>မဂ္ဂင်ကျောင်း ဆရာတော် ဦးနန္ဒယ (သက်တော် ၈၀) ကို ပြည်သူများက ၀ိုင်းရံပေးရန်လို

>

မဂ္ဂင်ကျောင်း ဆရာတော် ဦးနန္ဒယ (သက်တော် ၈၀) ကို ပြည်သူများက ၀ိုင်းရံပေးရန်လို
မိုးမခ (ရန်ကုန်)

ဒီဇင်ဘာ ၁၈၊ ၂၀၀၇

မဂ္ဂင်ကျောင်းကို စစ်အစိုးရက မတရားပိတ်ပစ်ခဲ့သည်ကို ရုပ်သံမှတ်တမ်း ရိုက်ကူးရန် ကြိုးစားသူများ ဖမ်းဆီးခံရသည် ဟု ကြားသိရသည်။ ထိုသို့ စွပ်စွဲပြီး အဖမ်းခံရသူများမှာ ဦးရေ ၂၀ ကျော် ရှိပြီး၊ အောင်ကြီး နှင့် မြတ်စံ ဆိုသူ ၂ ဦး ပါဝင်သည်ဟု မျက်မြင်တချို့က ပြောကြားသည်။

ကြံ့ဖွံ့ နှင့် စွမ်းအားရှင် စသည့် စစ်တပ် လက်ပါးစေများက ဆရာတော်ကြီးကို ရန်ကုန်နှင့် ၅ မိုင်အကွာ၊ တောင်တွင်းကြီး မြို့သစ်၊ ကျောင်းကုန်းကျောင်း သို့ အငှားယာဉ်ဖြင့် မပို့ပေးမီ အချိန်အထိ၊ မဂ္ဂင်ကျောင်းအနီးရှိ မီးကင်းတဲတွင် ဆရာတော်ကြီးက ၃ ရက် ကျော် သီတင်းသုံးခဲ့ရသည် ဆိုပါသည်။ ကျန်ကိုယ်တော်များကို မိမိတို့ ရပ်ရွာများသို့ အတင်းအကြပ် ပြန်ပို့ပြီး ဖြစ်သည်။

ရပ်ကွက်က လူများက ပစ္စည်း ၄ ပါး ကပ်ကြသော်လည်း ကြံ့ဖွံ့များက ခြိန်းခြောက် တားမြစ် ကြကြောင်း၊ မှတ်ပုံတင် မိတ္တူများ ပေးထားရန် တောင်းကြောင်း၊ ဆရာတော်က ကြံ့ဖွံ့များ ကပ်သည့် ဆွမ်းကို မဘုန်းကြောင်း၊ ထိုသို့ နှိပ်ကွပ်မှုကို အနီးကပ် ညွှန်ကြားသူမှာ – စအဖ (စစ်ဖက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့) နှင့် တိုင်းမှူး လှဌေးဝင်း ဖြစ်ကြောင်း သိရသည်။ ယခုအချိန်တွင် ဆရာတော်ကြီးက ဆေးဝါးများ လိုအပ်နေသည်ဟု မိန့်သဖြင့် ကျန်းမာရေး ထိခိုက်နေပုံရပါသည်။

ငွေကြာယံ ဘုန်းကြီးကျောင်းကိုလည်း ယခုအချိန်ထိ ပိတ်ဆို့ထားဆဲ ဖြစ်ပြီး၊ ပြန်လည်ရောက်ရှိလာသော ဆရာတော်ကြီး နှင့်တကွ သံဃာများကို ဆက်သွယ်ရန် ခက်ခဲနေဆဲဖြစ်သည်။ ကျောင်းတိုက်ကို ဖြတ်တောက်ပြီင်္း လမ်းချဲ့ခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်း နှင့် ပိတ်ပင်ခြင်းအထိ ဖြစ်နိုင်သည်ဟု သတင်းလည်း ထွက်နေသည်။ အမရပူရ မဟာဂန္ဓာရုံကျောင်းတိုက်တွင်လည်း စစ်တပ် အလိုတော်ရိ ရုပ်ရှင်အဖွဲ့သားများက စစ်တပ်ဝါဒဖြန့် မှတ်တမ်းရုပ်ရှင် ရိုက်ကူးရန် ကြိုးစားသဖြင့် ကျောင်းတိုက်က လက်မခံဟု သိရသည်။ ရုပ်ရှင်အဖွဲ့ကို ဦးဆောင်သူမှာ စင်ရော် မောင်မောင် ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts