>Maung Swan Yi – How much we love Saya U Tin Moe

>

ဖန်မီးအိမ်ကို ဘယ်လိုချစ်လိုက်ကြသလဲ

မောင်စွမ်းရည်
ဖေဖော်ဝါရီ ၁၈၊ ၂၀၁၀
          ဖန်မီးအိမ်စာပေချစ်သူများဆိုပြီး ဆန်ဖရန်စစ္စကို ဗမာစုက အဖွဲ့ကလေးတခု ကောက်ဖွဲ့ပြီး ချက်ခြင်းလှုပ်ရှားလိုက်ကြတယ်။ ဖန်မီးအိမ်ဆိုတာ သိကြတဲ့အတိုင်း ကဗျာဆရာတင်မိုးရဲ့ သင်္ကေတပါပဲ။ တင်မိုးရဲ့ စာပေကို ချစ်သူများက ဖန်မီးအိမ်စာပေ ချစ်သူများလို့ အဖွဲ့ကလေးတခု ဖွဲ့ပြီး တင်မိုးကွယ်လွန်တာ ၆ လမြောက် အောက်မေ့ဖွယ် အခမ်းအနားလေးလုပ်ပါတယ်။
ဖိတ်ကြားလို့ ရတတ်သမျှ တင်မိုးရဲ့ သူငယ်ချင်းမိတ်ဆွေများကို ဖိတ်ခေါ်စုစည်းပြီး စာပေဆွေးနွေးပွဲလေးတရပ် စီစဉ်ပါတယ်။ စီစဉ်တဲ့ အတိုင်းလဲ စည်ကားသိုက်မြိုက်စွာ အောင်မြင်ခဲ့ပါတယ်။
          ဖိတ်ကြားလို့ရတဲ့ စာရေးဆရာများကတော့ သက်ကြီးဝါကြီးပြည်ပရောက် စာရေးဆရာ ကြေးမုံဦးသောင်းရယ် တင်မိုးရဲ့သူငယ်ချင်းဝင်းဖေကြီး ၀င်းဖေငယ်(ဇော်ဝိတ်နဲ့ မောင်စွမ်းရည်) နှစ်ယောက်ရယ် သူ့ ချစ်ရဲဘော်လေး တင်မောင်သန်းရယ် ပါဝင်ပါတယ်။ သူတို့ဆီက စာမူတွေလဲ ကြိုတောင်းထားပြီး စာအုပ်ငယ်ကလေးတအုပ် ထုတ်ဖို့လဲ စီစဉ်ပါတယ်။ ပြည်သူချစ်အဆိုတော် မာမာအေးကလဲ သူ့အိမ်မှာ တင်မိုး မကွယ်လွန်ခင်ကလေးမှာ လာနေပြီး အတူသီချင်းဆို အတူဆေးလိပ်သောက်ခဲ့ကြတဲ့ အကြောင်းတွေကိုရေးပြီး ကြိုပို့ထားပြီးမှ အင်္ဂလန်ကိုထွက်သွားလို့ လူကိုယ်တိုင်တော့ မလာနိုင်တော့ပါဘူး။ စာရေးဆရာငါးယောက်နဲ့ တင်မိုးရဲ့ သမီးလေး စာရေးဆရာမကလေး မိုးချိုသင်းပါ အားလုံးခြောက်ယောက်ရေးထားတဲ့ အမှတ်တရ ဆောင်းပါးစု စာအုပ်ကလေးကလဲ အချိန်မီပြီးသွားပါတယ်။
          ဆန်ဖရန်စစ္စကိုက စာပေဟောပြောပွဲတွေမှာ အများအားဖြင့်ပွဲဝင်လက်မှတ်ရောင်းပါတယ်။ ဒီတခါတော့ ၀င်ခွင့်မရောင်းပဲ မုန့်ဟင်းခါးပါကျွေးပါတယ် (မိုးချိုသင်းမိသားစုကုသိုလ်ပါ – မိုးမခ)။ လူလဲတော်တော်စည်ကားပါတယ်။ တင်မိုးရဲ့ထုတ်ဝေပြီးသမျှ စာအုပ်တချို့ကိုလဲပြထားပါတယ်။
ဟောပြောခန်းအ၀င်မှာ စားပွဲရှည်ချထားပြီး စာရေးဆရာတွေကို ထိုင်ခိုင်းထားပါတယ် အဖွဲ့ကထုတ်ထားတဲ့ တင်မိုးအမှတ်တရစာအုပ်ကလေးကို အဲ့ဒီစားပွဲမှာတင်ရောင်းပါတယ်။ စာရေးဆရာတွေက လက်မှတ်ထိုးပေးပါတယ်။ ထူးထူးခြားခြားလေး စီစဉ်ထားတာမို့ စာအုပ်ကလေးကို တအုပ် တဆယ်နဲ့ ရောင်းတာ အတော်ရောင်းရပါတယ်။ ဒါကြောင့် စားရိတ်တွေအကုန်နှုတ်ပြီးတော့ ငွေအတော်ကျန်နေသေးတယ်လို့ သိလိုက်ရပါတယ်။
အဲ့ဒီငွေကို သူတိုဘာလုပ်ကြမလဲ။ အဲ့ဒီအချက်ကို ဖန်မီးအိမ်စာပေချစ်သူများက အသေအချာစဉ်းစားကြပါတယ်။ သူတို့က တင်မိုးရှိစဉ်က လုပ်ချင်ခဲ့တဲ့ ဆန္ဒတွေကို တင်မိုးရဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ တင်မိုးရဲ့ မိသားစုဆီကပါ မေးမြန်းစုဆောင်းခဲ့ကြပါတယ်။
          တင်မိုးငယ်စဉ်က ဘုန်းကြီးကျောင်းမှာ သင်ရိုးအတော်ကလေးပေါက်အောင် သင်ယူခဲ့ရတယ်။ ခေတ်စာတွေ(အပြင်စာတွေ)ဖတ်တာများလို့ သူ့တသက်တာ ရည်မှန်းချက်မှာ စာကြည့်တိုက် ထူထောင်ရေးဆိုတာ ရှေ့တန်းရောက်လာခဲ့ပါတယ်။ ဘုန်းကြီးက ထွက်စမှာ သူ့သူငယ်ချင်းတွေနဲ့ စုပြီး စာကြည့်တိုက်ထောင်ခဲ့တယ်။ တသက်လုံး စာကြည့်တိုက်ကို စိတ်ဝင်စားခဲ့ပါတယ်။
ဒုတိယ သူ့ဆန္ဒတခုက စာသင်ဝါသနာပါပြီး တသက်လုံး စာသင်လာတာဆိုတော့ စာသင်ကျောင်းတွေ ထူထောင်တာကို အလွန်လုပ်ချင်ပါတယ် သူ့ဇနီးကဆိုရင် တသက်လုံး မူကြိုကျောင်းကလေး ဖွင့်လှစ်သင်ကြားပို့ချသွားခဲ့ပါတယ် “အမေ့ကျောင်း” တဲ့။
          နောက်ဆန္ဒတခုကတော့ သူ့ရဲ့ထောင်ကျခဲ့ရတဲ့ အတွေ့အကြုံနဲ့ ပတ်သက်ပါတယ်။ သူထောင်ကျတော့ ကျန်ရစ်တဲ့ သားသမီးတွေအတွက် သောကရောက်ရပါတယ်။  သူနဲ့အတူ ထောင်ကျဖက် ရဲဘော်တွေရဲ့ မိသားစုတွေ ကသီလင်တဖြစ်ကြရတာကိုလဲ သိရှိရလို့ စိတ်မကောင်းဖြစ်ရပြီး စာနာခဲ့ပါတယ်။ ဖြစ်နိုင်ရင် ထောင်ကျရဲဘော်တွေရဲ့ သားသမီးတွေကို ကူညီ ထောက်ပံ့ချင်လှပါတယ်။
ဒါ့ကြောင့် ဖန်မီးအိမ်စာပေချစ်သူများ အဖွဲ့ကလေးကရလာတဲ့ ငွေပိုငွေလျှံကလေးကို လတ်တလော ပြည်တွင်းအခြေအနေနဲ့ ကိုက်ညီတာတခုကို ဦးစားပေးရွေးလိုက်ကြပါတယ်။
အဲ့ဒါကတော့ ပြည်တွင်းမှာ စစ်အစိုးရဆန့်ကျင်ရေးအတွက် ဗြောင်ရော လျှို့ဝှက်ပြီးရော ဆန့်ကျင်ခဲ့ကြလို့ နှစ်အတော်ကြာအောင် ထောင်ကျ အနှိပ်စက်ခံခဲ့ရတဲ့ စာရေးဆရာတချို့ကို ရွေးပြီးဂုဏ်ပြုဖို့ပါပဲ။ ဂုဏ်ပြုရမယ့် စာရေးဆရာတွေရော ကျောင်းသားတွေရော ဆိုတာကတော့ အများကြီးပါပဲ အဲ့ဒီထဲကမှ သူတို့မိသားစု အခြေအနေပါကြည့်ပြီး ဆုံးဖြစ်ကြတာပါ။
          စစ်အာဏာရှင် ဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီရရှိရေးမှာ ရှေ့တန်းက ပါခဲ့ကြပြီး ထောင်နှစ်ရှည်ကျခဲ့ကြတဲ့ စာရေးဆရာတွေထဲက တင်မိုးရဲ့ရဲဘော် ကဗျာဆရာ သုံးယောက်ကို ရွေးလိုက်ပါတယ်။  သူတို့ကတော့ မောင်အောင်ပွင့် မုံရွာအောင်ရှင်နဲ့ ဖျာပုံနီလုံဦးတို့ ဖြစ်ပါတယ်။
မောင်အောင်ပွင့်ကတော့ နယူးယောက်က သတင်းစာဆရာအဖွဲ့တဖွဲ့ကပေးတဲ့ ဆုတဆုတောင်ရဖူးပါတယ်။ သူတို့ကဗျာရေးကြတာ နှစ်ပေါင်းသုံးဆယ်လောက်စီ ကြာပြီထင်ပါတယ်။ မောင်အောင်ပွင့်ကတော့ မင်းသုဝဏ်  ဒေါ်ခင်မျိုးချစ်တို့က အစ ကြည်အောင် ကိုလေးတို့ အထိ သူတို့ဘ၀လှုပ်ရှားမှုတွေကို တွေ့ဆုံမေးမြန်းပြီး ရုပ်ရှင်မှတ်တမ်းတင်တာပါ။ ဗွီဒီယိုပေါ့။
 မုံရွာအောင်ရှင်ကတော့ မုံရွာက အမြဲစိမ်းအဖွဲ့ရော၊ မုံရွာတင်ရွှေတို့နဲ့ရော အများကြီးဆက်စပ်လှုပ်ရှားရင်း ထောင်ကျသွားခဲ့သူပါ။
ဖျာပုံနီလုံဦးကတော့ အဖွဲ့ချူပ်နိုင်ငံရေးသမား အဖြစ်ပါ လှုပ်ရှားခဲ့လို့ ခဏခဏ အဖမ်းခံရ အရေးယူခံရဖူးသူပါ။ ဒါကြောင့် သူတို့သုံးဦးကို မြန်မာကျပ်ငွေ နှစ်သိန်းစီ တင်မိုးရဲ့ ဖန်မီးအိမ်အနေနဲ့ ဂုဏ်ပြုပေးပို့လိုက်ပါတယ်တဲ့။
          ဒီလိုဖန်မီးအိမ်ဆု တတ်နိုင်သလောက်ခြီးမြှင့်တာဟာ ရှေ့ပြေးပါ။ ဂျပန်မှာရှိတဲ့ ဖန်မီးအိမ် ဖေါင်ဒေးရှင်းကလဲ တင်မိုးရဲ့ဆန္ဒနဲ့အညီ လှုပ်ရှားကြဖို့စီစဉ်နေပါတယ် ဆန်ဖရန်စစ္စကိုက ဖန်မီးအိမ်စာပေချစ်သူများကလဲ ဆက်လက်လှုပ်ရှားသွားကြဦးမှာပါ။
ဒါတင်မက ဆန်ဖရန်စစ္စကိုမှာ ဖန်မီးအိမ်စာပေချစ်သူများရော မိုးမခရုပ်သံ စာနယ်ဇင်းအဖွဲ့သားတွေရော ပါဝင်တဲ့ အရေးပေါ် ရန်ပုံငွေရှာဖွေစုဆောင်းရေး အဖွဲ့လေးတခုက ပြည်တွင်းမှာ လောလောဆယ်လှုပ်ရှားနေရတဲ့ သံဃာတော်တွေ စာရေးဆရာတွေနဲ့ ရုပ်ရှင်သရုပ်ဆောင်တွေ အဆိုတော်တွေ စသဖြင့် တက်ကြွလှုပ်ရှားနေကြသူတွေကိုလဲ ဂုဏ်ပြုပေးပို့ကြဖို့ ဆက်လက်လှုပ်ရှားနေကြတာကို အားကျဂုဏ်ယူစရာ ကြားသိနေရပါတယ်။
တခြားမြို့ကြီးတွေက အဲ့သလိုလှုပ်ရှားနေကြတာ သိပ်မတွေ့ရသေးပါဘူး။ ပြည်ပမှာ ဗမာတွေက ပြည်တွင်းကလှုပ်ရှားကြတာတွေကို ရုပ်သံသတင်းတွေမှာ မပြတ်ကြည့်ရှု့ ဖတ်ကြားပြီး အားရတက်ကြွနေကြပါတယ်။ တက်ကြွပြီး လက်က ပါအောင်လဲ အားထုတ်ကြရပါတယ်။ ဒီကပွဲမှာဖြင့် ပြည်တွင်းပြည်ပ ဟန်ချက်ညီညီ နည်းမျိုးစုံနဲ့ လှုပ်ရှားကြဖို့ အချိန်ရောက်နေပါပြီ။ အချိန်နဲ့ ဒီရေဟာ လူကိုမစောင့်ပါ။ အချိန်ဟာ နှစ်ခါမလာပါ။ ငါမပါလိုက်ရ မရှိအောင် စုစည်းလှုပ်ရှား ကြပါစို့။

၂၀၀၇ စက်တင်ဘာ ၂၄
(မိုးမခ မှတ်ချက် – ဆရာမောင်စွမ်းရည်က ၂၀၀၇ – သံဃာ့အရေးအခင်းကာလမှာ အမှတ်တရရေးခဲ့တဲ့ စာမူပါ။ အကြောင်းအကြောင်းကြောင့် ယခုမှ ဖော်ပြလိုက်ပါတယ်။ )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts