သတင်းပဒေသာ

ကပစ ၃ မှ သီးစားခမပေးပဲ ထွန်သည့်ကျေးရွာကို စစ်တပ်ဖြင့်ဝိုင်းထား

ဇူလိုင် ၁၄၊ ၂၀၁၂၊ မိုးမခ အထောက်တော် ရန်ကုန်

            မြန်မာပြည်မှ လယ်ယာလုပ်ငန်းခွင်တခု

ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေး စက်ရုံ အမှတ် (၃) ပိုင် လယ်မြေများကို ၀င်ရောက်ထွန်ယက်သည့် လယ်သမားများ နေထိုင်ရာ ရွာသစ်ကုန်းကျေးရွာကို ယင်းစက်ရုံမှ စစ်တပ်အင်အား ၁၀၀ ကျော်ဖြင့် ယမန်နေ့နံနက်ကတည်းက ၀ိုင်းပိတ်ထားသည်ဟု လယ်သမားအရေး ဆောင်ရွက်ပေးသူ ကိုရဲထင်ကျော်က ပြောသည်။

အခင်းဖြစ်ပွားသည့် ကပစ (၃) ပိုင် လယ်မြေများမှာ ပဲခူးတိုင်းအနောက်ခြမ်း ပန်းတောင်းမြို့နယ်အတွင်းတည်ရှိပြီး စစ်တပ်ဝိုင်းခံထားရသည့် ယင်းကျေးရွာတွင် အိမ်ခြေ ၈၀၊ ၉၀ ၀န်းကျင်ရှိသည်ဟုလည်း သိရှိရသည်။

ယခုကဲ့သို့ ၀ိုင်းပိတ်ခြင်း မပြုမီ ယခင်နှစ်များက သီးစားခ ပေးဆောင်ကာ လုပ်ကိုင်ခဲ့သည့် လယ်သမားများကို ကပစ (၃) စက်ရုံမှ စစ်သားများက တရက်နီးပါး ဖမ်းဆီးထားခဲ့သည့် အဖြစ်လည်း ဖြစ်ပျက်ခဲ့သည်။

လယ်သမားအရေး ဆောင်ရွက်ပေးသူ ကိုရဲထင်ကျော်က

“ တနေ့က လယ်တွေဆင်းထွန်တော့ ကပစ (၃) စက်ရုံမှူးနဲ့ စစ်သားတွေ ဆင်းလာပြီး လာတားတယ်၊ လယ်သမားတွေက အရင် သူတို့ သီးစားခပေးထားတဲ့ ပြေစာတွေရှိတယ်ဆိုတော့ ၊ ပြေစာရှိရင် မြို့နယ် မြေစာရင်းရုံးမှာ သွားရှင်းလို့ဆိုတယ်၊ အဲဒီနောက် လယ်သမားတွေ မြေစာရင်းရုံး အသွား ကပစ (၃) ကိုဖြတ်သွားရာမှာ အဖမ်းခံရတာပဲ” 

ဟု အဖြစ်အပျက်ကို ရှင်းလင်းပြောပြသည်။

ယင်းနေ့ညနေပိုင်းတွင် ကပစ (၃) မှ စစ်သားများက လယ်ထွန်နေသူများကို လိုက်လံဖမ်းဆီးခြင်း၊ လယ်စောင့်တဲများကို ဖျက်ခိုင်းခြင်းတို့ ပြုလုပ်ခဲ့သည်ဟုလည်း ကိုရဲထင်ကျော်က ပြောသည်။

              လယ်မြေများမှာ ၁၉၇၂ နှင့် ၁၉၈၉ ခုနှစ်ဝန်းကျင်များက  စစ်တပ်မှ သိမ်းယူခဲ့ခြင်းဖြစ်ကာ ယင်းလယ်မြေများကို  မူလပိုင်ရှင် လယ်သမားများက နှစ်စဉ် သီးစားခပေးကာ လုပ်ကိုင်ခဲ့ကြရသည်။ ယခုနှစ်တွင် သီးစားခ ပေးဆောင်ရန် မတတ်နိုင်တော့သဖြင့် နိုင်ငံတော် သမ္မတနှင့် အထက်တာဝန်ရှိသူများအား စာရေးသား တင်ပြခဲ့သည်။

သို့ရာတွင် ယင်းပြဿနာကို သက်ဆိုင်ရာမှ ဖြေရှင်းမပေးခဲ့သည့်နောက် ယခုလ ၁၂ ရက်နေ့တွင် ယင်းလယ်မြေများကို ကျေးရွာသားများက ၀င်ရောက်ထွန်ခဲ့ပြီး လယ်သမား (၇) ဦးကို တရက်ကျော်ကြာ ဖမ်းဆီးခြင်းနှင့် ကျေးရွာကို ၀ိုင်းပိတ်သည့် အဖြစ်အပျက် ဖြစ်ပျက်လာခြင်းလည်း ဖြစ်သည်။ယခု လများအတွင်း လယ်ယာမြေ သိမ်းဆည်းခံရခြင်းနှင့် ပတ်သက်သည့် တိုင်ကြားမှုများ ၊ ဆန္ဒဖေါ်ထုတ်မှုများ မြန်မာနိုင်ငံအနှံ့အပြား၌ ပေါ်ထွက်လျှက်ရှိရာ အချို့မှာ ဆယ်စုနှစ် အတန်ကြာကတည်းက စစ်တပ်မှ သိမ်းဆည်းထားသည့် အမှုကိစ္စများဖြစ်၍ အချို့မှာ မကြာမီနှစ်များအတွင်း ပုဂ္ဂလိက ကုမ္ပဏီများက အကျိုးတူလုပ်ကိုင်ရန် အကြောင်းပြချက်ဖြင့် လယ်ယာမြေများကို သိမ်းယူလုပ်ကိုင်ခြင်းများ ဖြစ်သည်။

လယ်ယာမြေ ဥပဒေသစ်ကို ယခုနှစ်ဆန်းပိုင်းတွင် ပြဋ္ဌာန်းခဲ့သော်လည်း ယခင်အစိုးရလက်ထက် နှင့် ဆိုရှယ်လစ် အစိုးရလက်ထက်က သိမ်းယူခဲ့သည့် လယ်ယာမြေ ပြဿနာများစွာ ယခုအချိန်တွင် ပေါ်ထွက်လာနေဆဲဖြစ်ကာ ပြေလည်အောင် ပြေလည်အောင် ဖြေရှင်းရန် လိုအပ်နေဆဲ အခြေအနေလည်း ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts

3 thoughts on “ကပစ ၃ မှ သီးစားခမပေးပဲ ထွန်သည့်ကျေးရွာကို စစ်တပ်ဖြင့်ဝိုင်းထား
  1. ကပစ(၃) စက်ရုံမှူးဆိုတာက ခုမှတာဝန်ကျလို့ ရောက်လာတာ..။ဒေသခံတွေက ရှေးဘိုးစဉ်ဘောင်ဆက် ပိုင်ဆိုင်ခဲ့တဲ့ ဥယျာဉ်ခြံမြေတွေကို ဓားပြတိုက်သလို အတင်းအဓမ္မ သိမ်းယူတာကိုခံလိုက်ရတာပါ..။ ဆင်တဲ(စမ်းပေါက်ချောင်း)ရွာက လယ်သမားတွေရဲ့လယ်တွေ အကုန်အသိမ်းခံရပြီးတော့ စစ်တပ်ထွက်တွေကို ထားတဲ့ တမာကုန်း ကွက်သစ်ဆိုတာ ဆင်တဲသား၊ပန်းတောင်းသားတိုင်းသိကြပါတယ်..။ဒါတွေဟာ လယ်သမားတွေရဲ့ မျက်ရည်တွေပါ..။http://sindecafe.com/author/yaynawe/

  2. ဒီမိုကရေစီနဲ့ မင်းမဲ့စရိုက်နဲ့မတူပါဖူး။။
    မြန်မာနိုင်ငံတစ်ချို့သောသူတွေကဒီမိုကရေစီဆိုတာကို
    လုပ်ချင်တိုင်းလုပ် ရေးချင်တိုင်းရေး ပြောချင်တိုင်းပြောလို့
    ရတယ်ထင်နေကြပုံပဲ။။
    အဲဒါကြောင့်တစ်ချို့ကပြောကြတယ်မြန်မာနိုင်ငံက ဒီမိုကရေစီနဲ့မတန်ဖူးတဲ့
    ဒီမိုကရေစီများရရင်လမ်းပေါ်အိမ်တက်ဆောက်ကြမလားပဲ

Comments are closed.