>Journalist on the street of Rangoon – 2nd Week of Feb 2010

>

မီးစက်၊ သင်္ဃန်းကျွန်းဈေးမီး၊ ဂျီတော့ခ် ၊ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ရန်ကုန်ရှုခင်း
လမ်းလျှောက်ဂျာနယ်လစ်၊ ရန်ကုန်
ဖေဖော်ဝါရီ ၁၈၊ ၂၀၁၀

မီးစက် ၀ါ စစ်အစိုးရ၏ မီးဖြတ်စစ်ဆင်ရေး

လတ်တလော ရန်ကုန်မှာ လူပြောအများဆုံးကိစ္စကတော့ မီးပါပဲ။ သုံးတဲ့လျှပ်စစ်မီးနဲ့ သူမလာပဲ ၀ါယာရှော့ခ် ဖြစ်တယ်ပြီး သူ့ကိုစွပ်စွဲ အပြစ်ဖို့လိုက်တဲ့ လောင်တဲ့မီးကိုပါ လူတွေစိတ်ဝင်စားကြပါတယ်။
ပထမဆုံးကတော့ ရန်ကုန်မြို့ကြီးမှာ လျှပ်စစ်မီး တစ်နာရီမှာ အနည်းဆုံး တကြိမ်မက ဖြတ်တောက် ပေးနေတယ် ဆိုတာပါပဲ။ ညသန်းခေါင်တောင်မှပဲ တောက်လျောက်မပေးနိုင်တော့ ပါဘူး။ မနေ့ညက ဆိုတညလုံးမှ စုစုပေါင်း တနာရီခွဲသာသာ ရပါတယ်။ ကိုယ်ခွဲတမ်း ရမယ့် အေအုပ်စုရောက်နေတဲ့ အချိန်လား၊ ဒုတိယဦးစားပေး ဘီအုပ်စုရောက်နေတဲ့ အချိန်လား မမှတ်ထား နိုင်ကြတော့ပါဘူး။ မှတ်သားပြီး အလုပ်လုပ်ရင်လည်း အရူးခဏခဏ ဖြစ်ရလွန်းလို့ပါ။ ဘာလို့ ၁၅မိနစ် တခါ ဖွင့်လိုက် ပြန်ပိတ်သွားလိုက် ဖြစ်နေတာလဲ။ မီးအားတက်လာရင် ဖွင့်လိုက်၊ တခါ မီးအားကျသွားပြန်ပြီဆို ပြန်ဖြတ်လိုက်လုပ်နေသလား တော့မသိပါ။ အိမ်မှာနေတဲ့သူတွေ စီးပွားရေး လုပ်သူတွေအတွက်တော့ တော်တော်ကို ဆိုးရွားတဲ့ အတွေ့အကြုံပါ။
လျှပ်စစ်မီးလာပြီဆိုတာ သိရအောင် တီ..တီ..တီမြည်သံတွေ၊ လျှပ်စစ်လူခေါ်ဘဲသံတွေနဲ့ ချိတ်ဆက်ထားတဲ့ ဆိုင်တွေ အိမ်တွေမနည်းလှပါဘူး။ မီးလာပြီဆို ပထမဆုံးကြားရတာက လူခေါ်ခေါင်းလောင်းသံပါ။ အဲဒီအသံကြားရင် ညသန်းခေါင်လည်း ထကြရေ စုပ်တင်ကြ၊ ထမင်းအိုးချက်ကြ၊ အ၀တ်လျှော်ကြလိမ့်မယ် ထင်ပါတယ်။
အင်တာနက်ဆိုင် တဆိုင်မှာလည်း မီးလာတာနဲ့ တီ..တီ မြည်သံထွက်လာပါတယ်။ ဆိုင်ဝန်ထမ်းက အဆိုပါမီးခလုပ်ကို သွားပိတ်ပြီး မီးစက်လိုင်းနဲ့ အီးပီစီ လျှပ်စစ်မီးလိုင်း ပြောင်းတဲ့ခလုပ်ကို သွားဆွဲလိုက်ပါတယ်။ အဲဒီနောက်မှ ဆိုင်ရှေ့က မီးစက်ကိုသွားပိတ်ပါတယ်။ အဲလိုလုပ်ပြီး ဆိုင်ထဲမှာ ထိုင်လို့ နာရီဝက်မပြည့်ခင် လျှပ်စစ်မီးက ပြန်ပျက်သွားပြန်ပါရော။ ကွန်ပျူတာတွေမှာ တပ်ဆင်ထားတဲ့ ups တွေက တတီတီနဲ့ ထမြည်လာကြပြန်တယ်။ မီးစက်နှိုးပြီး မီးလာတော့မှ မြည်သံတွေတိတ်ဆိတ် သွားပါတော့တယ်။
တယောက်ကတော့ ပြောပါတယ်။ ရွေးကောက်ပွဲမတိုင်ခင် နအဖ အစိုးရကို အာခံကြတဲ့ ရန်ကုန်သူ ရန်ကုန်သားတွေကို ရူးသွားအောင် မီးပေးလိုက်ဖြတ်လိုက်နဲ့ တမင်လုပ်နေတာပါလို့ ပြောပါတယ်။ ဟုတ်ရင်လည်း ဟုတ်မှာပါ။ လူတွေ စိတ်အေးချမ်းသာ၊ ခေါင်းအေးအေးနဲ့ စဉ်းစားလုပ်ကိုင်ကြမယ့် ဘ၀မျိုးကို နအဖအနေနဲ့ မလိုလားဘာဘူး
အခြားတဦးကတော့ လူတွေ အစိုးရကို ပြန်မလှန်နိုင်အောင် မီးပျက်၊ ရေပျက် တခြားဝန်ဆောင်မှု ဖြတ်ပြီး နှိမ်ထားတာ လို့လည်းသူ့ အမြင်ကိုပြောပါတယ်။ ဒါလည်း ဖြစ်နိုင်ခြေရှိပါတယ်။ လူတွေ စီးပွားရေး လုပ်ငန်းလုပ်ကိုင်သူတွေ မီးစက်၊ ရေစက်၊ တယ်လီဖုန်း ကိစ္စတွေနဲ့ အလုပ်များနေ၊ ကျောမွေ့ရက်
          ရန်ကုန်မြို့ လမ်းတလျှောက်မှာလည်း မီးစက်ကြီးငယ်လတ် သေး အရွယ်စုံဆိုက်စုံ လမ်းဘက်ကို မီးခိုးထွက်ပိုက်လှည့် ကာမောင်းနေကြပါတယ်။ ရန်ကုန်မြို့ လမ်းသွားလမ်းလာတွေ၊ လမ်းဘေး ဈေးသည်တွေဟာ မီးစက်ကထွက်တဲ့ အသံနဲ့ အပူရှိန်၊ မီးခိုးတို့ကို သည်းခံခွင့်လွှတ်ပြီး သွားလာနေထိုင်ကြ ရပါတယ်။
ပြည်တွင်းမှာ နယ်စပ်က ၀င်လာတဲ့ ကားအင်ဂျင်၊ တရုတ်နိုင်ငံက သွင်းလာတဲ့ ဒိုင်နမိုတွေနဲ့ ဆင်ထားတဲ့ ပြည်တွင်းဆင် ဒီဇယ်မီးစက်တွေလည်း လမ်းဘေးတွေမှာ မနည်းလှပါဘူး၊ ယူဒီ၊ မုဒုံမောင်မောင် စသဖြင့် တံဆိပ် အမျိုးမျိးနဲ့ ကားပစ္စည်း တင်သွင်းသူတွေက မီးစက်တပ်ဆင်ရောင်း နေကြပါတယ်။ စက်တလုံးကို ၁၅သိန်း ၂၀သိန်းမှာ သိန်း ၂၀၊ ၃၀ ၀န်းကျင်ထိရှိပါတယ်။ ပြည်ပက၀င်လာတဲ့ဟာဆို ဒိထက်ပိုပြီး ဈေးကြီးပါတယ်။ အနည်းဆုံး သိန်း ၇၀၊ ၈၀မှ သိန်းရာကျော်တွေချည်း ဖြစ်ပါတယ်။
စက်မှုဇုန်က လုပ်ငန်းကြီးတွေ၊ ဟိုတယ်တွေ၊ ရှော့ပင်းမောလ်တွေ၊ ရုပ်ရှင်ရုံကြီးတွေ၊ ကွန်ဒိုမီနီယံကြီးတွေ အနေနဲ့ ကီလိုဝပ် ၄၊ ၅ရာ စက်ကြီးတွေဝယ်ပြီး ၀င်းထဲသို့မဟုတ် လမ်းဘေးတွေမှာ ချထားကြတာပါ အဲဒီစက်ကြီးတွေက သိန်း၂ရာ၊ ၃ရာကနေ ၄၊ ၅ရာထက်ပိုပြီး ပေးကြရတာပါ။ စီးပွားရေးလုပ်ငန်းတွေ အနေနဲ့ မီးစက်ဖိုးလည်း ရင်းနှီးရ အစိုးရမီးလာတဲ့အချိန်ဆို အစိုးရမီးကို ပြောင်းရနဲ့ ဗျာများနေကြပုံပါပဲ။ လုပ်ငန်းတိုင်း မီးစက်မောင်းသူ တယောက်ငှားထား ကြရပါတယ်။
ရန်ကုန်မြို့ ပလက်ဖောင်းဆိုတာဟာ မီးစက်တွေ ထောင်လိုက်၊ အလျားလိုက်ပိတ်ထားကြ တာနဲ့လမ်းလျှောက်ရ ခက်ခဲလာပြီး လူတွေက ကားသွားတဲ့ လမ်းမပေါ်ကို တက်လျှောက်နေကြရပါပြီ။ တကယ့်ပလက်ဖောင်းပေါ်က လမ်းလျှောက်ရင် ၀င်္ကပါမှာ လမ်းလျှောက်သလို ဖြစ်နေလို့ပါပဲ။ အဲဒါက ရန်ကုန်မြင်ကွင်း တခုပါ။
လျှပ်စစ်မီး အခုလို ဖြစ်ချင်တိုင်း ဖြစ်နေ ပျက်ချင်တိုင်း ပျက်နေတာကို ဘယ်တာဝန်ရှိသူမှ မီဒီယာကို မပြောကြပါဘူး။ မီးလာတော့မယ် ဆိုရင်တယောက်ပြီး တယောက် ပြောချင်ကြပေမယ့် အခုလို ပျက်ချင်တိုင်း ပျက်တဲ့ အချိန်မှာ ဘယ်သူမှ ပြောချင်ပုံမရကြပါဘူး။
ရန်ကုန်မြင်ကွင်းလို့ ပြောရင် လျှပ်စစ်မီး အကြောင်းမပါရင်မပြီးပါဘူး။ ရန်ကုန်ရှုခင်းရဲ့ နောက်ခေါင်းစဉ် တခုကလည်း လျှပ်စစ် နဲ့ရော မီးနဲ့ပါ ဆက်စပ်နေပါတယ်။ အဲဒါကတော့ သင်္ဃန်းကျွန်းဈေးမီးလောင်တာပါ။
သင်္ဃန်းကျွန်းဈေး မီး –
(မလာတဲ့ လျှပ်စစ်ကြောင့် လောင်တဲ့မီး)
ပြည်တောင်စုနေ့ညမှာ လောင်ကျွမ်းခဲ့ရတဲ့ သင်္ဃန်းကျွန်းဈေးမီးလောင်မှုမှာ လျှပ်စစ်မီး ၀ါယာရှော့ခ် ဖြစ်တာက စတယ်လို့ တာဝန်ရှိသူတွေက ထုတ်ဖေါ်ပြောဆိုပါတယ်။ လျှပ်စစ်မီး မလာတဲ့အချိန်မှာ မီးက၀ါယာရှော့ခ် ဖြစ်တယ်ဆိုတာကို အနီးအနားမှာ နေထိုင်သူတွေအနေနဲ့ သံသယဖြစ်နေကြတာပါ။
ညဘက် ၇နာရီဝန်းကျင် လောင်ကျွမ်းတဲ့မီးကြောင့် ဆိုင်ခန်း ၆ရာကျော်နဲ့ ကပ်လျက် ပုဂ္ဂလိက ရေခဲစက်တစ်စက် လောင်ကျွမ်းခဲ့ပါတယ်။ လောင်တဲ့နေရာက မီးသတ်ကလည်း သိပ်မဝေး တော့ မီးသတ်ကား သိပ်မကြာခင်ရောက်လာခဲ့တယ် လို့ရပ်ကွက်နေသူတွေက ပြောပါတယ်။ ဒါပေမယ့် ပထမဆုံး မီးသတ်ကား ရောက်လာပြီး ရေနဲ့ ငြိမ်းသတ်ရာမှာ ခဏနဲ့ ရေကုန်သွားတာ၊ နောက်တော့ ဈေးရဲ့မီးလောင်နေတဲ့ နေရာကို အဓိကထား မငြိမ်းသတ်ပဲနဲ့ ကပ်နေတဲ့ ရဲစခန်း ဘက်ကိုလောင်မှာစိုးလို့ အဲဒီဘက်ကို ရေနဲ့ အားပြုပက်နေခဲ့တာ တွေကြောင့် ရပ်ကွက်နေသူတွေက အားမရခဲ့ဘူး လို့လည်းပြောပါတယ်။
မြန်မာနိုင်ငံမှာ ဈေးတွေမီးလောင်ရင် နည်းနည်းပါးပါးနဲ့ ရပ်တန့်ဖို့ မျှော်လင့်ချက် သိပ်မရှိပါဘူး။ အားလုံးနီးပါး လောင်ကျွမ်းပြီးမှ ငြိမ်းသွားတာက များပါတယ်။ ဈေးထဲမှာ အထည်ဆိုင်ဖွင့်ထားတဲ့ ဆိုင်ရှင်တဦးထဲကပဲ သူ့ဆိုင်တဆိုင်ထည်း သိန်း ၁၀၀ ကျော်ဖိုး မီးထဲပါသွားတယ်လို့ ပြောပါတယ်။ အချို့သောဆိုင်တွေအနေနဲ့ ဆုံးရှုံးမှု တန်ဖိုးမများပြားပေမယ့် ဆိုင်ခန်းပေါင်း ၆၀၀ကျော်ဖြစ်လို့ ဆုံးရှုံးမှုဟာ သိန်းပေါင်း ထောင်ဂဏန်းနဲ့ ချီမှာမလွဲပါဘူး။ ဒါ့အပြင် အဲဒီဆိုင်ခန်း ၆၀၀ ကျော်ကို မှီပြီးလုပ်ကိုင် အသက်မွေးနေသူပေါင်း ထောင်နဲ့ချီပြီး ရပ်တည်ဖို့ ခက်ခဲသွားမှာလည်း ဖြစ်ပါတယ်။
ဈေးတွေမီးလောင်ပြီး ပြန်ဆောက်ရင် ဆိုင်ခန်းပိုင်ရှင်တွေ အနေနဲ့ နေရာသစ်အတွက် ငွေသိန်းဆယ်ဂဏန်းနဲ့ပြန်လည် ပေးသွင်းကြရပါတယ်။ မော်လမြိုင်ဈေးသစ်ကြီး မီးလောင်ပြီးနောက် ယခုပြန်လည်ဆောက်လုပ်ရာမှာ ဆိုင်ခန်းပေါင်း ၁၀၀၀ ကျော်အတွက် အဆောက်အဦအတွက် တခန်းလျင် သိန်း ၅၀ ပေးသွင်းရတာဖြစ်လို့ မော်လမြိုင်မြို့က ဈေးဆိုင်ရှင်တွေရဲ့ သိန်းပေါင်း ၅သောင်းကျော် ဆိုင်ခန်းအတွက် သုံးလိုက်ရတဲ့ သဘောလည်း ဖြစ်ပါတယ်။
ယခုလည်း သင်္ဃန်းကျွန်းဈေးပြန်လည် တည်ဆောက်ခဲ့မယ် ဆိုရင် ဆိုင်ခန်းရှင်တွေ အနေနဲ့ သိန်းဆယ်ဂဏန်း ရှိတဲ့ ဆိုင်ခန်းကြေး ပေးသွင်းကြရဦးမှာပါ။ ဈေးမီးလောင်တဲ့အခါ ဒုက္ခရောက်ရဆုံးဟာ ဈေးရောင်း အသက်မွေးကြသူတွေပါပဲ။ အကျိုးအမြတ် ရှိသူတွေကတော့ သက်ဆိုင်ရာ အာဏာပိုင်နဲ့ ဆောက်လုပ်ဖို့ ကန်ထရိုက်ရသူတွေသာ ဖြစ်ပါတော့တယ်။ နောက်ထပ်ဈေးတွေ မီးမလောင်ရအောင် ဈေးတွေကို ဈေးသူဈေးသားတွေ အနေနဲ့ပိုမိုသတိထား စောင့်ရှောက်ရတော့မှာ ဖြစ်ပါတယ်။

လျှပ်စစ် မီးလိုပဲ အင်တာနက်လည်း ပြတ်လိုက်လာလိုက်

(အင်တာနက်ဆိုတာ ဂျီတော့ခ် လား)
ယမန်နေ့ (၁၆ရက် ဖေဖေါ်ဝါရီ) က ရန်ကုန်နဲ့ မြန်မာနိုင်ငံရှိ အင်တာနက် သုံးစွဲသူတွေ သေလုမျောပါး အင်တာနက် ကွန်နက်ရှင် ကြောင့်ဒုက္ခတွေ ရောက်နေကြပါတယ်။ နံနက်ပိုင်းက စလို့ဘာမှ ဖွင့်လို့မရတဲ့ အင်တာနက် ကွန်နက်ရှင်ဟာ တနေ့လုံး ဆိုင်တွေလည်း ကွန်နက်ရှင် ပြန်ကောင်းလာနိုးနဲ့ စောင့်မျှော်နေလိုက်တာ ညသာမိုးချုပ်သွားရော ပြန်ကောင်းမလာခဲ့ပါဘူး။ သို့ပေမယ့် အင်တာနက် ဆိုင်တွေထဲကို လှမ်းကြည့်လိုက်တဲ့အခါ ကွန်ပျူတာရှေ့မှာ သုံးစွဲသူတွေ ထိုင်နေကြတာပါ။
သူတို့ဆိုင်ပဲ ရသလားဆိုပြီး ၀င်မေးကြည့်တော့ “ဂျီမေးလ်နဲ့ ၀က်ဆိုက်တွေဖွင့်လို့မရဘူး၊ ဂျီတော့ခ် ချက်တင်ပဲ ရမယ်၊ နိုင်ငံခြားကို ဖုန်းခေါ်တဲ့ ပီဖင်းဂိုးလိုဟာလည်း မရဘူး´´လို့ဆိုင်ဝန်ထမ်း တဦးကပြောပါတယ်။ အဲလိုဂျီတော့ခ် ချက်တင်ကိုသုံးနေကြတဲ့ သူတွေလည်း အထိုက်အလျောက်ရှိသလို အင်တာနက် မဟုတ်ပဲ နက်ဝေါ့ခ် ဂိမ်းကစားဖို့ အင်တာနက်ဆိုင်ကို လာသူတွေလည်း ရှိသေးတာကြောင့် အင်တာနက်ဆိုင်တွေ ဖွင့်ထားကြတယ် ဆိုတာနောက်မှ သဘောပေါက်လိုက်ပါတယ်။
၂၀၀၉ ခုဒီဇင်ဘာလကုန်ရင် တရုတ်၊ အိန္ဒိယနဲ့ ထိုင်းတို့ကနေ နယ်စပ်ဖြတ်ကျော် သွယ်ယူလာတဲ့ အလင်းဖန်မျှင်စနစ် သုံးအင်တာနက် ကျောရိုးလိုင်းတွေကြောင့် အရင်ထက် အဆများစွာ မြန်လာတော့မလို ပြောပေမယ့် ဖေဖေါ်ဝါရီလ ဆန်းတာနဲ့ အင်တာနက်လိုင်း ၄ရက်ကြာပြတ်တာနဲ့ ကြုံခဲ့ရသလို၊ အခုလည်း တဖန်ထပ် ဖြစ်နေပြန်ပါပြီ။
ကျောရိုး အင်တာနက်လိုင်းကြီးက အခုလက်ရှိ 4 GB bit per second မကလို့ ဒိထက်ဒိထက် ပိုမြန်လာပါစေဦး။ မြန်မာပြည်သူတွေကို ရဲ့ သတင်း ကမ္ဘာကို မပေါက်ကြားအောင် အင်တာနက်လိုင်းတွေကို ပိတ်ဆို့ထား၊ နှေးကွေးအောင် လုပ်ထားရမယ်လို့ နအဖ အစိုးရက စဉ်းစားထားပုံရပါတယ်။
မြန်မာနိုင်ငံမှာ အင်တာနက်ဆိုင်တွေ  နယ်မြို့တွေမှာပါ အများအပြား တွေ့မြင်လာနေရပါပြီ။ သို့ပေမယ့် နယ်မြို့က အချို့သုံးစွဲသူတွေဟာ ဂျီတော့ခကလွဲရင် ဂျီမေးလ်ကို တောင် ဖွင့်မတတ် ပို့မတတ်ကြသေးပါဘူး။ အစိုးရက အင်တာနက်လိုင်းရောင်းတာ၊ ကဒ်ရောင်းတာကနေ ၀င်ငွေတွေ အများအပြား လိုချင်ပေမယ့်လည်း တဘက်မှာ ခေတ်မှီတိုးတက်သွားမှာ ကိုကြောက်ရွံ့နေပုံရပါတယ်။
ဒါကြောင့် မြန်မာပြည်က အင်တာနက်ဆိုတာဟာ ဂျီတော့ခ် လားလို့မေးရမလောက်အောင် ပါပဲ။ အင်တာနက် သုံးစွဲသူ အချို့ကတော့ ပညာရေး၊ စီးပွားရေး လုပ်ငန်းနဲ့ အခြားလူမှုရေး ဆက်သွယ်မှုတွေ အတွက်ပါ အင်တာနက်ကို သုံးစွဲနေကြပါပြီ။ သို့ပေမယ့် တပတ်တခါလောက် လိုင်းပျက်နေတဲ့ အတွက် ဂျီတော့ခ ကိုပဲ အင်တာနက် အမှတ်နဲ့ သုံးနေကြရတာလည်း ရန်ကုန်ရှုခင်း တခုပါပဲ။

၂၀၁၀ ရွေးကောက်ပွဲနဲ့ ကြံ့ဖွံ့ ပြင်တဲ့လမ်းများ

ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီလို့ အမည်ခံထားတဲ့ အဖွဲ့အနေနဲ့ မြို့တော်နေထိုင်သူတွေ ၊ စီးပွားရေး လုပ်ငန်းတွေဆီက ကောက်ခံရရှိတဲ့ ငွေတွေကို ကြံ့ဖွံ့စည်းရုံးရေး ရံပုံငွေအဖြစ် သုံးစွဲနေတာဟာ နည်းလမ်းကျလား မကျလားဆိုတာ တကယ့်ကို ဆန်းစစ်ဖို့လိုတဲ့ ကိစ္စတရပ်ပါ။
ယခုသီတင်းပတ်တွေမှာ ရန်ကုန်မြို့ရဲ့ လမ်းတွေအတော်များများမှာ ကွန်ကရစ်ခင်း၊ ကတ္တရာခင်းတဲ့ ကိစ္စတွေအားလုံးမှာ ပြည်သူအများ ရွံ့မုန်းတဲ့ ကြံ့ဖွံ့ရဲ့ ဆိုင်းဘုတ်နဲ့ အလံအောက်ကနေ လုပ်ဆောင်နေပါတယ်။ လူနေအိမ်တွေကြားထဲမှာ အလံစိမ်းတွေထူလို့  လမ်းထိပ်တွေမှာလည်း  ကြံ့ဖွံ့နဖူးစည်းတွေ တင်လို့  ကြံ့ဖွံ့အဖွဲ့ကြီးကို အမွန်းတင် နေပါတယ်။
စည်ပင်သာယာဟာ နိုင်ငံရေးနဲ့ မပတ်သက်ပဲ မြို့နေလူထုရဲ့ ရေ၊ လမ်းပန်းဆက်သွယ်ရေး၊ စီးပွားရေးလုပ်ငန်း ကိစ္စရပ်တွေမှာ ၀န်ဆောင်မှုပေးပြီး ကောက်ယူရရှိထားတဲ့ အခွန်ငွေတွေကို အဲဒီအတွက် မြို့နေ လမ်းများ၊ ဈေးများရဲ့ သန့်ရှင်းရေး ပြုပြင်ထိန်းသိမ်းရေးတို့မှာ ပြန်လည် အသုံးပြုရမှာ ဖြစ်ပါတယ်။ အခုတော့ ရန်ကုန်မြို့တော် စည်ပင်သာယာကငွေကို ကြံ့ဖွံ့အဖွဲ့ပိုင်ငွေလို သဘောထားပြီး ရန်ကုန်တိုင်း ကြံ့ဖွံ့တာဝန်ခံ တဦးဖြစ်သူ မြို့တော်ဝန် ဗိုလ်ချုပ် အောင်သိန်းလင်းက  ကြံ့ဖွံ့စည်းရုံးရေး ကိစ္စတွေမှာ သုံးစွဲနေပါတယ်။
တောင်ဥက္ကလာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံမြို့နယ်တွေ မှာအများဆုံး မြင်တွေ့နေရပြီး မင်္ဂလာတောင်ညွန့် ၊ ဗိုလ်တထောင် ပုဇွန်တောင်မြို့နယ်လို မြို့လယ်မှာလည်း အများအပြားတွေ့မြင်နေရပါတယ်။ တောင်ဥက္ကလာ၊ မြောက်ဒဂုံတို့မှာ လမ်းပြင်မယ်ဆို ရှေးဦးစွာ သဘောတူမတူ နာမည်နဲ့ လိပ်စာ မှတ်ပုံတင်အမှတ်တွေ လိုက်ကောက်ယူပြီး ပြင်ဆင်ဖို့ သဘောတူကြောင်း စာရင်းလိုက်လံကောက်ယူတာ မျိုးလည်းရှိပါတယ်။ အမှန်ကတော့ ကြံ့ဖွံ့အဖွဲ့ဝင်သစ် စာရင်း ကောက်ယူလိုတဲ့အတွက် မလိမ့်တပတ်နဲ့ လက်မှတ်ထိုးခိုင်းတာ၊ စာရင်းကောက်ယူတာမျိုးလည်း ဖြစ်ပါတယ်။
ကြံ့ဖွံ့အနေနဲ့ ပြင်မှာကို သဘောမတူလို့ လက်မှတ်မထိုးတဲ့ ရပ်ကွက်နေသူတွေလည်း မြောက်ဒဂုံဘက်မှာ ရှိတယ်လို့ မြောက်ဒဂုံမှာ နေထိုင်သူတဦးက ပြောပါတယ်။ အဆိုပါလမ်းကို လာမပြင်ပဲ ဒီအတိုင်း ထားခဲ့တယ်လို့လည်း ဆိုပါတယ်။ အခုလို စည်ပင်သာယာ အသုံးစရိတ်နဲ့ ကြံ့ဖွံ့ စည်းရုံးရေးလုပ်တာကတော့ မသာလက်ဖက်နဲ့ ဧည့်ခံတာထက်ကို ဆိုးဝါးတဲ့ ကိစ္စတခုလည်း ဖြစ်ပြီး ရန်ကုန်ရဲ့ ဒီနေ့ ရှုခင်းတခုလည်း ဖြစ်နေပါတယ်။  

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts