူတို့ရဲ့ သား၊ သမီး၊ တူ၊ တူမတွေကို ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ ထိုးအပ်လိုက်ကြတာလို့ တာချီလိတ်-မယ်ဆိုင်နယ်စပ်မှာ လူမှုကူညီရေး လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ အမျိုးသမီးတဦးက ပြောပါတယ်။
      ဒီလို ရင်နာစရာတွေ၊ မယုံကြည်စရာ အဖြစ်အပျက်တွေဟာ နယ်စပ်လမ်းမှာ မကြာခဏ ဖြစ်ပျက်နေတာလို့လည်း သူက ဆိုပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးကြပ်တည်းမှုနဲ့ ဆင်းရဲမွဲတေမှုကို မြန်မာပြည်သားတွေ ရင်စည်းခံနေရတာပါ။ ဒီအကြောင်းတွေကို ကမ္ဘာအရပ်ရပ်က သိနေကြပြီး မြန်မာစစ်အစိုးရက မသိတာကတော့ အံ့သြစရာပဲ မဟုတ်ပါလား။ 
(ကရင်တိုင်းရင်းသားလေး ပန်းချီ ပိုးထူးရဲ့ ပန်းချီလက်ရာ – ကိုဦးနဲ့ မသန္တာ ဘလော့ဂ်က ရယူပ်ါတယ်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts