>Local Journals with Suu’s Photos top sales at news stands

>

ဒေါ်အောင်ဆန်းစုကြည်သတင်းပါသည့် ဂျာနယ်များ ဆက်တိုက်ထွက်ရှိပြီး ရောင်းကောင်းလျက်ရှိ
မိုးမခ အထောက်တော်၊ ရန်ကုန်
၁၇၊ နိုဝင်ဘာ၊ ၂၀၁၀
            ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ယခုလ ၁၃ ရက်နေ့တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည့် အကြောင်း သတင်းနှင့် ဓါတ်ပုံများကို အပတ်စဉ်ထုတ် ဂျာနယ်များတွင် တခမ်းတနား ဖေါ်ပြခဲ့ကြပြီး ဓါတ်ပုံပါသည့် အဆိုပါဂျာနယ်များ အရောင်းသွက်လျက်ရှိသည်ကို လည်းတွေ့ရသည်။

ဒေါ်အောင်ဆန်းစုကြည် ပြီးခဲ့သည့် စနေနေ့တွင် လွတ်မြောက်ပြီးနောက် တနေ့တွင် True News နှင့် Flower News ဂျာနယ် နှစ်စောင် ပထမဆုံးဖေါ်ပြခဲ့ကြပြီး တနင်္လာနှင့် အဂါင်္နေ့များတွင် ၀ိကလီး အလဲဗင်း၊ မြန်မာနယူးစ်ဝိခ၊ ဗီးနပ်စ်၊ ဖေးဗရိတ်၊ ပြည်သူ့ခေတ်၊ အင်ဗွိုင်း၊ မော်နီတာ၊ Open News ၊ ပြည်မြန်မာ၊ The Myanmar Times စသည့် ဂျာနယ်တို့တွင် ရုပ်ပြုံကီး သို့မဟုတ် စာမျက်နှာပြည့်ဖြင့် ဖေါ်ပြကြသည်ကိုတွေ့ရှိရသည်။ ပြည်သူ့ခေတ်ဂျာနယ်၊ မြန်မာနယူးစ်ဝိခ ၊ ဖေးဗရိတ်ဂျာနယ်တို့တွင် ၁၃ နှင့် ၁၄ ရက်များတွင် ရိုက်ယူထားသည့် ဒေါ်စုပုံများဖြင့် ထုတ်ဝေခဲ့ရာ လူအများက ဒေါ်စုရုပ်ပုံလိုချင်သဖြင့် ၀ယ်ယူလျက်ရှိကြသည်ဟု ဂျာနယ် ရောင်းသူတဦး၏ ပြောဆိုချက်အရ သိရှိရသည်။
အချို့ဂျာနယ်များ ဒေါ်စုဓါတ်ပုံပါသည့် သတင်းမှာ မျက်နှာဖုံး စာမျက်နှာအဖြစ် မဖေါ်ပြနိုင်သော်လည်း ဂျာနယ်အရောင်းဆိုင်များတွင် အဆိုပါစာမျက်နှာကို မျက်နှာဖုံး အဖြစ်ပြောင်းလဲ ခေါက်ပြီး ရောင်းကြသည်ကို တွေ့ရသည်။
 
၂၀၀၃ခုနှစ် ဒီပဲယင်း လူသတ်ပွဲ ဖြစ်ပွားပြီးနောက် ၇ နှစ်ခွဲကြာ နေအိမ်အကျယ်ချုပ်နှင့်၊ အင်းစိန်ထောင် အချုပ်သားဘ၀တို့ဖြင့် နေထိုင်ခဲ့ရစဉ်ကလည်း သူ့နှင့် ပတ်သက်သည့် သတင်းတိုင်းအား လူထုက စိတ်ဝင်တစားဖြင့် ဖတ်ရှုခဲ့ကြသည်။ ယခုတကြိမ် လွတ်မြောက်သည့် သတင်းနှင့် အတူ လူထုအစုအဝေးကို မိန့်ခွန်းပြော နှုတ်ဆက်ခြင်း၊ အစရှိသည့် အဖြစ်အပျက်များကြောင့် ဒေါ်အောင်ဆန်းစုကြည် အကြောင်း သတင်းသည် မြန်မာနိုင်ငံ၏  ထိပ်ဆုံးသတင်းဖြစ်နေခဲ့ပြီး ပြည်တွင်းဂျာနယ်များတွင်လည်း စိတ်ဝင်စားမှု အရှိဆုံး သတင်းဖြစ်နေသည်ကို တွေ့ရှိရသည်။
(ဓာတ်ပုံများ၊ နို၁၅၊ ၂၀၁၀၊ ရန်ကုန်၊ လမ်းဘေးဂျာနယ်အရောင်းဆိုင်၊ ဒေါ်စုဓာတ်ပုံနှင့် ဂျာနယ်များ ရောင်းချနေစဉ် (မိုးမခ))

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts