>Burmese Police accused Yettaw visit as a plot backed by overseas oppostion groups

>

ဂျွန်ယက်တော ၀င်ရောက်သည့်အမှုကို နောက်ကွယ်မှ လုပ်ကြံမှုအဖြစ် စွပ်စွဲ

မိုးမခ အထောက်တော်၊ ရန်ကုန်

ဇွန် ၂၅၊ ၂၀၀၉

ရန်ကုန်မြို့တွင် ယနေ့ ကျင်းပပြုလုပ်ခဲ့သည့် နအဖ အစိုးရ၏ သတင်းစာရှင်းလင်းပွဲတွင် ဂျွန်ယက်တော ဒေါ်အောင်ဆန်းစုကြည် အိမ်သို့ တိတ်တဆိတ်ဝင် ရောက်ခဲ့သည့် ကိစ္စ၏ နောက်ကွယ်တွင် ပြည်ပ မှ အတိုက်အခံ အဖွဲ့အစည်း တခုခု၏ ကြိုးကိုင်မှုကြောင့် ဖြစ်နိုင်သည်ဟု ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက စွပ်စွဲလိုက်သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် ဟံသာဝတီလမ်းရှိ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အထိမ်းအမှတ်ပြတိုက်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ပြည်ပသတင်းဌါန ကိုယ်စားလှယ်များ၊ ပြည်တွင်း သတင်းဂျာနယ်တိုက်များမှ သတင်းထောက်များ အပြင် သံတမန်များကို ပါ မဖိတ်ကြားစဖူး ဖိတ်ကြားခဲ့သည်ကို တွေ့ရသည်။

ယခင် ပြုလုပ်လေ့ရှိသည့် သတင်းစာရှင်းလင်းပွဲများကဲ့သို့ ပြည်ထဲရေးဝန်ကြီး၊ ပြန်ကြားရေး ၀န်ကြီး၊ ယဉ်ကျေးမှု ၀န်ကြီး စသူတို့ တဦးမှမပါဝင်ပဲ ရဲချုပ်တဦးသာ ပါဝင်သည်ကို တွေ့ရသည်။ ရဲချုပ်က အမေရိကန် နိုင်ငံသား ဂျွန်ယက်တော၏ ယခင်နှစ်က ဒေါ်အောင်ဆန်းစုကြည် အိမ်သို့ ပထမအကြိမ် ၀င်ရောက်ခဲ့သည့် အဖြစ်အပျက်ကို ပြန်လည် ပြောဆိုကာ ဂျွန်ယက်တောမှာ အချို့သော မီဒီယာများက ဖေါ်ပြသကဲ့သို့ စိတ်မနှံ့သူ တဦးမဟုတ်ကြောင်းကို အလေးပေး ပြောဆိုခဲ့သည်။ ယမန်နှစ်က ဒေါ်စုအိမ်သို့ ၀င်ရောက်စဉ် အ၀င်လမ်းနှင့် အထွက်လမ်းကို လွဲမှားချင်းမရှိပဲ ပြန်ထွက်နိုင်ခဲ့ပုံ နှင့် သာဓက ပေးကာပြောဆိုခဲ့သည်။

ထိုစဉ်က ဒေါက်တာ တင်မျိုးဝင်းက ၄ရက်နောက်ကျပြီး လုံခြုံရေးတာဝန်ရှိသူတွေထံ သတင်းပို့ခဲ့သည်ကို လည်းဒေါ်အောင်ဆန်းစုကြည်တွင် တာဝန်ရှိသည်ဟု အပြစ်ပုံပြောဆိုခဲ့သည်။

ယခုနှစ် ဒုတိယအကြိမ်ဝင်ရောက်ခဲ့သည့် အခါ အ၀င်လမ်းကို ပထမအကြိမ်ဝင်သည့် လမ်းကိုပင် ပြန်သုံးသော်လည်း ပြန်သည့်အခါ အဖမ်းမခံခံရအောင် တမင်ဝေးပြီ့း ရှည်သည့် လမ်းကြောင်းကို ရွေးချယ်ခဲ့ဟန် တူသည်ဟု လည်းဆိုသည်။

ဂျွန်ယက်တော ၂၀၀၈ ခုနှစ်က မဲဆောက်မြို့သို့ သွားရောက်ခဲ့စဉ် အေအေပီပီမှ ကိုဘိုကြည်၊ လူ့ဘောင်သစ်မှ ကိုဝေလင်း၊ ကိုမင်းနိုင် အစရှိသူတို့နှင့် တွေ့ဆုံခဲ့သည်ကို ဖေါ်ပြ ပြောဆိုပြီး အတိုက်အခံ အဖွဲ့အစည်းများ နှင့် အဆက်အသွယ်ရှိ လေသည့် သဏ္ဍန်ပြောဆိုသွားသည် ကိုလည်းသိရှိရသည်။ ထိုသို့နောက်ကွယ် မှနေပြီး မည်သည့် အဖွဲ့အစည်းက ကြိုးကိုင်နေသည် ကိုသိရှိနိုင်ရန် ကြိုးစား စုံစမ်းနေသည်ဟုလည်း ပြောဆိုသွားသည်။

ပြည်တွင်းမှ နိုင်ငံရေး လေ့လာစောင့်ကြည့်သူတို့ကမူ နအဖ အစိုးရသည် ဒေါ်စု၏ အကျယ်ချုပ်သက်တမ်း တိုးရန် အကြောင်းရှာနေစဉ် ဂျွန်ယက်တော တိတ်တဆိတ် ၀င်ရောက်သည့် အဖြစ်ပေါ်လာပြီး နအဖက ထိုအချက်ကို အသုံးချခဲ့သည်ဟု သာရှုမြင်သုံးသပ်ကြသည်ကို ကြားသိရသည်။

နအဖအစိုးရအနေဖြင့် ဒေါ်စုကို ထိုသို့ အမှုဆင် တရားစွဲ ထောင်ချလျင် နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ ယခုကဲ့သို့ အင်နှင့်အားနှင့် ဆန့်ကျင်လိမ့်မည်ကို မျှော်လင့်မထားခဲ့ပဲ၊ နောက်ပိုင်းတွင် ထိုအခြေအနေကို တွေ့ကြုံလာရသည့် အခါ တရားစီရင်သည့် ကိစ္စကို အချိန်ဆွဲနေခြင်းဖြစ်သည်ဟု လေ့လာသူတို့ သုံးသပ်ကြသည်။

ထိုအမှုကို နိုင်ငံတကာနှင့် ပြည်တွင်းမှ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားထောက်ခံသူ တို့ကစိတ်ဝင်စားပြီး ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံမှု ပြသနေခြင်းကြောင့် လူထုအုံကြွမှု ကဲ့သို့ နိုင်ငံရေး အခြေအနေ မျိုးပေါ်ပေါက်မလာအောင် သတိထားကိုင်တွယ် နေပုံရကြောင်းလည်း နိုင်ငံရေး လေ့လာသူတို့က ကောက်ချက်ချကြသည်။

ထိုသို့သော အခြေအနေတွင် မြောက်ကိုးရီးယားနိုင်ငံမှ မသင်္ကာဘွယ်ရာ သဘောင်္က ရန်ကုန်မြို့ကို ဦးတည်နေသည် ဆိုသည့်သတင်းများသည် နအဖ စစ်အစိုးရနှင့် ကမ္ဘာတွင် နာမည်ဆိုးဖြင့်ကြော်ကြားသည့် မြောက်ကိုးရီးယား အစိုရတို့၏ ဆက်ဆံရေးကို ကမ္ဘာ့နိုင်ငံရေး ဇတ်ခုံပေါ်တွင် ပေါ်လွင်လာအောင် လုပ်ပေးနေသကဲ့သို့ ရှိသည့် အတွက်လည်း နအဖ အစိုးရမှာ ပိုမို သတိထားနေရပုံ ပေါ်သည်ဟု ရန်ကုန်မြို့မှ သတင်းစာဆရာ တဦးက ဝေဘန်ပြောဆိုသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts