>Than Soe Hlaing – Nargis Diary 7

>

သတင်းထောက် တဦး၏ နာဂစ် ဒိုင်ယာရီ – ၇

သန်းစိုးလှိုင်

ဇွန် ၂၄၊ ၂၀၀၉

ကွမ်းခြံကုန်းမြို့နယ်ထဲမှ ချောင်ကျကျ နေရာမှာ တည်ရှိတဲ့ မာလကာကုန်းရွာမှ ပြိုကျသွားခဲ့သည့် ဘုန်းတော်ကြီးကျောင်း

ကယ်ဆယ်ရေး သို့မဟုတ် အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှု

နာဂစ် တိုက်ခတ်ပြီး ၂ပတ်အကြာတွင် အတိ ဒုက္ခရောက်နေသည့် ဧရာဝတီတိုင်း နာဂစ်ဒဏ်ခံ ဒေသများသို့ ကယ်ဆယ်ရေး ပစ္စည်များ တတ်နိုင်သလောက် လှုဒါန်းဖို့၊ ရှိရှိသမျှ တတ်နိုင်သမျှ အင်အားဖြင့် ကူညီဖို့ ဆိုသည့်ကိစ္စများမှာ ကြက်ခြေနီအဖွဲ့ ၊ အန်ဂျီအိုတို့၏ လုပ်ငန်းသာ ဖြစ်သည်ဟု မည်သူကမျှ မထင်မှတ်ကြတော့။ ငွေကြေး တတ်နိုင်သူ၊ ကားတတ်နိုင်သူ၊ ပစ္စည်းထည့်ဝင်နိုင်သူ လုပ်အားပေးနိုင်သူ များထဲက ကိုယ်တတ်နိုင်သည့် အရာဝတ္တု တခုခုကို ထည့်ဝင်ကြပြီး ထိုဒေသအရောက် ပို့ဆောင်ပေးကြရေး သာဖြစ်သည် ဟုနားလည်လာကြသည်။

လူထု၏ ကူညီရေးအသိ၊ နိုးကြားမှုက ခေတ်သစ် မြန်မာ့ သမိုင်းတွင် အမြင့်ဆုံးသို့ရောက်ရှိခဲ့သည့် ကာလဟု ဆိုနိုင်လောက်အောင်ပင် မြန်မာနိုင်ငံ အရပ်ရပ်မှ လူတန်းစားအလွှာ အသီးသီး၊ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံက သူ့နေရာနှင့်သူသွားရောက် ကူညီပေးခဲ့ကြသည်။

ထိုရက်တွေက စနေ၊ တနင်္ဂနွေနေ့ နံနက်တွေမှာ ဘုရင့်နောင် တံတားအဆင်း လှိုင်သာယာ လမ်းမပေါ်တွင် ဧရာဝတီတိုင်းသို့ထွက်ခွါမည့် ကားကြီးကားငယ်များဖြင့် လမ်းတလျှောက် အပြည့်ဖြစ်နေသည်ကို တွေ့ရသည်။ စက်ရုံအလုပ်ရုံမှ ၀န်ထမ်းများ၊ ဆူပါမားကက်၊ စတိုးဆိုင်မှ ၀န်ထမ်းများ ကလည်း ကုမ္ပဏီ အမှတ်တံဆိပ် တီရှပ်အင်္ကျီ ကိုယ်စီနှင့် မြင်ရသလို ခရစ်ယာန် ဘာသာရေး အသင်းအဖွဲ့များမှလည်းအမှတ်အသား အကျီကိုယ်စီဖြင့်၊ ဆရာတော် သံဃာတော် ဦးဆောင်သည့် ကားတန်းများ တွင်လည်း ကားဘေးတွင်စာတန်း ရေးထိုးထားလျက် ရှိသည်ကို့  မြင်တွေ့ခဲ့ရသည်။

လှိုင်သာယာမှ ဧရာဝတီတိုင်းသို့ သွားရာ လမ်းနှစ်သွယ်ရှိသည့် အနက် တွံတေးတံတားကို ဖြတ်သန်းကာ ကွမ်းခြံကုန်း၊ ဒေးဒရဲ၊ ဖျာပုံသို့ သွားသည့်လမ်းက ညောင်တုန်း၊ ပုသိမ်သွားသည့်လမ်းထက် သွားသည့်သူ ပိုများပြားသည် ကိုတွေ့ရသည်။ အကူအညီပေးသူများကို အနှောင့်အယှက်ပေးသည့် မေလ ၁၈ ရက်နေ့ မတိုင်မီ ရက်ဖြစ်သဖြင့် လှိုင်သာယာမှ တွံတေးတံတားဘက် အထွက်တွင် မည်သည့်စစ်ဆေးရေး ဂိတ်မျှ မတားကြသေး။

ကူညီကယ်ဆယ်ရေး အတွက်သွားရောက်ကြသည့် ပုဂ္ဂလိက စေတနာရှင်များနှင့် ဘာသာရေး အဖွဲ့အစည်းများ

လှိုင်သာယာ အထွက် လှိုင်မြစ်တံတား အတက်တွင် မြင်ရသည့် ကားတန်းကြီးက ရာဂဏန်းသာမက တော့ပဲ ထောင်ဂဏန်းသို့ ရောက်မည်ဟု ခန့်မှန်းရသည်။ သင်္ကြန်ကားတန်းကဲ့သို့ ကားတွေက ရှေ့ဆင့်နောက်ဆင့်နှင့် ကားပေါ်တွင် စားစရာခေါက်ဆွဲ၊ ရေသန့်ဗူး၊ အ၀တ်အစား၊ ဆန်၊ ကြက်သွန်၊ အားလူး စသည့်ပစ္စည်းများ အထုပ်များ အပြည့်တင်ထားပြီး လိုက်ပါသူများက ထိုပစ္စည်းများပေါ်တွင် ထိုင်လျက် သော်လည်းကောင်း၊ အချို့အဖွဲ့များက ပစ္စည်းတင်သည့် ဒိုင်နာကားသက်သက် လူစီးကားသက်သက်ဖြင့် ပွဲတော်ကြီးတမျှလား အောက်မေ့ရသည်။

ကားဘေးတွင် ရေးသားချိတ်ဆွဲထားသည့် ဆိုင်းဘုတ်များတွင်လည်း အထက်အညာမှ ဆရာတော်များ၊ ကရင်ပြည်နယ်ဘက်မှ ဆရာတော်များ စသည်ဖြင့် အစုံမြင်တွေ့ရသည်။ မိုးရွာနေသည့် ကြားထဲ၊ ဆိုးဝါးသည့် မြေနီလမ်းဖြစ်သဖြင့် ကားတစီးက ဖြတ်မောင်းပြီး ဘီးမှစင်သည့် ဗွက်က အခြားကားတစီးပေါ် ပါလာသူများကို လွင့်စင်ကာ အင်္ကျီများပေကုန်ပေမယ့်လည်း တဦးနှင့် တဦး စိတ်ဆိုးသည်ကို မတွေ့ရ။

လူတွေ အားလုံးရည်ရွယ်ချက်တခုဆီသို့ ဦးတည်သွားနေကြသည်။ ထိုရည်ရွယ်ချက်မှာ နာဂစ်ဒဏ် ခံစားနေရသည့် ဧရာဝတီတိုင်းမှ ဒုက္ခရောက်နေသူတို့၏ စားရေး၊ ၀တ်ရေး နေရေးကိုတတ်နိုင်သမျှ ဖြေရှင်းပေးဖို့ ပင်ဖြစ်သည်။ ထိုကားများပေါ်တွင် ဧရာဝတီတိုင်း သို့ တခေါက်မျှ မရောက်ဖူးသူများလည်း အများအပြား ပါဝင်ခဲ့ကြပြီး ယခုအဖြစ်အပျက်က လူတန်းစားအလွှာမတူသူများ အကြား၊ နေထိုင်ရာဒေသ မတူသူများ အကြား ထိတွေ့မှု တခုကိုဖြစ်ပေါ်စေခဲ့ပြီး သူတို့ဘယ်လို နေထိုင်ကြသလဲ၊ သူတို့ဘယ်လို နေထိုင်ကြသလဲ ၊ ဘယ်လို လုပ်ကိုင်စားသောက်ကြသလဲ ဆိုတာကိုလည်း မြို့နေလူထုက မြင်တွေ့ခဲ့ကြရသည်။ ထိုအဖြစ်အပျက်သည် လူအချင်းချင်း နားလည်မှုကို တည်ဆောက်ပေး ခဲ့သည့် သဖွယ်လည်း ဖြစ်သည်။

ကားတန်းကြီးကို ကြည့်ပြီး မြို့အ၀င်တွင် ချထားသည့် ရဲလုံခြုံရေးများ၊ လမ်းတလျှောက်ရှိရွာသားများက အံ့အားသင့်လျက် ရှိနေကြသည်။ ဒလမှ ကွမ်းခြံကုန်းသို့ သွားသည့် လမ်းနှင့် လှိုင်သာယာ မှခွဲထွက်လာသည့် လမ်းတို့ တွံတေးတူးမြောင်း ကိုဖြတ်ဖေါက်ထားသည့် တံတား ဆင်းပြီးမကြာမီမှာပင် ပေါင်းဆုံသွားသည်။ ထို့နောက် တွံတေးလမ်းခွဲ ကို ကျော်သွားပြီး ကော့မှူးသို့ ဦးတည်ကာ သွားသည့်လမ်းပေါ်သို့ ရောက်သွားရာ လမ်းတလျှောက်တွင် နေထိုင်သူများက ကားလမ်းဘေး ၀ဲယာတွင် စောင့်ကြည့်နေခဲ့ကြသည်။ အချို့သော ကူညီသည့် အဖွဲ့များက လမ်းခွတ်လပ် ရွာများတွင် ကားကို ရပ်တန့်ကာ ပါလာသည့် ဆန်၊ ရေနှင့် အခြားသော စားစရာများကို ဝေငှလျက်ရှိကြသည်။ ကားနဘေးတွင် ၀ိုင်းအုံနေသဖြင့် ဝေသူနှင့် လက်ခံသူမမျှသည့် အခြေအနေမျိုးလည်းရှိသလို အချို့သောကားများက လက်ခံမည့်သူများကို စနစ်တကျ တန်းစီစေပြီး ဝေငှနေသည် များလည်းတွေ့ရသည်။

ကွမ်းခြံကုန်းသွားသည့် ကားလမ်းနဘေး အကူအညီ လက်ခံယူဖို့ စောင့်ဆိုင်းနေကြသည့် ကျေးရွာလူထု ၊ မေလ ၁၈ရက်၊ ၂၀၀၈

ကော့မှူး၊ ကွမ်းခြံကုန်း လမ်းတလျှောက်ရှိ အချို့သောရွာများတွင် `ကယ်ဆယ်ရေး စခန်း အတွင်းတွင် ရှိသည်´ ဆိုသည့် လမ်းညွှန်ဆိုင်းဘုတ်တင်ထားသည်များ ကိုလည်းတွေ့ရသည်။ ထို စနေ တနင်္ဂနွေရက်များသည် ကော့မှူး၊ ကွမ်းခြံကုန်း မှ ဒေးဒရဲ အထိ ကားတန်းလူတန်းကြီးများ စည်ကားလျက် ရှိခဲ့သည့် ရက်များပင် ဖြစ်တော့သည်။

ကူညီရေးမှ ရလာသည့် စည်းလုံးမှု

လူထုအလွှာအချင်းချင်း ကူညီမှု၊ ဘာသာမတူသူများ အကြားကူညီမှု၊ လူမျိုး ကွဲပြာူးသူများ အကြား ကူညီမှုများသည် နအဖအစိုးရ၏ အမြင်တွင်နိုင်ငံရေး အရဆုံးရှုံးမှု တခုဟု အောက်မေ့လာခဲ့သည်။ သက်ဆိုင်ရာ ဒေသ အာဏာပိုင်ဖြစ်သည့် မြို့နယ်ငြိမ်းချမ်းသာယာရေး ကောင်စီ (မ၀တ) ကိုမည်သူမှ သတင်းလည်း မပို့ကြ၊ ရွာအသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ ဗလီများ၊ ခရစ်ယာန် ဘုရားကျောင်းများသို့ ၀င်ကာ မေးမြန်းပြီး အကူအညီကို မည်သို့ခွဲဝေပေးမည်ကို ဆုံးဖြတ်ကြသည်။ ဘုန်းတော်ကြီးကျောင်းများက ရွာရှိလူများကို ဆင့်ခေါ်ကာ အိမ်ထောင်စု အလိုက် စာရင်းနှင့် ဝေငှနိုင်ရန် စီစဉ်ပေးသည်။ မ၀တ ကလည်းလူတွေ၏ စားဝတ်နေရေးကို ဒုက္ခတွေကို စိတ်မ၀င်စားပဲ ရှိနေသဖြင့် အာဏာပိုင်ဆိုသည့် အမည်သာရှိပြီး လက်ငင်း ရင်ဆိုင်နေရသည့် ပြဿနာတွေကို စိတ်မ၀င်စား သဖြင့်လူထုက ဂရုမစိုက်ကြခြင်းလည်း ဖြစ်သည်။

ထိုရက်များက မ၀တ၊ ဒေသ လုံခြုံရေးအတွက် ချထားသည့် စစ်တပ်တို့က ကူညီပေးဝေနေခြင်းကို မတားဆီးသေးသော်လည်း စောင့်ကြည့် မှတ်တမ်းတင်နေသည့် အဖွဲ့ရှိကိုတော့ ကွမ်းခြံကုန်းနှင့် ဒေးဒရဲ အကြားတွင် မြင်တွေ့ခဲ့ရသည်။ စစ်တပ်သုံးမာဇဒါ ဂျစ်တစီးတွင် ဗိုလ်မှူး အဆင့်ရှိသူ တဦးဦးဆောင်သည့် အဖွဲ့ ကူညီသည့် ကားများ ရပ်တန့်ကာ ရွာသူရွာသားများကို ပစ္စည်းဝေငှနေသည့် ပုံများကို ဗီဒီယို ကင်မရာ တလုံးဖြင့် ရိုက်ယူ မှတ်တမ်းတင်နေသည်ကို မြင်တွေ့ခဲ့ရသည်။

ကားလမ်းဖြင့် သွားရသည့် နေရာသို့ကား ရေလမ်းဖြင့်သွားရမည့်နေရာသို့ လှေဖြင့် နာဂစ် ကူညီရေး အတွက် အသက်အန္တရာယ် မမှုကြပဲ ကူညီခဲ့ကြသည်

လှုပ်ရှားမှုကို တားဖို့ ရမယ်ရှာ

ကယ်ဆယ်ရေး ကူညီသူများကို အပြစ်ရှာ အရေးယူရန် နှိုးဆွလိုက်သလို ဖြစ်စေသည့် အဖြစ်အပျက်ကတော့ ဒီဗီဘီ ဂြိုဟ်တု ရုပ်သံမှ ထုတ်လွှင့်သည့် ဗီဒီယို သတင်းမှတ်တမ်း တခုဖြစ်သည်။ ထိုရုပ်သံ သတင်းက မောင်းနှင်နေသည့် ပစ်ကပ်ကားတစီး၏ နောက်ပိုင်းမှ စားစရာများ ပစ်ချပေးနေသည်ကို ကလေးနှင့် မိန်းမများက ကားနောက်မှ ပြေးလိုက်ရင်း ကောက်ယူနေသည့် အဖြစ်အပျက်ပင် ဖြစ်သည်။ မှတ်တမ်းတင်သူက ထိုကားပေါ်တွင် ပါရှိသူပင် ဖြစ်ပြီး ထိုသတင်းမှတ်တမ်း ကို အကြိမ်ကြိမ်လွှင့်ထုတ်နေခဲ့သည်။

ထုတ်လွှင့်ပြီး ၂ရက်ကျော်အကြာတွင် နအဖ အစိုးရက ကားပေါ်မှ ပစ္စည်းပစ်ချပေးဝေသည့် ဆယ်ဂဏန်းနှင့်ချီသည့် ကားများကို စတင်ဖမ်းဆီးခဲ့ခြင်း ပင်ဖြစ်သည်။ ထိုထုတ်လွှင့်မှုက နအဖကို လျင်မြန်စွာ အရေးယူရန် တွန်းအားပေးလိုက်သလို ဖြစ်စေခဲ့သည်။ နာဂစ် အရေးကူညီသည့် လူထုမှာ နအဖ၏ လုပ်ရပ်ကို အံ့အားသင့်ကုန်ကြသည်။ ကူညီရေး သွားသူများ အနက် ကားသွားရင်းနှင့် ပစ္စည်းများပစ်ချ ပေးဝေသည်ကိုလည်း တခါတရံ မြင်တွေ့ခဲ့ရသော်လည်း ထိုသို့ ပြုမူသူမှာ အများစုမဟုတ်ပေ။

မေလ ၁၈ရက်နှေ့ စတင်ကာ နအဖ၏ `သူတောင်းစား ပပျောက်မှု စစ်ဆင်ရေး´ ဟုလျှို့ဝှက်စွာ အမည်ပေးထားသည့် စစ်ဆင်ရေးကို စတင်ခဲ့သည်။ ထိုနေ့ တနေ့လုံး လှိုင်သာယာ၊ ကွမ်းခြံကုန်း၊ ဒေးဒရဲ လမ်းတလျောက် ကားမောင်းနှင်နေစဉှ် ပစ္စည်းပစ်ချခဲ့သည့် ကားများကို နံပါတ်မှတ်၊ ဓါတ်ပုံရိုက်ယူထားပြီး ညနေ ရန်ကုန်ပြန်အ၀င် လှိုင်သာယာ လုံခြုံရေးဂိတ်တွင် ဖမ်းဆီးကာ ညတွင်းချင်း ဒဏ်ငွေရိုက်၊ ၀န်ခံချက်လက်မှတ်ထိုး စေခဲ့သည်။

နောက်ရက်များတွင် တွံတေးလမ်းခွဲမှ စတင်ပြီး ဒေးဒရဲ ရောက်သည်အထိ ရဲလုံထိန်းတပ်ရင်း အများအပြား ချထားပြီး ကူညီဖို့သွားသည့် ကားများကို မျက်စေ့ ဒေါက်ထောက်ကြည့် နေခဲ့သည်။ ကားလမ်းနဘေး တလျောက် ကိုက် ၅၀၊ ၁၀၀ အကွာတိုင်းတွင် ရဲ ၂၊ ၃ယောက်က သေနတ်နှင့် စောင့်နေကြသည်။ ကော့မှူးနှင့် ကွမ်းခြံကုန်းအပိုင် အချို့ရွာများတွင် အကူအညီရယူရန် ကားလမ်းဘေးသို့ လာရောက်ကြသည့် ရွာသားများနှင့် လုံထိန်းရဲတို့ ရိုက်ပွဲဖြစ်ခဲ့သည် ဟုလည်းကြားသိခဲ့ရသည်။ ကားလမ်းနဘေး ရဲအင်အား ရာနှင့်ချီ စောင့်ခိုင်းထားသည်ကို မြင်တွေ့ရသည့် တရုတ်နိုင်ငံသား တဦးက `ကျွန်တော်တို့ နိုင်ငံမှာရဲ၊ စစ်သားတွေက လူတွေဒုက္ခရောက်တဲ့ အချိန်မှာ ကူညီဖို့အသင့်ပဲ၊ ဒီရဲတွေက လက်နက်တွေကိုင်ထား၊ လမ်းဘေးမှာ စောင့်နေပြီး လူတွေကိုဘာမှ ကူညီတာလည်း မတွေ့ရဘူး´ ဟုဝေဘန်ပြောဆိုသွားသည်။

ကားပေါ်မှ ပစ္စည်း ပစ်ချပေးခြင်းသည် ဒေသခံများ၏ အလုပ်လုပ်ကိုင်လိုသည့် စိတ်ဓါတ် ပျက်ပြားစေသည် ဆိုသည့် သဘောမျိုး ရေးသားထားသည့် အ၀ါရောင် လက်ကမ်းကြော်ငြာကို လှိုင်သာယာ အထွက်တွင် ကားတိုင်းသို့ ပေးဝေသည်။ မည်သည့် မြို့သို့သွားမည်၊ ယာဉ်မောင်း အမည်စသည်တို့ကိုလည်း ထိုဂိတ်တွင် စာရင်းပေးရသည်။ ကယ်ဆယ်ရေး စခန်းဟု ဆိုင်းဘုတ်အနီ ရောင်ပေါ်တွင်ရေးသားထားသည့် နေရာများတွင်သာ ပစ္စည်းဝေရန်လည်း မြို့အ၀င်ဂိတ်များတွင် ထပ်မံ ရေးသားနှိုးဆော်ထားသည်။ ထိုအဖြစ်အပျက်ကြောင့် အရှိန်အဟုန်နှင့် ကူညီဖို့သွားသည့် လှုပ်ရှားမှုကြီးအနည်းငယ် အရှိန်တန့်သွားခဲ့ရသည်။

ဖိနပ်စီးချင်သဖြင့် ပူဆာနေသည့် အမွှာ ညီအစ်ကို နှစ်ယောက်မှ တယောက်၊ ခွဲတမ်းချသည့် ဖိနပ်ထဲမှာ ကလေး ဖိနပ်မပါသဖြင့် အမေလုပ်သူက မြို့ရောက်လျင် ၀ယ်ပေးမည်ဟု နှစ်သိမ့်နေစဉ်။ မာလကာကုန်း ရွာ၊ ကွမ်းခြံကုန်း မြို့နယ်

နိုင်ငံရေး သဘောဆောင်သည့် လှုပ်ရှားမှု

မြန်မာ စစ်အစိုးရက မည်သည့်ကိစ္စမဆို နိုင်ငံရေး မျက်မှန်တပ်ပြီး ကြည့်တာအကျင့်ပါ နေသည်ကို လေ့လာမိသည်။ ဘာသာရေး အဖွဲ့အစည်းဖွဲ့တာ၊ လူမှုကယ်ဆယ်ရေး လုပ်ငန်းတွေလုပ်တာ၊ စေတနာ့ဝန်ထမ်း လုပ်ငန်းလုပ်ဆောင်ပေးတာ၊ ပညာဒါနလို လုပ်ငန်းမျိုးလုပ်ဆောင်တာ စသည့် ကိစ္စတိုင်းတွင် ဘယ်သူကလုပ်သလဲ နိုင်ငံရေး လုပ်နေသူလား၊ နိုင်ငံရေးနှင့် ဆက်နွယ်သလား သို့မဟုတ်ခဲ့ရင် နအဖ၏ တာဝန်ရှိသူ တွေထဲက တဦးဦးကို အဆိုပါ အဖွဲ့အစည်းတွင် နေရာပေးဖို့ ဖိအားပေးတာမျိုးလုပ်တော့သည်။ နိုင်ငံရေး မပါစေချင်တာသက်သက်မဟုတ်၊ နအဖ မဟုတ်သည့် နိုင်ငံရေး နှင့်ဆက်နွယ်သူတွေကို မပါစေအောင် လုပ်ပြီး၊ နအဖ၏ နိုင်ငံရေး လုပ်စားနေသူတွေကို ၀င်ပါစေခြင်းသာ ဖြစ်သည်။

ယခု နာဂစ်ကူညီရေး တာဝန်ကြီးကို ရဟန်း ရှင်လူ၊ လူမျိုးအသီးသီးက ကျရာနေရာမှ ၀င်ပါကြပြီး စည်းလုံးမှု တခုဖြစ်သွားမှာကို နအဖ စစ်အာဏာရှင်တွေ ကြောက်လန့်နေခြင်းဖြစ်သည်။ နိုင်ငံတကာက ကူညီသည့် ပစ္စည်းတွေမှာ စစ်ဒေသ တိုင်းမှ ကူညီသယောင် အလှူရှင် အမည် ပြောင်းကပ်တာမျိုးလုပ်ခဲ့သည်။ အများအလှူတွင် ဒေသအာဏာပိုင်တွေက နာမည်ဝင်ယူတာမျိုး လည်းလုပ်ခဲ့သည်။

နိုင်ငံတနိုင်ငံ၏ စားရေး၊ ၀တ်ရေး၊ နေထိုင်ရေး အားလုံးသည် နိုင်ငံရေး ဖြစ်သကဲ့သို့ သဘာဝဘေး အန္တရာယ်မှ ကာကွယ်ရေး၊ ကယ်ဆယ်ရေး၊ ကူညီရေးသည်လည်း နိုင်ငံရေးပင် ဖြစ်သည်။

ဒုက္ခရောက်နေသူတွေ အတွက် အကူအညီ အမြန်ရရေးကိစ္စက မိနစ်ပိုင်း နာရီပိုင်းနှင့် အမျှ အရေးကြီးနေချိန်တွင် နိုင်ငံတကာ ကူညီပေးမည့် သူများကို တားမြစ်ထားခြင်းသည် လူသားချင်းမစာနာသည့် ပြစ်မှုမြောက်သည်ဟု ထိုစဉ်က ဝေဘန်ပြောဆိုခဲ့ကြသည်။ နာဂစ်သည် ကမ္ဘာအလယ်တွင် နအဖ၏ မျက်နှာဖုံး ကွာကျခဲ့ရသည့် အဖြစ်အပျက် တခုဖြစ်သလို ပြည်သူလူကြီး၏ ကူညီယိုင်းပင်းလိုစိတ်ကို လည်းထင်ထင်ရှားရှား ပြသခဲ့သည့် နိုင်ငံရေး သဘောဆောင်သည့် လှုပ်ရှားမှု တခုပင် ဖြစ်တော့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts