>Thakhin Phoe Hla Gyi

> နိုင်ငံရေးနဲ့ စာပေအနုပညာ (၄၉)

သခင်ဘိုးလှကြီး၏ နိုင်ငံရေးအမြင်
ထိန်လင်း
ဒီဇင်ဘာ ၆၊ ၂ဝဝ၉
စာပေအနုပညာရှင်တွေရဲ့ နိုင်ငံရေးစာပေတွေဟာ နိုင်ငံရေးဗဟုသုတတွေ၊ ခေတ်ပုံရိပ်တွေကို ထင်ဟပ်စေသလို နိုင်ငံရေးသမားများ ရေးသားတဲ့ စာပေတွေမှာလည်း သူတို့ရဲ့ အတွေးအခေါ် အယူအဆတွေကို တွေ့ရှိနိုင်ပါတယ်။ အထူးသဖြင့် သက်ဆိုင်ရာခေတ်ကို မမီလိုက်လို့ နိုင်ငံရေးနယ်ပယ်က လူပုဂ္ဂိုလ်တွေရဲ့ ပုံရိပ်တွေကို မမှန်းဆနိုင်သူတွေအတွက် အဲဒီပုဂ္ဂိုလ်တွေ ရေးသားခဲ့တဲ့ နိုင်ငံရေးစာပေတွေကတဆင့် မှန်းဆ ပုံဖော်နိုင်ပါလိမ့်မယ်။

၁၃ဝဝ ပြည့်အရေးတော်ပုံကြီးဟာ မြန်မာ့လွတ်လပ်ရေးလှုပ်ရှားမှုမှာ အကြီးကျယ်ဆုံး လူထုလှုပ်ရှားမှုကြီး ဖြစ်ပါတယ်။ ဒါဟာ မြန်မာ့သမိုင်းစာမျက်နှာထဲမှာ ကြီးမားတဲ့မှတ်တိုင်ကြီးတစ်ခုလည်းဖြစ်ပါတယ်။ ဒီအရေးတော်ပုံက နယ်ချဲ့အစိုးရကို တုန်လှုပ်စေခဲ့သလို၊ ထင်ရှားတဲ့နိုင်ငံရေးခေါင်းဆောင်တွေလည်း ထွက်ပေါ်စေခဲ့ပါတယ်။ အဲဒီ ခေါင်းဆောင်တွေထဲက ထင်ရှားသူတစ်ဦးကတော့ အာဠာဝက သခင်ဘိုးလှကြီး ဖြစ်ပါတယ်။ သခင်ဘိုးလှကြီးဟာ ရေနံမြေအလုပ်သမားတစ်ဦးဖြစ်ပြီး ရေနံမြေ တို့ဗမာအစည်းအရုံးအဖွဲ့ဝင် သခင်တစ်ဦးလည်းဖြစ်ပါတယ်။ ရန်ကုန်ကို ချီတက်တဲ့ ရေနံမြေသပိတ်တပ်ကြီးကို ခေါင်းဆောင်ခဲ့သူဖြစ်တဲ့အပြင် အဟောအပြော အဆူအပူမှာ သူမတူအောင် ကောင်းသူဖြစ်တယ်လို့ သိရပါတယ်။ ရေနံချောင်း၊ ချောက်၊ သံလျင် တို့မှာရှိတဲ့ အလုပ်သမားများနဲ့ ဗဟို တို့ဗမာအစည်းအရုံးက ခေါင်းဆောင်တွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ ရေနံမြေ-တို့ဗမာ အလုပ်သမားအစည်းအရုံးရဲ့ ချောက်ရေနံမြေ အလုပ်သမားခေါင်းဆောင် ၁ဝ ဦးမှာလည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်။

သခင်ဘိုးလှကြီးရဲ့ အတ္ထုပ္ပတ္တိနဲ့ပတ်သက်လို့ အသေးစိတ်မသိရပေမယ့် ၁၃ဝဝ ပြည့်အရေးတော်ပုံအတွင်း ရေးသား ထုတ်ဝေခဲ့တဲ့ ‘သပိတ်စစ်ပွဲ’ဆိုတဲ့ စာအုပ်ကို ဖတ်ရင်တော့ သခင်ဘိုးလှကြီးရဲ့ စာပေအရေးအသားနဲ့ နိုင်ငံရေးအယူအဆတွေကို တွေ့နိုင်မှာဖြစ်ပါတယ်။ ‘သပိတ်စစ်ပွဲ’ စာအုပ်ကို ရန်ကုန်မြို့ မြန်မာ့ရုပ်ရှင် စာပုံနှိပ်တိုက်က ရိုက်နှိပ်ခဲ့တာဖြစ်ပြီး ရေနံမြေတို့ဗမာ အလုပ်သမားအစည်းအရုံးကြီးက ဖြန့်ချိခဲ့တာဖြစ်ပါတယ်။

‘သပိတ်စစ်ပွဲ’စာအုပ်မှာ စာမျက်နှာ ၉၆ မျက်နှာ ပါဝင်ပြီး ‘ရေနံမြေအလုပ်သမားများအတွက် သခင် ကိုယ်တော်မှိုင်းက တိုင်းနေပြည်သူ ရှင်လူအပေါင်းတို့ထံ မေတ္တာရပ်ခံခြင်း’ဆိုတဲ့ ၁၃ဝဝ ပြည့် ဝါဆိုလပြည့်ကျော် ၆ ရက်နေ့စွဲနဲ့ ရေးသားထားတဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ပန်ကြားစာ၊ စစ်တွေမြို့ထုတ် ဒို့လက်ရုံးသတင်းစာကနေ ကောက်နုတ်ဖော်ပြထားတဲ့ ရေနံချောင်း ရေနံမြေအလုပ်သမား ခေါင်းဆောင် သခင်လှိုင်ရဲ့ ‘ရေနံမြေအရေးတော်ပုံ’ဆိုတဲ့ ဆောင်းပါးတို့ကိုလည်း ထည့်သွင်းပုံနှိပ်ထားပါတယ်။

‘သပိတ်စစ်ပွဲ’စာအုပ်မှာ အလုပ်သမားတွေ၊ ဆင်းရဲသားတွေက ဓနရှင်တွေ၊ အုပ်ချုပ်သူတွေကို အနိုင်ယူဖို့ သခင်ဘိုးလှကြီးက တိုက်တွန်းရေးသားခဲ့ပါတယ်။ ဒီလို ရေးသားတဲ့အခါ ကိန်းဂဏန်း အကိုးအကားတွေကိုလည်း လိုအပ်တဲ့နေရာမှာ အထောက်အထားအဖြစ် ထည့်သွင်းဖော်ပြထားပါတယ်။ ဒီစာ ရေးသားရခြင်း ရည်ရွယ်ချက်ကို စာအုပ်ရဲ့နိဒါန်းမှာ

“အင်အားကြီးမားလှသော ကြီးနိုင်ငယ်ညှဉ်း ဓနရှင် သူခိုးသူဝှက်ဓားပြကြီးများနှင့် အင်အားချည့်နဲ့လှသော ဆင်းရဲသား နင်းပြားတို့ဘက်ကသာ အောင်မြင် အနိုင်ရစေလိုခြင်း စေတနာစိတ်ထားရင်းတို့ဖြင့် အဓိက ရည်ရွယ်ရေးသားရခြင်းဖြစ်ပေ၏” လို့ သခင်ဘိုးလှကြီးက ရေးသားခဲ့ပါတယ်။ ဒီအမှာစာမှာပဲ ကွဲပြားတဲ့ လူတန်းစား ၂ ရပ်မှာ ဘယ်ဘက်ကနေ ရပ်တည် ရေးသားထားတယ်ဆိုတာ ပေါ်လွင်စေပါတယ်။

နိုင်ငံရေးနဲ့ပတ်သက်တဲ့အယူအဆကိုတော့ ‘နိုင်ငံရေးသဘော’ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ

“နိုင်ငံရေးသည် စီးပွားရေးအစစ်ကြီးဖြစ်၏။ နိုင်ငံရေးဥပဒေသည် အုပ်ချုပ်သူလူစု စီးပွားတိုးတက်သည်ထက် တိုးတက်လာအောင် လိုက်လျော၍ညွှန်ကြားသော ပညတ်ဖြစ်၏။ နိုင်ငံရေးနှင့်စီးပွားရေးတို့သည် ခွဲခြား၍ရအပ်သော အရာမျိုးမဟုတ်။ အဆွေတို့ … ငါတို့ဗမာပြည်ကြီး လွတ်လပ်အောင် ဆောင်ရွက်သည့်လုပ်ငန်း အဓိပ္ပာယ်ကို အတိုဆုံး အကျဉ်းရုံး၍ ပြောရလျှင် ငွေကုဋေပေါင်း ၁၆ဝ ခန့် တန်ဖိုးရှိသည့် ဗမာပြည်၏ ထွက်ကုန်ပစ္စည်းတို့ကို ဗမာဆင်းရဲသားတို့၏ လက်တွင်းသို့ ပြန်ရအောင်လုပ်သော လုပ်ငန်းကြီးတည်း။” လို့ တွေ့ရပါတယ်။

ဓနရှင်တွေက ကောက်ပဲသီးနှံ၊ ရေနံသတ္တု၊ စပါးဆန်ရေ ရွှေငွေရတနာနဲ့ ကျွန်းသစ် ဝါဂွမ်းတို့ အလွယ်တကူ သယ်ယူဖို့ ကားလမ်း ရထားလမ်းတွေ၊ တံတားတွေ ဖောက်တဲ့အခါ ချောင်းမြောင်းတွေကို ကာဆီးပိတ်ဆို့တာတွေ ပြုလုပ်တဲ့အတွက် မြန်မာတပြည်လုံး နှစ်စဉ်ရေကြီးရပုံ၊ မြစ်ရိုးချောင်းရိုးတွေ ပိတ်ဆို့ရာကနေ ငှက်ဖျားရောဂါ ထူထပ်လာပုံ၊ အုပ်ချုပ်သူတွေက လုပ်ပိုင်ခွင့်နဲ့ အခွင့်အရေးတွေကို မတန်တဆ ရနေသလောက် ပြည်သူတွေက ချို့တဲ့ဆင်းရဲလှပုံ၊ ခေတ်ဆိုးခေတ်ပျက်ကြောင့် မြန်မာမိန်းကလေးတွေ ကိုယ်ကျင့်တရား ပျက်စီးနေရပုံ စသဖြင့် ပြည်သူတွေရင်ဆိုင်နေရတဲ့ အနေအထားတွေကို ရေးသားထားပါတယ်။

တချို့သောအကြောင်းအရာတွေကို ရေးသားတဲ့အခါ သခင်ဘိုးလှကြီးက မှတ်မိလွယ်တဲ့ ဥပမာတွေနဲ့ ရှင်းလင်းအောင် ရေးသားထားတာလည်းတွေရပါတယ်။ ဥပမာအားဖြင့် ကိုယ့်တိုင်းပြည်မှာ နေထိုင်ရင်း အကျိုးစီးပွား မခံစားရတဲ့အဖြစ်ကို ‘ပါးစပ်တွင် ချင်းအစွပ်ခံရသော ကျွဲနွားများကဲ့သို့’ဖြစ်နေတယ်လို့ ရေးထားသလို၊ အလုပ်သမားတွေကို မတန်တဆ ခိုင်းစေတာနဲ့ပတ်သက်လို့ ရေးသားရာမှာလည်း ‘ခေါင်းတစ်လုံးနှင့် ရေအိုး ၂ လုံး ရွက်သကဲ့သို့’လို့ ခိုင်းနှိုင်းဖော်ပြထားပါတယ်။ အုပ်စိုးသူအဆင့်ဆင့် မကောင်းတဲ့ခေတ် ဖြစ်ရပုံကိုလည်း ‘မင်းလည်းမကောင်း မင်းမျှောင်လည်း ဆိုးသောစနစ်’လို့ သုံးနှုန်းထားပါတယ်။

တကယ်တော့ ကိုလိုနီရဲ့ အမွေဆိုးဆိုတာတွေကို အာဏာရှင်တွေ ကင်ပွန်းတပ်သလို နိုင်ငံရေးလှုပ်ရှားသူ အတိုက်အခံအင်အားစုများက ဆက်ခံတာမဟုတ်ဘဲ အာဏာရှင်တွေကသာ ဆက်ခံကြတာဖြစ်ပါတယ်။ အဓိက ကတော့ အရေးတော်ပုံတွေ၊ တော်လှန်ရေးတွေ ပေါ်လာမယ့် အရိပ်အယောင် တွေ့တဲ့အခါ ဘာသာရေး လူမျိုးရေး အဓိကရုဏ်းတွေ ဖန်တီးပြီး အချင်းချင်း ရန်တိုက်ပေးတဲ့လုပ်ရပ်ပါ။ ၁၃ဝဝ ပြည့် အရေးတော်ပုံကာလ ဝန်းကျင်မှာလည်း ကုလား-ဗမာ အဓိကရုဏ်း ပေါ်ပေါက်ခဲ့ပြီး ဒါကို သခင်ဘိုးလှကြီးက ကိုလိုနီအာဏာပိုင်တွေရဲ့ လက်ချက်ဖြစ်ကြောင်း၊ အားလုံးသွေးမကွဲဘဲ ဆင်းရဲခြင်းကို ဖြစ်စေတဲ့စနစ်ကိုသာ အကြွင်းမဲ့တော်လှန်ရမယ်လို့ ရေးသားထားပါတယ်။

တော်လှန်ရေးမှာ ပါဝင်သူတွေအနေနဲ့ ပါဝင်မှု အနည်းအကျဉ်းလောက်နဲ့ ရပ်မနေဘဲ အပြည့်အဝပါဝင်ဖို့ အခုလို တိုက်တွန်းထားပါသေးတယ်။

“ဖြောင့်မတ်သော အဆွေတို့ … ငါတို့၏ သပိတ်လုပ်ငန်းကြီးကို တတိုင်းတပြည်လုံးက ငွေကြေးထောက်ပံ့ခြင်း၊ စားရေရိက္ခာတို့ဖြင့် ကူညီခြင်း စသည်တို့ဖြင့် အဆွေတို့ ငါတို့၏ သပိတ်အရေး အောင်မြင်ရန်အတွက် ဒါနပါရမီဖြင့် ဖြည့်ဆည်းခဲ့၏။

တတိုင်း တနိုင်ငံလုံးရှိ လူငယ်လူရွယ် ကျောင်းသူကျောင်းသားတို့ကလည်း ကိုယ်ထိလက်ရောက် ဆောင်ရွက်ခြင်း၊ အကြံဉာဏ်ဖြင့် ကူညီခြင်း ပြုခဲ့လေသည်။ ဤသို့ အမျိုးမျိုးသော စွန့်ခြင်းကြီးတို့ကို အရင်းတည်၍ လုပ်ကြံဆောင်ရွက်ခဲ့သော သပိတ်အရေးတော်ပုံကြီး ဤမျှမမှုလောက်သော အောင်မြင်ခြင်းဖြင့် အဆွေတို့ ငါတို့ ရဲခြင်း ခိုင်ကျည် အာဇာနည်သို့ မြဲတည်နှလုံး စိတ်ဒုံးဒုံးချ၍ ဓနရှင်တို့က ဝန်ချကာ … အဆွေတို့ ငါတို့ အသက်အသေခံ၍ တရားသော သပိတ်လက်နက်ကို စွဲကိုင်ကာ တိုက်ကြ ခိုက်ကြကုန်အံ့။”

သခင်ဘိုးလှကြီးရဲ့ တိုက်တွန်းချက် တင်ပြချက်တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇ဝ ကျော်က ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီနေ့ခေတ်မှာ မြင်နေရတဲ့ မြင်ကွင်းတွေနဲ့ သိပ်မကွာတဲ့ အနေအထားတွေကိုလည်း တွေ့ရပြန်တော့ ဒီကနေ့ပြည်သူတွေကိုများ တိုက်တွန်းနေသလားလို့တောင် တွေးလိုက်မိပါတယ်။

မြန်မာပြည်သူများ အေးချမ်းတဲ့အရိပ်အောက်မှာ နေထိုင်ခွင့် ရရှိပါစေ။ ။


ထိန်လင်း (၅ ၊ ၈၊ ၂ဝဝ၉)

၂ဝဝ၉ ခုနှစ် သြဂုတ်လ ၇ ရက် နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ၏ ထုတ်လွှင့်ချက်အား ပြန်လည်ဖော်ပြပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts