>Naypyidaw under forest fire and crime sprees

>

မီးနဲ့ မှုခင်း – နေပြည်တော်သတင်းများ

ဝင်းမြတ်
မေ ၁၀၊ ၂၀၁၀
နေပြည်တော် ကြက်ပြေးတွင် တောမီးလောင်ကျွမ်း၊ ရှို့မီးလား – အပူမီးလား
နေပြည်တော်၊ ကြက်ပြေးဘက် အခြမ်းရှိ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ ၀န်ထမ်းအိမ်ရာများအနီးရှိ တောတောင်လျှိုမြောင်များတွင် ပြီးခဲ့သည့် ကြာသပတေးနေ့တွင် တောမီးများလောင်ကျွမ်းခဲ့သည်။
ကြာသပတေးနေ့ည ၉ နာရီမှစတင်လောင်ကျွမ်းခဲ့သော တောမီးသည် သောကြာနေ့မနက် တစ်နာရီအထိ လောင်ကျွမ်းခဲ့ပြီး မီးသတ်ကား ၁၁ စီးက ၀ိုင်းဝန်းညှိမ်းသတ်ခဲ့ကြသည်။ မီးသတ်ကားများတွင်ပါရှိသော ရေပိုက်များဖြင့် မီးလောင်ရာနေရာသို့ ရောက်ရှိအောင် မပက်ဖြန်းနိုင်သဖြင့် မီးသတ်ရဲဘောများမှာ ရေအိတ်များကို ကျောပိုးသယ်ဆောင်ကာ လျှိုအတွင်းသို့ဆင်း၍ ငြိမ်းသတ်ခဲ့ရသည်။
“၀ါးပင်တွေကိုမီးလောင်တဲ့အသံက တဖြောင်းဖြောင်းနဲ့ ကြောက်ဖို့ကောင်းတယ်။ တောမီးကြောင့် အိမ်တွေကိုအပူဟပ်တာ ညဘက်ကို အိပ်လို့မရဘူး”
ဟု ကျန်းမာရေးဝန်ကြီးဌာနမှ ၀န်ထမ်းအမျိုးသမီး တစ်ဦးကပြောသည်။
၎င်းတောမီးလောင်ကျွမ်းရခြင်း အကြောင်းရင်းကိုမူ တိတိကျကျမသိရသေးပေ။ အပူရှိန်မြင့်မားမှုကြောင့် လောင်ကျွမ်းခြင်းဖြစ်နိုင်သည်ဟု  လူအချို့ကယူဆကြပြီး အချို့ကမူ ရှို့မီးဖြစ်နိုင်သည်ဟုဆိုသည်။
၎င်းတောတောင်လျှိုမြောင်များ အတွင်းတွင် နေပြည်တော် မတည်ဆောက်ခင်ကတည်းက နေထိုင်နေသည့် ဒေသခံများကို မောင်းထုတ်လိုသောကြောင့် စည်ပင်မှရှို့သောမီး ဖြစ်နိုင်သည်ဟု ကောက်ချက်ချကြခြင်းဖြစ်သည်။
၎င်းဒေသခံများ၏နေရာများအား နေပြည်တော်တည်ဆောက်ရန် အတွက်သိမ်းပိုက်ခဲ့ပြီး ဝေးခံခေါင်သီသောနေရာများတွင် မြေယာများပြန်လည်ချပေးခဲ့သော်လည်း ၄င်းနေရာများတွင် ဒေသခံများအတွက် အသက်မွေးဝမ်းကျောင်းရန် ခက်ခဲသဖြင့် နေမြဲနေရာတွင်ဆက်လက် နေထိုင်နေသောသူများလည်း ရှိနေသေးသည်ဟုသိရသည်။
“အပူရှိန်မြင့်လို့လောင်တယ်ဆိုရင် တကယ်ပူတဲ့ အချိန်မှာမလောင်ဘဲ ညဘက်ကျမှ ဘာလို့လောင်ရတာလဲ။ ဒါကစဉ်းစားစရာဖြစ်နေတယ်”  
ဟု ၀န်ထမ်းအမျိုးသမီးကဆိုသည်။
သောကြာနေ့မနက် တစ်နာရီတွင်မီးငြိမ်းသွားခဲ့ပြီး ညဘက်တွင် ထပ်မံလောင်ကျွမ်း ခဲ့သည်ဟုသိရသည်။

မှုခင်းမြို့တော် နေပြည်တော်
နေပြည်တော်ကြက်ပြေးတွင် ဒုစရိုက်မှုခင်းများပေါများလာပြီး ပေါ်ပေါက်လာသော မှုခင်းများမှာလည်း တရားခံမပေါ်သောကြောင့် ၄င်းဒေသသို့သွားရောက် တာဝန်ထမ်းဆောင်နေရသော ၀န်ထမ်းများမှာ လုံခြုံမှုမရှိဟု ခံစားနေရကြောင်းသိရသည်။
ခိုးမှု၊ ရိုက်မှု များမှာမကြာခဏဖြစ်ပွားနေပြီး လူသတ်မှုများမှာလည်း တရားခံမပေါ်ကြောင်း ၄င်းဒေသတွင်တာဝန် ထမ်းဆောင်နေသော ကျမ်းမာရေးဝန်ကြီးဌာနမှာ ၀န်ထမ်းတစ်ဦးကပြောသည်။
ယခုနှစ်ဆန်းပိုင်းက ဒုတိယနှစ်ဂျီတီအိုင်ကျောင်းသားတစ်ဦး မျက်နှာတွင် စကေဗာဖြင့် အချက်ပေါင်းများစွာ ထိုးသတ်ခံခဲ့ရပြီး အလောင်းအားရဲစခန်းအနီးတွင် လာရောက်စွန့်ပစ်သွားသည်ဟုသိရသည်
သေဆုံးသူ၏မိဘများမှာ အိမ်ထောင်ကွဲနေပြီး ကျောင်းပိတ်ချိန်တွင် အမေထံသို့သွားရောက်နေထိုင်စဉ် အပိုဝင်ငွေရရှိစေရန်ဆိုင်ကယ် ကယ်ရီဆွဲရာမှ မြို့မဈေး အနီးတွင် စကားများရန်ဖြစ်ပြီး အသတ်ခံခဲ့ရခြင်းဖြစ်သည်။
၎င်းအမှုကို မိခင်ဖြစ်သူက ရဲစခန်းသို့သွားရောက် တိုင်ကြားခဲ့သော်လည်း အမှုသာဖွင့်ပေးပြီး တရားခံပေါ်ပေါက် စေရန်ထိရောက်သည့် မည်သည့်လုပ်ဆောင်မှုမျှမရှိဟု သေဆုံးသူနှင့် နီးစပ်သည့်အသိုင်းအ၀ိုင်းမှ ၀န်ထမ်းအမျိုးသမီး တစ်ဦးကပြောသည်။
“လုံခြုံရေးကို ကိုယ်တာ ကိုယ်လုံအောင်ထိန်း လို့ပြောတယ်။ ရဲစခန်းကိုလာတိုင်ရင် အမှုတော့ဖွင့်ပေးထားမယ်။ တရားခံလိုက်ဖမ်းဖို့ဆိုတာ ကိုယ့်စရိတ်ကိုယ်စားပြီး မလိုက်နိုင်ဘူးလို့ပြောတယ်။ နေပြည်တော်မှာလည်း ဟိုနားဒီနားသွားချင်ရင်တောင် ဆိုင်ကယ်ငှားနေရတော့ သူတို့လည်းအိတ်ကပ်ထဲက ပိုက်ဆံအကုန်မခံနိုင်ဘူး လို့ပြောတယ်”
 ဟု ၄င်းအမျိုးသမီးကပြောသည်။
နေပြည်တော်သို့ စတင်ပြောင်းရွှေ့အခြေချစဉ်က ၀န်ကြီးအိမ်များပင် အခိုးခံခဲ့ရသည်ဟုသိရသည်။ ပျဉ်းမနား ဒေသသည် ယခင်ကတည်းက စရိုက်ကြမ်းသည့် ဒေသအဖြစ် မြို့ခံများက ပြောဆိုကြပြီး လူသတ်မှု ၊ ရိုက်မှု လောင်းကစားမှုခင်းများ အခြားသော ဒေသများထက်များပြားသည့် ဒေသအဖြစ် ပျဉ်းမနားမြို့ခံများက ပြောဆိုကြသည်။  
(ဓာတ်ပုံများ – မိုးမခ – ဆောက်လုပ်ဆဲ ပြည်သူ့လွှတ်တော်အဆောက်အအုံကို ၂၀၀၈ က မြင်ခဲ့ရစဉ်။ နေပြည်တော်ရှိ လမ်းဆုံ – ကြာပန်းအ၀ိုင်းကို တွေ့ရစဉ်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts