>Mar Mar Aye – 297

> ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ် အမှတ် ၂၉၇

နာဂဆဒ္ဒန် နှင့် ဖူးပွေ့လက်တင်
မာမာအေး
ဒီဇင်ဘာ ၅၊ ၂ဝဝ၉

သောတရှင်များ ကျန်းမာတော်မူကြပါစ ရှင်၊

မာအေး ချစ်တဲ့ သောတရှင်တွေ ဂီတ ဝါသနာရှင်တွေ အားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေ လို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ – ရှေ့မှာ လှိုင်ထိပ်ခေါင်တင် သခင်မ အရှင်က အဝင်အကြွ မလန်းတာကြောင့် မလန်းမရွှင် ဘောလယ်စာကို ထွင်သစ် ရေးခြယ် သဘောလယ်စေတဲ့ အကြောင်း ရှေးလူဟောင်းတို့ ပြောစမှတ် ရှိခဲ့တယ်၊ နောက် – ‘နာဂဆဒ္ဒန်ဘောလယ်’ ဟာလည်း စိန်ခြူးကြာညောင်ဘောလယ် ပြီးရင် ထင်ရှား ပေါ်လွင်တယ်၊ ဘာဖြစ်လို့ ဒီဘောလယ်ကို သခင်မ ရေးဖြစ်တာလဲ ဆိုတာကိုတော့ ဒီနေ့ပြောမယ်လို့ ပြောထားခဲ့တဲ့အတိုင်း ဆက်ကြတာပေါ့နော်။

မာအေးတို့ ချစ်ဆွေတို့လို မိသားစု အိမ်ထောင်ရှင်တွေမှာ ကတောက်ကဆ ဘောက်ကျတာတွေ၊ လင်နဲ့မယား လျှာနဲ့သွား အဖြစ်တွေ ရှိကြသလို မင်းတရားကြီးတို့ မင်းမျိုးမင်းဆွေ နန်းတွင်းနေတို့်မှာလည်း ရှိတဲ့အကြောင်း အထောက်အထားကောင်းလေးတခုလိုပလည်း တေးထားခိုင်းတဲ့ ဖြစ်ရပ်ကလေးပါရှင်။

မာအေးတို့ ချစ်ဆွေတို့လို မိသားစု အိမ်ထောင်ရှင်တွေမှာ ကတောက်ကဆ ဘောက်ကျတာတွေ၊ လင်နဲ့မယား လျှာနဲ့သွား အဖြစ်တွေ ရှိကြသလို၊ မင်းတရားကြီးတို့ မင်းမျိုး မင်းဆွေ နန်းတွင်းနေတို့မှာလဲ ရှိတဲ့အကြောင်း အထောက်အထား ကောင်းလေး တခုလို့လည်း တေးထားနိုင်တဲ့ ဖြစ်ရပ်ကလေးပါရှင်။

ဟိုတနေ့ကပဲ ကနောင်မင်းသားကြီးမှာ သားတော်၊ သမီးတော်၊ မြေးတော်ပေါင်း ၁၄၄ ယောက် စာရင်းပေါက်တယ်လို့ ပြောပြီးပါပြီ။ ကနောင်အိမ်ရှေ့စံ မင်းသားနဲ့ အိမ်ရှေ့မိဖုရား လှိုင်ထိပ်ခေါင်တင်တို့မှာ ထွန်းကားတဲ့ ရင်သွေး သားတော် ၂ ပါး၊ တပါးက ငယ်စဉ်မှာပဲ ပျက်စီးခဲ့ပြီးတော့ ထန်းတပင်မင်းသား တပါးသာ လူလားမြောက်ခဲ့ပါတယ်ရှင်၊ သမီးတော် မပါခဲ့ပါဘူး။ ကနောင်မင်းသားကြီးရဲ့ တခြား မိဖုရားကြီး၊ မိဖုရားငယ်၊ ကိုယ်လုပ်တော်တွေမှာတော့ သမီးတော်တွေ ထွန်းကားပါတယ်ရှင်။ ကုန်းဘောင်ဆက် ရာဇဝင်တော်ကြီး တတိယတွဲစာအုပ်မှာ တချို့သော အိမ်ရှေ့စံရဲ့ သမီးတော်တွေကို ဓာတ်ပုံနဲ့တကွ ဖော်ပြထားတာ တွေ့ရပါတယ်ရှင်။

‘နာဂဆဒ္ဒန်’ ဘောလယ်ရဲ့ အကြောင်းရင်းခံကို ပြောရမယ်ဆိုရင် တနေ့သောအခါက လှိုင်မဖျား စံစားတော်မူတဲ့ အိမ်ရှေ့ဆောင် အိမ်တော်ကို စပယ်ဆီမွှေး တဦးသော ကနောင့်သမီးတော်လေးအတွက် အလိုရှိလို့ အတောင်းလွှတ်တာကြောင့် ပေးလိုက်ပါသတဲ့။ အဲဒီ သမီးတော်က သုံးမယ် ကြံလို့ ဖွင့်လိုက်တဲ့အခါ စပယ်ဆီ ရွှေခွက်ထဲမှာ ကူးယက်နေတဲ့ ပိုးကလေးတကောင် အတွေ့ – အမေ့ဆို တက်ချက်၊ အသက်ထွက်တော့မလို မိန်းမော – ‘အမေ မဟုတ်လို့ပေါ့’ ဆိုတာမျိုး သွေးထိုး ချေချောက်၊ ကနောင်မင်းနားတော် ရောက်တဲ့အခါ သွားဆူကောင်း ဆူပေမှာပေါ့နော။

‘ဣန္ဒာဝံသ’ ထဲက လှိုင်ဖန်ထားတဲ့ မင်းသမီးလေးလို မာန်ကြီးတာမျိုး လှိုင်က ချိုးမယ် ဆိုရင် မာအေးတို့ လှိုင်ထိပ်ထားဟာ နှုတ်လှန် ချေပမယ့်သူပဲ။ ရွှေဘိုမင်းရဲ့ သမီးလည်း ဖြစ်တယ်၊ ခု နန်းတက်နေတဲ့ မင်းတုန်းမင်းထီးဘုရင်ရဲ့ မဟေသီ ဒေဝီခေါင်ချုပ်က မွေးစားထားတဲ့ ပင်တိုင်စံ မင်းသမီးလေးလည်း ဖြစ်တယ်။

မင်းတုန်းဘုရင်မင်းမြတ်နဲ့ ဆွေမျိုးစပ်ကြည့်မယ်ဆိုရင်လည်း လှိုင်သခင်မလေးနဲ့ မောင်နှမ တော်တယ်။ မွေးစားဖခင်ဖြစ်တယ်။ ခဲအိုတော်လည်း ဖြစ်နေပြန်တယ်ဆိုတော့ကာ အရပ်စကားရိုးရိုးနဲ့ ပြောကြည့် လှိုင်ကလေးက သည်းခံမယ် မထင်ဘူး။ ကနောင်မင်းကလည်း ဒါကြောင့်မို့ပဲ ဓားဆွဲ ဘာဆွဲ ဒေါသကဲတာ နေမှာပါ။ လှိုင်ကလည်း ဖြစ်တုန်းကတော့ ဖြစ်ပြီး သူ့ကဗျာ ဘောလယ် စာခြယ်တဲ့အခါ ဒေါသရိပ်ကို မတွေ့ရပါဘူး။ ပြည်တန်တဲ့ စိန်ရွှေ အရိုးတတ်ထားတဲ့ သီလဝင် လက်သုံးတော်ဓားနဲ့ ပိုင်းသတ်ဖို့ ကြံပါတယ်။ ရာဇဂုဏ် မောက်တော်မူပါတယ် တဲ့။ နောက်ဆုံးကျတော့ ‘တကယ်မုန်းတော့မလား’ လို့ မေးသေးတယ်ရှင့်။ အသက်လည်း ဆယ်ပြန် ပေးဦးမယ် တဲ့။ နားထောင်ထားပါလား။

နာဂဆဒ္ဒန်၊ သန္ဓေမှန်နှစ်ပေပ၊ ချိန်မူးစစ် တိမ်တိုက်စံ၊ စက်သွားသီလဝင်၊ စိန်ရွှေရိုးငယ်လေး၊ ဘိုးပြည်ထိုက်တန် xxx ရွှေကိုယ်တော်ဘုန်းမှာလ၊ လက်သုံးတော်မှန် မချွင်းချန်ပါနှင့်၊ ရာသက်ပန်ပေါင်း၊ မြတ်ဉာဏ်ယူလောင်းပါလို့ ဆုတောင်းပါတယ်၊ ရာဇဂုဏ်မာန်၊ ကြိမ်ကြိမ်ထပ်တယ်လေး၊ ပိုင်းသတ်မယ့်ရွယ် xxx

လှိုင်မင်းသမီးရဲ့ ဒီ ဘောလယ်သီချင်းကလေးကို ကြားတော့ – အများကို တိုင်တည်ခဲ့လေသလားလို့ မာအေး တွေးဖူးပါတယ်ရှင်။ သူ့မွေးစားဖခင် ဘုရင် မင်းတုန်းကြီးဆီကိုလည်း သခင်မက ဘောလယ် ရေးသွင်းခဲ့တာ ရှိနေလို့ပေါ့။ စာမှာ ‘တကိုယ်ရေးငယ်မို့ ဆွေးတဲ့သူ၊ ဖော်ဝေးရှာသူလို့ မှတ်ယူမထား၊ လျှပ်နှယ် စိန်သားရယ်နှင့်၊ စက်သွားတော်လှုံ၊ ပိုက်ထွေးမလုံ၊ သည်ဗွေရိပ်မှာလေး၊ သဲထပ်လို့တုံ တဲ့၊ ဖေကြီးရေ – လျှပ်စီးကပြက်၊ မိုးကြိုးစက်နဲ့ ကြင်သက် ဖော်ဝေး သမီးလေးတယောက်ထဲမို့ ရွှေသဲတုံပါတယ်ဘုရား’ လို့ လျှောက်ထားလိုက်တာနဲ့ ဘာခြားတော့လို့လဲ၊ သွယ်ဝိုက် တိုင်လိုက်တာမျိုးပါပဲ။

ကဗျာတွေ စာတွေကတော့ ချောလို့ပါပဲရှင်။ နည်းနည်း ကဲကြည့်လိုက်တော့ သခင်မက စိတ်မပြေလို့ ရှောင်နေဟန် တူတာပဲရှင်။ ကနောင် ကိုယ်တော်ကြီး ချစ်ဒုက္ခ ‘မောင်မောင်ဘ’ လို့ ခေါ်တဲ့ မြင်းစာရေးကြီးရဲ့ ညီတော်သူက စာကူ ရေးသား အသနားခံတဲ့ ဘောလယ် ပေါ်ခဲ့ပြန်ပါတယ်ရှင်။ နာဂဆဒ္ဒန်ဘောလယ်ထဲက သခင်မ ထင်တာတွေဟာ မဟုတ်ပါဘူး၊ နေ့တိုင်း တွေ့ချင်လွန်းလို့ ဆွေးတာတွေရော၊ ဓားကိုလည်း ယောင်ပြီးတော့ ကိုင်မိတာပါ ဆိုတာတွေရော၊ သံစုံနှောချော့ရရှာတဲ့ ဘောလယ်သီချင်းကို “ဖူးပွေ့လက်တင်” လို့ ခေါ်ကြပါတယ်ရှင်။

အဲဒီ ဘောလယ်ကို ကနောင်မင်းသား ကိုယ်တော်တိုင် မရေးသားနိုင်လို့ ကြားလူက ကူရေးတာဖြစ်ပေမယ့်လို့ အကြောင်းသိရင်း ရှိတဲ့အတွက် အများကြိုက်တဲ့ သီချင်းထဲမှာ ပါခဲ့ပြန်ပါတယ်။ ကဲ – ချစ်ဆွေတို့ရေ ဒီကနေ့တော့ အချိန် ကုန်သွားလို့ နောက်တပတ်ကို မျှော်ပေဦးတော့နော်။ ။


[ မူရင်း – BBC အသံလွှင့်ဌာန၊ မြန်မာပိုင်း အစီအစဉ် www.bbcburmese.com]

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts