>Proud to be a Burmese in the USA – US Census 2010

>

အမေရိကန်မှာ မြန်မာ (Burmese) အဖြစ် စာရင်းပေါက်စေဖို့ US Census ဖောင်တွေ ဖြည့်ကြစို့ –  မြန်မာတို့ရဲ့ အသံ
မိုးမခရွာဆော်ကြီး
မတ် ၁၉၊ ၂၀၁၀
ဆယ်နှစ် တကြိမ် အမေရိကန်အစိုးရ သန်းကောင်စာရင်းကောက် အစီအစဉ်အရ ၂၀၁၀ ယူအက်စ် ဆင်းဆပ်စ် ဖောင်တွေကို နေအိမ်တိုင်းဆီ စာတိုက်က ပို့နေပြီ ဖြစ်ပါတယ်။ အခုဆိုရင် သင်တို့ အိမ်တွေ၊ အခန်းတွေဆီကို စာအိတ်တွေ ရောက်ရှိနေလောက်ပြီလို့ သိရပါတယ်။
မည်သည့်နိုင်ငံသား၊ မည်သည့်လူမျိုး ဖြစ်နေပါစေ သူတို့စာရင်းကောက်တဲ့အချိန်မှာ ဥပဒေအရ အမေရိကန်မှာ ရောက်ရှိနေထိုင်သူများက (Resident) သန်းကောင်စာရင်းဖောင်ကို ဖြည့်စွက်ပေးဖို့ လိုကြောင်း ရေးသားထားလို့ မိသားစုများအနေနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ လူဦးရေစာရင်းထဲမှာ စာရင်းဝင်သွားစေဖို့ ဖြည့်စွက်ပြီး ပြန်ပို့ရမယ် ဖြစ်ပါတယ်။
အဲ … သည်မှာအနေကြာလို့ တတိယ၊ စတုတ္ထမျိုးဆက်တွေအနေနဲ့ကတော့ ဘယ်လိုမှ ထူးခြားတယ်လို့ မယူဆကြပေမယ့်၊ မကြာသေးမီက ပြောင်းရွှေ့အခြေချသူ၊ နေထိုင်သူ ပထမ၊ ဒုတိယမျိုးဆက် လူနည်းစု လူမျိုးများကတော့ ၎င်းတို့ရဲ့ လာရာ လူမျိုးဆိုတာကိုပါ ထည့်သွင်းကြဖို့ လိုတဲ့အကြောင်း လူနည်းစု (Minority) မိသားစုတွေက တိုက်တွန်းနှိုးဆော်မှုတွေ ပြုလုပ်နေကြပါတယ်။
“ဥပမာ – ဒီမြို့မှာ လူဦးရေ ၁ သိန်းရှိတယ်လို့ စာရင်းကောက်ရပြီ ဆိုရင်၊ ယခင်က လူဦးရေ ဥပမာ ၅ သောင်းထက် များလာပြီ ဖြစ်လို့ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရက အဲသည် လူဦးရေနဲ့ လိုက်ရောညီထွေမယ့် လူမှုအဆောက်အဦ၊ အုပ်ချုပ်ရေး၊ လမ်းပန်းဆက်သွယ်ရေး ယန္တရားတွေ တိုးချဲ့ရမယ်၊ စီမံကိန်းတွေ ဆွဲရမယ်။ အခွင့်အလမ်းတွေ ပိုပေးရမယ်။ ကျောင်း၊ ဆေးရုံ၊ ဘတ်စကား၊ စာကြည့်တိုက်၊ လမ်း၊ မီး စတာတွေ၊ ဘတ်ဂျက်တွေ ဖြစ်တယ်။ လူဦးရေ လျော့သွားပြီလို့ စာရင်းကောက်ရင်လည်း မလိုအပ်တဲ့ အပိုစာရိတ်တွေ လျော့ချရမယ်။ ဒါကြောင့် ဒီစာရင်းက အများစုအတွက် အရေးကြီးပါတယ်” လို့ မိုးမခမိတ်ဆွေတဦးက ပြောပြပါတယ်။
“နောက် ပထမ၊ ဒုတိယမျိုးဆက်တွေအနေနဲ့ – မိမိလူမျိုးကို ယေဘူယျ ဖြည့်စွက်ဖို့ လိုပါတယ်။ Asian – Other Asian ဆိုတာလောက်ကတော့ စာရင်းပေါက်မှာ အကြမ်းဖျင်းဆိုပေမယ့် တကယ်တမ်း ကျနော်တို့ Burmese တွေ နေရာတနေရာမှာ စုစုစည်းစည်း သိပ်သည်းနေတယ် ဆိုရင် အဲသည် လူနည်းစုတွေရဲ့ အသိုင်းအ၀ိုင်းအတွက် ပတ်ဝန်းကျင်က ပြင်ဆင်ပေးဖို့၊ ဆောင်ရွက်ပေးဖို့ကို ထင်ရှားစေတာ ဖြစ်ပါတယ်။ ဥပမာ – ဖို့ဝိန်းမှာ၊ ဘတ်ဖဲလိုးမှာ မြန်မာတွေ အများစုရှိရင် မြန်မာတွေအတွက် အစီအစဉ်တွေ၊ ၀န်ဆောင်မှုတွေကို အစိုးရကကော၊ စီးပွားရေး၊ လူမှုရေးအသိုင်းအ၀ိုင်းကပါ ဖြည့်ပေးရတော့မှာ ဖြစ်တယ်။ တနိုင်ငံလုံး အတိုင်းအတာအနေနဲ့လည်း မိမိတို့ မြန်မာပြည်သားတွေ ဘယ်လောက်တောင် ရှိနေတယ်ဆိုတာ သိရှိလာရမယ် ဖြစ်ပါတယ်” လို့ အမေရိကန်ပြည် အရှေ့အလယ်ပိုင်းဒေသနေ မိုးမခပရိသတ်တဦးက ၎င်းသဘောထားကို ပြောပြပါတယ်။
“ကျနော်တို့က နောင်မှာ ဒီတိုင်းပြည်ရဲ့ မဲဆန္ဒရှင်တွေ ဖြစ်လာမယ်။ ကျနော်တို့ မဟုတ်ရင် ကျနော်တို့ နောက်မျိုးဆက်တွေပေါ့။ ကျနော်တို့ လူနည်းစုတွေရဲ့ အရေးကို တောင်းဆိုဆန္ဒပြရမယ်၊ အရေးဆိုဖို့ ဖြစ်လာမယ် ဆိုရင် ဒီလိုမျိုး မဲဆန္ဒရှင်စာရင်းကလည်း အရေးကြီးလာမယ်။ ဥပမာ – အင်ဒီယာနာမှာ အမေရိကန်သမ္မတရွေးကောက်ပွဲတုန်းက တချို့်မြန်မာတွေက မက်ကိန်းကို မဲပေးမယ်။ တချို့က အိုဘားမား။ အဲသည်မှာ အမေရိကန်ပါတီကြီးတွေက အဲသည်မြန်မာအသိုင်းအ၀ိုင်းတွေကို မဲဆန္ဒရရှိဖို့ ဂရုတစိုက် နားထောင်ရပြီ။ မဟုတ်ရင် အဲသည် နေရာမှာ သူတို့ အရှုံးအနိုင် စကားပြောလိမ့်မယ်” လို့လည်း သူက ဆွေးနွေးပါတယ်။
ဖို့ဝိန်းအခြေချနေတဲ့ မိုးမခမိတ်ဆွေတဦးကတော့ -]
“ကျနော်တို့ဆီမှာ မြို့ ရွာတွေ အတွင်းမှာ ရုံးကိစ္စ၊ အမှုအခင်းစတာတွေ ဖြစ်တယ်။ မြန်မာတွေအတွက်ကော အခြား လူနည်းစုတွေအတွက်ကော ပြင်ဆင်ထားတာ မရှိဘူး။ အဲသည်က ရပ်ကွက်လူကြီးတို့၊ မြို့တော်ဝန်တို့ကလည်း လူနည်းစုအသံကို ဂရုမစိုက်မိဘူး။ ဒါမျိုးတွေ ဖြစ်တတ်ပါတယ်။ ကျနော်တို့တတွေက အဲသည်မြို့ရွာမှာ တဖြေးဖြေး လူများစုတွေ ဖြစ်လာရင် ကျနော်တို့တွေထဲက အဲသည်ကိစ္စတွေ ဆောင်ရွက်ရပ်တည်ပေးမယ့် လူတွေဖြစ်လာမယ်။ ကျန်တဲ့ လူများစုဆိုသူတွေကလည်း ကျနော်တို့ကို နားလည်ဖို့ ကြိုးစားမယ်။ ကျနော်တို့ကလည်း သူတို့ကို ပိုပြီး ရှင်းပြနိုင်လာမယ်” လို့ သူ့အမြင်ကို ပြောပါတယ်။
ကဲ … သည်လိုဆိုရင်တော့ ကျနော်တို့ မြန်မာတိုင်းရင်းသား ညီအကိုမောင်နှမတွေ အားလုံး အခုလို ၁၀ နှစ်တကြိမ် အခွင့်အရေးမှာ မြန်မာ (Burmese ) အဖြစ် စာရင်းပေါက်စေဖို့  US 2010 Census ကို တတတ်တအား ဖြည့်ကြစို့ ပါလား ခင်ဗျား …

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts