သတင်းဆောင်းပါး

ထင်ရာမြင်ရာ သတင်းတိုထွာ သောင်းပြောင်းထွေလာ

ထင်ရာမြင်ရာ သတင်းတိုထွာ သောင်းပြောင်းထွေလာ
သာဂိ၊ မိုက်ခဲစိန်၊ ဇူလိုင် ၁၁၊ ၂၀၁၄

မိုးမခမှာ စာမရေးတာကြာလို့ မိုက်ခဲစိန်ကို သတင်းပုလင်းလေးတွေ ရေးပါဦးလို့ အယ်ဒီတာမင်းများက လှမ်းတို့လိုက်တယ်။ သတင်းခေါင်းစဉ်တွေကို ကြည့်ပြီးတော့ ထင်ရာမြင်ရာလေးတွေ ရေးပေါ့ဗျာလို့ သူတို့က ဆိုတယ်။ အရှည်ကြီးလည်း မရေးနဲ့၊ တိုတိုနဲ့ နောက်ခံအကြောင်းလေးလည်း ပါပါစေလို့ ပြောတယ်။ ဒါနဲ့ ခင်ဗျားတို့ဆီက သာဂိကိုလည်း ရေးခိုင်းဦးမှပေါ့လို့ ဆိုတော့ သူလည်း စားဝတ်နေရေးကြောင့် မအားဖြစ်နေသတဲ့။ ဒါဆိုလည်း  ကျုပ်ရွေးတဲ့သတင်းတွေကို တုန့်ပြန်ချက်အမြင်လေးတွေ ဖတ်ပြီး ပြန်ရေးခိုင်းဖို့ ပြန်ပြောလိုက်တယ်။ ဒီတော့ သူကလည်း အပြန်အလှန်ရေးပါမယ် တဲ့။ ဒီတော့ သတင်းတိုထွာ သောင်းပြောင်းထွေလာ ကဏ္ဍ စတင်ပါပြီ။

မိုက်ခဲစိန် – မနေ့က တရုတ် အမေရိကန် ထိပ်သီးဆွေးနွေးပွဲမှာ အမေရိကန်က တရုတ်ကို ကန့်သတ်ဖို့ ကြိုးစားနေတာ မဟုတ်ကြောင်း၊ အတူတကွ အကျိုးစီးပွားအတွက် လက်တွဲကြဖို့သာ ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကယ်ရီက ပြောလိုက်ပါတယ်။

သာဂိ –   ပထ၀ီနိုင်ငံရေးမှာ တရုတ်က အင်အားကြီးဖြစ်နေတော့ အမေရိကန်က ပစ္စဖိတ်ဒေသတွင်းမှာ အားပြိုင်မှုတွေ စွက်ဖက်မှုတွေကို အခြားအာရှနိုင်ငံတွေနဲ့ တွဲပြီး လုပ်လာတယ်ဗျာ။ နှစ်ဖက်စလုံးက ကြည့်ကောင်းအောင် ပြောချင်တာ ပြောမှာပေါ့။ တနေ့ကပဲ တရုတ်ဟက်ကာတွေက အမေရိကန်အစိုးရ၀န်ထမ်းတွေရဲ့ ဒေတာဘေ့စ်ကို ၀င်ဖောက်သွားကြသေးတယ် မဟုတ်လား။

မိုက်ခဲစိန် – လွန်ခဲ့တဲ့ တပတ်က (ISIS) အမည်တွင်တဲ့ အစ္စလာန်ဘာသာရေးအစွန်းရောက် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့က အချင်းများနေတဲ့ ဆီးရီးယားနဲ့ အီရတ်အစိတ်အပိုင်းတွေကို အစ္စလာန်နိုင်ငံတော်သစ်အဖြစ် ကြေညာလိုက်တယ်။ သူတို့က ဆူနီလူမျိုးစုတွေဖြစ်လို့ ဆန့်ကျင်ဖက် ရှီယိုက်လူမျိုးစုတွေကို အကြမ်းဖက်သတ်ဖြတ်မှုတွေလည်း အီရတ်ပြည်အနှံ့ ကျူးလွန်နေတယ်။

သာဂိ – ဒီဇင်ဘာ ၂၀၁၀က စလိုက်တဲ့ အာရပ်ကမ္ဘာ၊ အစ္စလာန်ကမ္ဘာရဲ့ အကြမ်းမဖက်လှုပ်ရှားမှု အာရပ်နွေဦးဆိုတဲ့ ငြိမ်းချမ်းတဲ့တော်လှန်ရေးဟာ လက်နက်ကိုင်အကြမ်းဖက်မှုတွေနဲ့ ပျက်စီးခဲ့ရတယ်။ အစွန်းရောက်ဘာသာရေးအကြမ်းဖက်အုပ်စုတွေဟာ လူမျိုးရေးမျိုးတုံးမှုသာမက အနောက်နိုင်ငံတွေကိုပါ အကြမ်းဖက်တိုက်ခိုက်ဖို့ပါ အရှိန်မြှင့်လာနေတယ်။ အကြမ်းမဖက်ဘဲ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ဖော်ဆောင်ရေး လမ်းစဉ်ဆိုတာ အရှေ့ကမ္ဘာ အနောက်ကမ္ဘာမှာ နေရာမရှိတော့ဘူးလား၊ အကြမ်းဖက်ရေး အင်အားသုံး ဖြေရှင်းရေးသာ ရွေးချယ်စရာလား မေးစရာ ဖြစ်လာတယ်။

မိုက်ခဲစိန် – အမေရိကန်ပြည်မှာ လူဝင်မှုကြီးကြပ်မှုဥပဒေ ပြင်ဆင်ရေးကို အိုဘားမားက တွန်းအားပေးနေချိန်မှာ မက္ကဆီကိုပြည်နဲ့ တက္ကဆပ်ပြည်နယ်စပ်ကို ဖြတ်ကျော်ပြီး အသက်မပြည့်သေးတဲ့ တပါးပြည်က ကလေးသူငယ်ဝင်ရောက် ခိုလှုံမှုတွေ တိုးပွားလာနေတယ်။

သာဂိ – အမေရိကန်ပြည်တွင်းမှာ သန်းနဲ့ချီပြီး တရားမ၀င်ရောက်နေတဲ့ တိုင်းတပါးသားတွေအရေးကို ဖြေရှင်းတဲ့ဆီမှာ သမ္မတကြီးအိုဘားမားက အသက်ငယ်ရွယ်သူ ကလေးသူငယ်တွေ ကျောင်းသားတွေအပေါ် သက်ညှာဖို့ အလေးသာနေတာကို တရားမ၀င်လူတင်သွင်းသူ မှောင်ခိုသမားတွေက အခွင့်ကောင်းယူပြီး မိဘတွေမပါတဲ့ ကလေးတွေကို အမေရိကန်ပြည်ထဲ အရောက် ပို့နေကြတာပေါ့ဗျာ။

မိုက်ခဲစိန် – ဒါနဲ့ အိုဘားမားက တလောက၀က်စ်ပွိုင့် စစ်သင်တန်းဆင်းပွဲမှာ အီရတ်နဲ့ အာဖဂန်မှာ အမေရိကန်ရဲ့ စစ်ရေးစွက်ဖက်မှုတွေကို တခန်းရပ်တော့မယ်၊ အစွန်းရောက်အကြမ်းဖက်တွေကို စစ်ဆင်နွှဲနေတဲ့ စစ်မျက်နှာမှာ မဟာမိတ်နိုင်ငံတွေနဲ့ အိမ်ရှင်အစိုးရတွေကိုယ်တိုင်ကလည်း ကိုယ်တိုင် ၀င်ရောက်ကြရမယ်။ အမေရိကန်ကိုချည်း နေရာတိုင်းဝင်ပြီး စစ်တိုက်ခိုင်းနေတာ၊ စွက်ဖက်ခိုင်းနေတာ မဖြစ်သေးဘူးလို့ ပြောလိုက်တယ် မဟုတ်လား။

သာဂိ – အမေရိကန်သမ္မတကြီးက နိုင်ငံတကာငပွကြီးအဖြစ်ကနေ မဟာမိတ်နိုင်ငံတွေ၊ အခြားအစိုးရတွေနဲ့ အပြုသဘောလက်တွဲဆောင်ရွက်တဲ့ အခမ်းကဏ္ဍကို မြှင့်ချင်တယ်လို့ ပြောချင်တာနဲ့ တူပါတယ်။ ဗမာပြည်ကိုလည်း သူက ပိတ်ဆို့ကန့်သတ်နေရာကနေ စေ့စပ်ဆွေးနွေး အဖြေရှာတာ ညှိနှိုင်းတာတွေလုပ်နေတာ မဟုတ်လား။ သူ အဲသလိုပြောတာကို သဘောထားတင်းမာသူတွေက အိုဘားမားတယောက် ပျော့သွားပြီဆိုပြီး တင်းမာတဲ့ တုန့်ပြန်မှုတွေနဲ့ ရှေ့တိုးလာကြတာတွေလည်း မြင်ရတယ်။ ဆီးရီးယား၊ ရုရှား နဲ့ ယူကရိန်းကို ကြည့်လေ။

မိုက်ခဲစိန် – ဒီလိုဆိုရင် နိုင်ငံတော်တို့ အစိုးရတို့ အာဏာပိုင်ခေါင်းဆောင်တို့ဆိုတာဟာ ဥပဒေစိုးမိုးရေးနဲ့ အင်အားသုံးရေးဆိုတာကို အမြဲဆွဲကိုင်နေရတော့ မှာပေါ့။ နေရာတိုင်း စေ့စပ်ဆွေးနွေး ညှိနှိုင်းအဖြေရှာချည်းတော့ မဖြစ်သေးဘူးပေါ့။

သာဂိ – မသိဘူးလေ။ ခင်ဗျားက သတင်းခေါင်းစဉ်တွေပြော၊ ကျုပ်က ထင်ရာပြန်ပြောတာပဲ။

မိုက်ခဲစိန် – အင်ဒိုနီးရှားမှာ အရပ်သားသမ္မတလောင်းနဲ့ စစ်ဗိုလ်ဟောင်းတို့ အကြိတ်အနယ် ပြိုင်ဆိုင်နေတယ်ဆိုပါ့လား။ လက်ရှိသမ္မတကတော့ ရလဒ်တွေကို စိတ်ရှည်ရှည်စောင့်ကြဖို့ စိတ်လောမကြီးကြဖို့ ပြောနေတယ်။

သာဂိ – ၁၉ ၉ ၈ အာရှစီးပွားပျက်ကပ်မှာ ထိုင်း၊ အင်ဒိုနီးရှားနဲ့ မလေးရှားက အာဏာရှင်တွေ ပြိုလဲကုန်တာပဲ။ ခရိုနီတွေ မျိုးစောင့်တွေ အများဆုံး အကျင့်အပျက်ဆုံးလို့ ဝေဖန်ခံရတဲ့ အင်ဒိုနီးရှားဟာ စစ်ခေါင်းဆောင်တွေ အဆက်ဆက်အောက်ကနေ၊ ဆွေစဉ်မျိုးဆက် ခေါင်းဆောင်မျိုးဆက်တွေ အဆင့်ဆင့်အောက်နေ တရွေ့ရွေ့ပြောင်းတာ ၂၀၁၄ အထိဆိုရင် ၁၆ နှစ် လောက်ကြတယ်။ အကုန်လုးံ ကောင်းမယ်၊ ပြောင်းမယ်ရယ်လို့တော့ မဆိုနိုင်ဘူး။ မြန်မာပြည်က အခုမှ ရွေးကောက်ပွဲဆိုလို့ ၂ ခုပဲ ဖြတ်ရသေးတယ်။ ၉၀ခုနှစ်၊ ၂၀၁၀ ခုနှစ် …။ ၂၀၁၅ ပြီးတော့ နောက် ရွေးကောက်ပွဲတွေဆိုတာ ဘယ်လိုဆက်စခန်းသွားရဦးမလဲ။

မိုက်ခဲစိန် – မသိဘူးလေ။ ကျုပ်ကတော့ ဒေါ်စုနဲ့ အန်အယ်ဒီပါတီကိုပဲ မဲပေးမှာပဲ။ ကြံဖွတ်ကတော့ ဝေလောဝေးပေါ့။ တိုင်းရင်းသားတွေလည်း အားပေးရမယ်။ သူတို့နယ်မြေ သူတို့ အနိုင်ရကြမှပေါ့။ နောက်ဆုံးသတင်းခေါင်းစဉ်ကတော့ ယူနီတီသတင်းဂျာနယ်က သတင်းစာဆရာ ၅ ဦးကို စစ်အစိုးရ အဲလေ လက်ရှိအစိုးရက ထောင် ၁၀ နှစ် ချလိုက်တယ် ဆိုပါလားဗျာ။

သာဂိ – သတင်းသမားတွေဟာ ဘယ်အစိုးရလက်မှာပဲ ဖြစ်ဖြစ်၊ အမေရိကန်၊ ရုရှား၊ အာဖရိကား၊ တရုတ် ဘယ်နိုင်ငံမှာဖြစ်ဖြစ် အမှန်တရားကို ဖော်ထုတ်တိုင်း ဖမ်းဆီးထောင်ချခံရတာချည်းပါဗျာ။ မြန်မာပြည်က စစ်အစိုးရကတော့ နယူလက်နက်တို့၊ လျို့ဝှက်စက်ရုံတို့၊ ကြားဖြတ်အစိုးရတို့ စင်ပြိုင်အစိုးရတို့ဆိုတာမျိုး ပြောတာကြားတာနဲ့ အရင်အတိုင်းပဲ။ လုပ်ချလိုက်ပြန်ပြီပေါ့။ ကဲ … တော်သေးပြီဗျာ။ နောက်မှ သတင်းခေါင်းစဉ်တွေ ပို့ပေးလိုက်တော့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts