>Naing Linn Aung – Is Burmese Society helpless to Sucidal?

>

မြန်မာ့လူနေမှုစနစ်က မကယ်နိုင်တော့သည့် လောကကို အရှုံးပေးသွားသူ

နိုင်လင်းအောင်
ဇွန် ၂၅၊ ၂၀၀၉

ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ စာပေဗိမာန် အဆောက်အဦ အပေါ်ထပ်တွင် မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့၏ စည်းဝေးရှိသဖြင့် လိုအပ်သည့် စာပွဲခုံများကို ပြင်ဆင်နေသည်။ လိုအပ်သည့် ပြင်ဆင်မှုများ လုပ်ဆောင်ပြီးသည့်အခါ ရုံးအဖွဲ့မှူး ဖြစ်သူ ဦးမြင့်လွင်သည် သူ့စားပွဲတွင်ထိုင်ပြီး မှတ်စုတခုရေး နေသည်ကို ရုံးမှ အခြားလုပ်ဖေါ်ကိုင်ဘက်များက မြင်တွေ့မိကြသည်။

နံနက် ရုံးလာစဉ်ကလည်း မျက်နှာမကောင်းသဖြင့် လုပ်ဖေါ်ကိုင်ဘက် တဦးက နေမကောင်းခြင်း ဖြစ်လိမ့်မည်ဟု ယူဆမိကြသည်။ သို့ရာတွင် နံနက် ၁၀ နာရီဝန်းကျင်ခန့်တွင် သူထိုင်နေရာ စာပွဲတွင် မမြင်တွေ့ရတော့။

အခြားလူများလည်း မိမိကိစ္စနှင့် မိမိလုပ်နေကြပြီး အမှတ်တမဲ့ ဖြင့်နေရာမှ အတန်ကြာသော် သူလုပ်ဖေါ်ကိုင်ဘက် တဦးက ဦးမြင့်လွင် ဘယ်ရောက်နေလဲဟု လိုက်ရှာရာမှ ၃၇ လမ်းဘက်ကို မျက်နှာပြုသည့် ပြူတင်းပေါက်ပေါ်တွင် ဆောင့်ကြောင့်ထိုင်ပြီး ပြူတင်းပေါက် ဘောင်နှစ်ဖက်ကို လက်ဖြင့်ကိုင်ထားသည့် ဦးမြင့်လွင်ကို တွေ့မြင်လိုက်ရသည်။

မြင်တွေ့လိုက်သည့် ခဏတွင် တစုံတရာ လုပ်မည့်ရည်ရွယ်ချက်လားဟု စိတ်မှာ ထင်မိလိုက်သည်နှင့် ဦးမြင့်လွင် ဘာလုပ်တာလဲ မလုပ်နဲ့လေဟု ဆိုရုံရှိသေးသည့် ခဏတာတွင် ပြူတင်းပေါက်မှ ခုန်ချသွားခဲ့သည်။

ထိုနောက်တွင်မူ သုံးထပ် အမြင့်မှ ကျသည့်ဒဏ်ဖြင့် ဦးမြင့်လွင်မှာ အပြင်ဒဏ်ရာ မပေါ်သော်လည်း ရန်ကုန် ဆေးရုံကြီးသို့ရောက်ပြီး မိနစ်ပိုင်းအတွင်း သေဆုံးသွားခဲ့သည်။ အမြင့်မှ ကျသည်တွင် ဦးခေါင်းပိုင်း ကိုထိခိုက်ပြီး အသက်ဆုံးရှုံးသွား ရခြင်းဖြစ်သည်။

သူ၏ စာရေးစာပွဲတွင် သွားရောက်ကြည့်သည့် အခါ ထိုသို့ သေကြောင်းမကြံမီတွင် ချွတ်ထားခဲ့သည့် ကော်ဂိုင်းတပ် မျက်မှန်၊ ငွေ၅၀၀ တန် ၂ရွက်၊ ဘောပင်၊ သော့တွဲများနှင့် အတူ နောက်ဆုံးမှာတမ်းကို လည်းတွေ့ကြ ရသည်။

မှာတမ်းတွင် အစဉ်အလာရှိခဲ့သည့် စာပေဗိမာန်၏ ပစ္စည်းများကို ထိန်းသိမ်းရာတွင် တာဝန်ကျေပွန်စွာ မထမ်းဆောင်နိုင်ခဲ့သည့် အတွက်မိမိကိုယ်ကို အပြစ်ပေးလိုက်ပါသည် ဆိုသည့် သဘောဆောင်သည့် ၀ါကျ၃၊ ၄ကြောင်း ရေးသားထားခဲ့သည် ကိုတွေ့ရသည်။

ထို အဖြစ်အပျက် မတိုင်မီ ရက်များက ရုံးမှ စာရွက်စာတမ်း အချို့နှင့် စီဒီဓါတ်ပြား တချပ် ရေစိုပျက်စီးခဲ့သည့် အတွက် ဦးမြင်လွင်၏ အထက်အရာရှိလုပ်သူက ဦးမြင့်လွင်ကို ဆူခဲ့ဘူးသည်ဟု လုပ်ဖေါ်ကိုင်ဘက် များကပြောဆိုကြသည်။

ထိုအဖြစ်အပျက်သည် ဦးမြင့်လွင်အတွက် မိမိကိုယ် သေကြောင်းကြံရန် တွန်းအားပေးခဲ့သည့် အချက်တချက်ဖြစ်နိုင်သော်လည်း သူမိသားစုနှင့် ပတ်သက်သည့် စိတ်ညစ်ညူးစရာ၊ စိတ်ပင်ပန်းဆင်းရဲစရာတွေအများအပြား ရှိနေခဲ့သည်ဟု လုပ်ဖေါ်ကိုင်ဘက် များကပြောဆိုသည်။

သားအငယ်ဆုံး ဖြစ်သူက မကြာသေးမီက ကွယ်လွန်သွားခဲ့ပြီး မကျန်မာသည့် ဇနီးဖြစ်သူနှင့် အခြားသမီးတယောက်အတွက်လည်း စိတ်ဖိစီး ပင်ပန်းနေခဲ့သည်ဟု ဆိုကြသည်။

ထိုသို့သော အချက်များက ဦးမြင့်လွင် အတွက် ယခုလို မိမိကိုယ် အဆုံးစီရင်သွားဖို့ တွန်းအားပေးခဲ့ ခြင်းဖြစ်နိုင်သည်ဟု လုပ်ဖေါ်ကိုင်ဘက်များက ကောက်ချက်ချကြသည်။
ယခု အသက်ဆုံးရှုံးသွားခဲ့သည့် ဦးမြင့်လွင် လို အသက် ၆၈ နှစ်ဟူသည့် အရွယ်သည် မြန်မာနိုင်ငံသားတယောက် အနေဖြင့် တော်တော်လေး ကြီးရင့်နေပြီဟု ဆိုနိုင်သည်။

စီးပွားရေးအရ ပြေလည်သူတွေ အတွက်တော့ အသက်၆၀ ကျော်လျင် အနားယူပြီး မိသားစုဖြင့် သက်တောင့်သက်သာ နေနိုင်မည် ဖြစ်သော်လည်း မြန်မာနိုင်ငံမှ လူအများစုမှာမူ ထိုသို့ မနေနိုင်ရှာကြပေ။

စုထားဆောင်းထားသည့် ငွေလုံလုံလောက်လောက် မရှိလျင် သားသမိးများကို မှီခိုရမည် ဖြစ်ပြီး ထိုသို့မဟုတ်ပါက ထမင်းစားဖို့ အသက်ရှင်နေထိုင်ဖို့ အတွက် တတ်နိုင်သည့် အလုပ်ကို လုပ်ကိုင်နေကြရသည်သာ ဖြစ်သည်။

ရန်ကုန်မြို့တွင် အသက် ၆၀ ကျော် ၇၀ အရွယ်ရှိသည့် ဈေးရောင်းနေသူ ဆိုက်ကားနင်းနေသူ အများအပြားကို တွေ့မြင်နိုင်ပါသည်။

ဘုရားတရား ရှာနိုင်သူ အရေအတွက် အချို့ရှိမည်ဖြစ်သော်လည်း၊ မိမိဘ၀ ရပ်တည်ရေးအတွက် သားသမီးများ၏ အိမ်မှုကိစ္စကို ၀ိုင်းကူရင်း မှီခိုနေရသည့် မိဘများ၊ ဦးမြင်လွင်လို အလုပ်လုပ်ကိုင် နေရသူများလည်း အများအပြားရှိနေခဲ့သည်။

မြန်မာနိုင်ငံတွင် အသက်အရွယ် ကြီးရင့်သူများအတွက် အစိုးရ၏ လူမှုဖူလုံရေး စနစ်ဆိုသည်မှာ လုံးဝမရှိသေးပေ။

ဖွံ့ဖြိုးပြီး နိုင်ငံများမှာလို သားသမီးနှင့် ဆွေမျိုးသားချင်းက ကြည့်ရှု မစောင့်ရှောက်နိုင်သည့် သူများအတွက် လူအိုရုံ၊ စောင့်ရှောက်ရေး ဂေဟာလိုမျိုး၊ သူ့အိမ်သူ့ရာမှာပင် အစိုးရနှင့် အန်ဂျီအိုများ၏ လူမှုဖူလုံရေး လုပ်သားများက လိုက်လံ ကြည့်ရုသည့် အစီအစဉ်မျိုးလည်း ဒီမှာ မရှိပေ။

မြန်မာလူမှု အဖွဲ့အစည်းသည် နွေးထွေးသည့် မိသားစု ပုံသဏ္ဍန်ဆောင်သည့် လူမှု အဖွဲ့အစည်း ဖြစ်သည်ဟု ကောင်းသည့် ရှုထောင့်ဘက်မှ ကြည့်လိုက ကြည့်နိုင်သော်လည်း မိဘက သားသမီး မိသားစုများနှင့် အတူတွဲနေရခြင်းများ၊ သားသမီးများကလည်း အိမ်ထောင်ကျပြီးနောက် မိဘအိမ်တွင် မှီခိုနေထိုင်ရခြင်းများသည် စီးပွားရေး အခြေအနေအရ သီးခြား ရပ်တည်ရန်ခက်ခဲသည့် အတွက် ဖြစ်သည်ဟု လူမှုရေး လေ့လာသူများက ကောက်ချက်ချကြသည်။

အကယ်၍သာ မိသားစု တစုချင်းစီ သီးခြားရပ်တည်နိုင်သည့် ၀င်ငွေမျိုးရှိပါက မြန်မာလူမှု အဖွဲ့အစည်းတွင် ယခုကဲ့သို့ စုပေါင်းပြီးနေထိုင်ခြင်းမျိုးရှိမည် မဟုတ်ဟု ကောက်ချက်ချကြသည်။

နွေးထွေးသည့် မြန်မာ့ လူနေမှုစနစ်ကလည်း ယခုလို ခက်ခဲသည့် စီးပွားရေး အခြေအနေ၊ အားကိုးဖွယ်ရာ မရှိသည့် အစိုးရ၏ လူမှုဖူလုံရေး စနစ်တို့အကြားမှာ ဦးမြင့်လွင်ကို ကယ်တင်နိုင်စွမ်း မရှိခဲ့ရှာပေ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts