>Ashin Nanika – London 01

>

အင်္ဂလန်ခရီး မပြီးသေးပါ

အရှင်ဉာဏိက

ဇွန် ၈၊ ၂၀၀၉

သိမ်းမြစ်၊ London Eye နောက်ခံနဲ့ အရှင်ဉာဏိက ၊ ရွှေမင်းဝံဆရာတော် ၊ မောင်မိုးကျော်

ဟေး- ဒါ လန်ဒန်မှာလေ။ ဂရိတ်ဗြိတိန်ဆိုတဲ့ နေမဝင် အင်ပါယာကြီးရဲ့ မြို့တော်ကြီးမှာပေါ့။ ကိုယ်တို့နိုင်ငံ အပါအဝင် နိုင်ငံ များစွာကို အရှင်သခင်လုပ်ကာ အုပ်ချုပ်သွားခဲ့ကြသူတွေရဲ့ နေပြည်တော်ကြီးဆိုလဲ မမှားဘူးပေါ့။ နောက်ပြီး ခုကိုယ့် ခရီးစဉ်ကို နှောင့်နှေးကြန့်ကြာအောင်လုပ်တဲ့သူတွေနေထိုင်တဲ့ မဟာနိုင်ငံတော်ကြီးရဲ့ အထင်ကရ မြို့တော်ကြီးလဲ ဖြစ်သပေါ့လေ။ ထည်ဝါခမ်းနားမှုတွေ၊ မြင့်မြတ်ကြီးကျယ်မှုတွေ တပုံတပင်နဲ့ ဣနြေ္ဒကြီးမားစွာ ဝင့်ဝါခဲ့ဘူးတာ။ ခု တော့လဲ အင်္ဂလိပ်တို့ရဲ့ ခမ်းနားထည်ဝါမှုတွေကို ရာဇဝင်ထဲမှာ ထားရစ်ခဲ့ပါပြီ။ ခေတ်သစ်လူမှုဘဝကို ဖွံ့ဖြိုးပြီးနိုင်ငံ ကြီးပီပီ အမီလိုက်ကာ (အဲ) ဦးဆောင်ကာ ကမ္ဘာကြီးကို အပေါ်စီးကနေ ဟန်ပါပါကြည့်ရင်း ဣနြေ္ဒကြီးကြီးနဲ့ ရပ် တည်လို့ နေသပေါ့။ သို့ပေမယ့် ဟိုးငယ်ငယ်ကတည်းက ကြားဘူးနားဝရှိလွန်းလှတဲ့ အင်္ဂလိပ်တို့ရဲ့ မြို့တော်ကြီး လန်ဒန်ဆိုတာကို ရာဇဝင်ထဲမှာ ကိုယ်က မထားရစ်ခဲ့နိုင်သေးဘူးလေ။ ဒီတော့ အခွင့်သာတာနဲ့ အလည်သွားဖို့ စိတ်ကူးရှိခဲ့တာ။ ဟိုးရှေးရှေး အနုလက်ရာတွေကို တတသသ ခံစားရှုမြင်ချင်နေခဲ့တာ။ ခုတော့ ဒီစိတ်ကူးအိပ်မက်ကို တကယ်အကောင်အထည်ဖော်နိုင်ခဲ့ပြီလို့ ဆိုရမှာပေါ့။ ဒါပေမယ့် ကိုယ့်အိပ်မက်ကို လှပစွာ မက်ခဲ့ရတာတော့လည်း မဟုတ်ပါဘူး။

ကိုယ်တို့ဒီနေ့ (ဇွန်လ ၂ ရက်၊ ၂ဝဝ၉၊ အင်္ဂါနေ့) နံနက်မှာပဲ လန်ဒန်ကိုရောက်တယ်။ ကြည့်စမ်း။ လန်ဒန်သွားဖို့ ဗီ ဇာက သောကြာနေ့ကမှရတာ။ အကျိုးဆောင်ပေးသူက လော့စ်အင်ဂျလိစ်ကနေ ကိုယ်သွားစောင့်နေတဲ့ မေရီလင်း ပြည်နယ်မှာရှိတဲ့ မင်္ဂလာရာမကျောင်းကို အမြန်ပို့ပေးလိုက်တာ။ စနေနေ့မှ ကိုယ့်လက်ထဲရောက်တယ်။ တကယ် လို့သာ ကိုယ်သွားမယ့်ခရီးစဉ်က အရေးကြီးခရီးစဉ်တစ်ခုဖြစ်နေမယ်၊ မဖြစ်မနေ သွားရမယ့်ခရီးစဉ်ဖြစ်နေမယ်ဆိုရင် ဘယ်လောက်ဗီဇာအတွက် စိတ်ပူပင်မှုဖြစ်ရမလဲ။ စဉ်းစားကြည့်ပေါ့။ ခုတော့ ကိုယ်သွားမယ့်ခရီးစဉ်က မဖြစ်မနေ မဟုတ်သလို အရေးတကြီးလည်းမဟုတ်လို့ ကိုယ့်အတွက် ပူပန်မှုကို မဖြစ်စေခဲ့ပါဘူး။ ဒါပေမယ့် ပထမအကြိမ် ဗီဇာ ပေးဖို့ ငြင်းပယ်ပြီးကာမှ ဒုတိယအကြိမ်ထပ်ပြီး ကြိုးစားအားထုတ်လိုက်ရတဲ့အတွက် ကသီလင်တ ဖြစ်ခဲ့ရတာအမှန်။ အပိုအကုန်အကျလည်း များခဲ့ရတယ်။ အင်္ဂလိပ်တွေက ဒီနေရာမှာတော့ ကြီးကျယ်နေဆဲ။

အင်တာနက်မှာတင်ထားတဲ့ အင်ဖော်မေးရှင်းကို ယုံစားအားကိုးပြီး ဗီဇာလျှောက်တဲ့အလုပ်ကိုလုပ်ခဲ့တဲ့ ကိုယ့်အ တွက်တော့ မှတ်သားလောက်တဲ့သင်ခန်းစာပေါ့။ ကိုယ့်အဖြစ်အပျက်ပြောပြတော့ ကိုယ့်လိုပဲ ဝက်ဘ်ဆိုက်ကြည့်ပြီး လျှောက်ခဲ့လို့ အလားတူကြုံခဲ့ရတဲ့ ဒကာတစ်ဦးလဲရှိလို့ ဘဝတူလူသားတွေလည်းရှိသားလို့ သိလိုက်ရပါတယ်။ တကယ်တော့ သူတို့ဝက်ဘ်ဆိုက်မှာ ဘာတွေ ဘာတွေလိုအပ်ပါတယ်လို့ အတိအကျပြည့်ပြည့်စုံစုံ ပြောမထားပဲ ငြင်းပယ်ကာမှ ဒါတွေ ဒါတွေလိုအပ်ပါတယ်လို့ အကြောင်းပြတာမျိုးကတော့ သံရုံးတွေရဲ့ ဆိုးရွားလှတဲ့ ညံ့ဖျင်းမှု တစ် ခုလို့ပဲ ဆိုရမှာပေါ့။ ဒုတိယအကြိမ်ကြိုးစားရာမှာတော့ လမ်းကြောင်းကောင်းကောင်း သိသူနဲ့သွားလိုက်လို့ ဗီဇာရဖို့ တစ်ရက်ပဲကြာတယ်။ ဒါလည်း အံ့သြရမည့် အချက်ပါပဲ။ ရှိပါစေ။ နေရာတိုင်းမှာ သွားဖို့လမ်းရှိတာ ဓမ္မတာပဲဟာ။

ခုတော့ ကိုယ်အင်္ဂလန်ကိုရောက်နေပြီ။ပြောခဲ့သလို အမေရိကကနေ ထွက်ခါနီးမှာမှ အင်္ဂလန်ဗီဇာက ကပ်ရတာမို့ ဥရောပနိုင်ငံတွေကိုသွားဖို့ ရှန်းဂန်ဗီဇာလျှောက်ဖို့ အချိန်မရခဲ့ဘူး။ ဒါကြောင့် ဒီအင်္ဂလန်ကနေပဲ “ရှန်းဂန်” ဗီဇာ လျှောက်ရတော့မယ်။ ရလျင်လည်းရ၊ မရလျင်လည်း နေပစေတော့။ သူတို့ဥပဒေအရဆိုလျင်တော့ ကိုယ်နေထိုင်တဲ့ နေရာကနေ လျှောက်ခဲ့ရမယ်တဲ့။ အင်္ဂလန်ကလျှောက်မယ်ဆိုလျင် အင်္ဂလန်မှာ နေထိုင်သူဖြစ်ဖို့ လိုတယ်တဲ့။ ဒီ အတိုင်းဆို “ရှန်းဂန်” ဗီဇာရဖို့ လွယ်မယ်မထင်ဘူး။ (သင့်မှာ နည်းလမ်းကောင်းလေးများရှိလျင်လည်း ပြောပြပါဦး)။ ဥရောပနိုင်ငံတွေသွားဖို့ ဗီဇာမရလျင်တော့ စကော့တလန်၊ အိုင်ယာလန်၊ ဝေလစတဲ့ ဂရိတ်ဗြိတိန်ဝင် ဒေသများဆီသို့ပဲ လေ့လာရေးခရီးဆက်ရမှာပေါ့။ အိုင်းရစ်နဲ့ စကော့တို့ရဲ့ ရှေးရိုးကျပေမယ့် လှပတဲ့ယဉ်ကျေးမှုများကလည်း စွဲ မက်တသဖွယ် ဖြစ်နိုင်မှာပါ။ ကံကောင်းလျင်ဖြင့် အိုင်းရစ်တွေရဲ့ ပုလွေသံချိုချိုကိုလည်း ရင်ဖိုစွာနားထောင်ခွင့် ရလျင်ရဦးမှာ။ ဒါဆိုဘယ်လောက် ကြည်နူးဖွယ်ခရီးဖြစ်မှာလဲ။ ဟုတ်ဘူးလား။ အရာအားလုံးဟာ လှပတဲ့အရာချည်းသာ ပါ။ သို့ပေမယ် ရောင့်ရဲတတ်စွာနဲ့ သင့်တင့်စွာ နှလုံးသွင်းတတ်ဖို့တော့ လိုတာပေါ့။ ရောင့်ရဲမှုဆိုတာ ပျင်းရိမှုနဲ့ လုံးဝ မတူဘူးဆိုတာနဲ့ သင့်တင့်စွာ နှလုံးသွင်းခြင်းဆိုတာလဲ ညံ့ဖျင်းခြင်းအတွက် ဆင်ခြေပေးတဲ့နေရာမှာ သုံးရအောင် ညွှန်ပြထားတာ မဟုတ်ဘူးလို့ နားလည်ဖို့လဲ လိုလိမ့်မယ်။

ပြောရဦးမယ်။ ကိုယ်နဲ့အင်္ဂလန်နဲ့ကလည်း သိပ်ပြီးလမိုင်းကပ်ပုံ မရဘူး။ တကယ်ဆို ဝါရှင်တန်ဒီစီ ဒါးလပ်စ်လေဆိပ် ကနေ ကိုယ်တို့စီနင်းလိုက်ပါမည့်လေယာဉ်က ဇွန်လ ၁ ရက်နေ့ မနက် ၉နာရီ ၂ဝ မိနစ်မှာထွက်မှာ။ ဒါပေမယ့် အေး ဂျင့်တွေက အဲဒီလေယာဉ်အတွက် လက်မှတ်တွေကို ပိုရောင်းထားတယ်။ ဒါကြောင့် ထိုင်ခုံနံပါတ်မရှိသေးသူတွေ အတွက် ဒီလေယာဉ်နဲ့လိုက်ရဖို့ မသေချာဘူးဖြစ်နေတယ်။ ဒီအကြောင်း ဂိတ်ပေါက်မှာရှိတဲ့ ဝန်ထမ်းတဦးက ကြေညာတယ်။ တကယ်လို့ ထိုင်ခုံနံပါတ်ရှိပြီးသားသူတွေထဲက မလိုက်ဖြစ်တဲ့သူတွေရှိလျင် ကျန်နေသူတွေကို နံပါတ်စဉ် အတိုင်းခေါ်သွားမယ်တဲ့။ ကြည့်လိုက်စမ်းပါဦး။ ကိုယ့်နံပါတ်က ၂၅ ။ ဒီတော့ ထိုင်ခုံနံပါတ်ရှိပြီးသားသူ ၂၄ ယောက် မလာပါမှ ကိုယ့်အလှည့်ရောက်မှာ။ ဘယ်လိုလုပ် ၂၄ ယောက်ပျက်ကွက်ဖို့ ဖြစ်နိုင်ပါ့မလဲ။ ဒီအချိန်က အားလပ်ရက်၊ ခရီးသွားရာသီပဲဟာ။ ဒီတော့သေချာပါတယ်။ ဒီလေယာဉ်နဲ့ ကိုယ်လိုက်ရဖို့ လုံးဝဖြစ်နိုင်မှာ မဟုတ်ပါဘူး။

လေယာဉ်ထိုင်ခုံမရှိသူတွေထဲမှာ ဘာဖြစ်လို့ ကိုယ့်နံပါတ်က ခုလောက်ထိအောင် နောက်ကျသွားရတာလဲ။ ကိုယ့် လေယာဉ်လက်မှတ်ဝယ်ထားတာကပဲ နှစ်လနီးပါးရှိနေပြီ။ အချိန်အတိုင်းအတာအရ ဘယ်နည်းနဲ့မှ ခုလောက် နောက်ရောက်စရာ အကြောင်းမရှိနိုင်ဘူး။ ဒီတော့သူတို့အကြောင်းပြချက်က အမြဲတမ်းခရီးသွားနေသူတွေ၊ သူတို့ လေကြောင်းနဲ့ ခရီးသွားများသူတွေကို ဦးစားပေးထားတဲ့ အစီအစဉ်အရ ခုလိုတခါတလေမှသာ ခရီးသွားတဲ့ကိုယ် တို့က နောက်ရောက်သွားရတာပါတဲ့။ သူတို့ဦးစားပေးစာရင်းပါဖို့ ကိုယ်ကပဲ ခရီးအမြဲသွားနေရမည့်ပုံ။ အဲပေါ့လေ။ ကိုယ်ဆိုတဲ့ကိုယ်ကလဲ ဘယ်နေရာမှာမှ ဦးစားပေးစာရင်းထဲမှာ မပါဝင်တဲ့သူမျိုးဆိုတော့လည်း ခုလိုနောက်ကျန်သူ၊ နောက်ချန်ခံရသူ ဖြစ်တာတော့လည်း အဆန်းမဟုတ်လှပါဘူး။ ဒီလိုဖြစ်ရတာကိုက ကံထူးခြင်းတစ်မျိုးပဲ မဟုတ်လား။ သေမင်းက သူ့ဦးစားပေးစာရင်းပါသူတွေတံခါးကို လျောက်ခေါက်တဲ့အခါမှာလည်း ကိုယ့်တံခါးပါဝင်နိုင်မယ် မဟုတ် ဘူးဆိုတာကိုလည်း ကိုယ်ကတော့ ယုံကြည်နေမိပါတယ်။

လေဆိပ်ကောင်တာရောက်ခါနီးမှာ ဝါရှင်တန်ဒီစီအနီးမှာနေထိုင်တဲ့ ဒေါက်တာချစ်ခင်ဝေက အကျိုးအကြောင်း ဖုန်း လှန်းဆက်ရင်း အစစအဆင်ပြေမှာပါလို့ ပြောတယ်။ ဒီတော့ ကိုယ်က ပြေမယ်ဆိုတာ မသေချာသေးပါဘူးလို့ ပြော လိုက်တယ်။ ခုလိုလေယယာဉ်ပေါ် တက်ခါနီးနေတာတောင် မသေချာသေးဘူးဆိုတော့ မသေချာစရာ ဘာများရှိသေး လဲလို့ သူကထပ်မေးတယ်။အဲဒီတုံးက ဘာရယ်လို့ တိတိကျကျ အကြောင်းမပြနိုင်ခဲ့ဘူး။ ဟော ခုတော့ တိတိ ကျကျ ပြောနိုင်ပါပြီ။ လေယာဉ်တက်ခါနီးတာတောင် မသေချာသေးတာကတော့ မနက်ခင်းထွက်မယ့်လေယာဉ်နဲ့ မလိုက်ပါ နိုင်ခဲ့တဲ့အတွက် ညနေ ၅ နာရီ ၃ဝ မှထွက်တဲ့ လေယာဉ်နဲ့မှ လန်ဒန်ကို ထွက်ခွါလာနိုင်ခဲ့တယ်လို့ ဆိုတာပါပဲ။ ဒီတော့ ဝါရှင်တန်ဒီစီ ဒါးလပ်လေဆိပ်ထဲမှာ တနေ့တာ အချိန်ဖြုန်းလိုက်ရပါတယ်။ အဲဒီလိုပါဆို။ ကံကြမ္မာက ကိုယ့် အတွက်များဆို နောက်ချန်ထားဖြစ်အောင်ကို ချန်ထားလိုက်သေးတယ်။

လေကြောင်းလိုင်းက နစ်နာကြေးအတွက် လေယာဉ်လက်မှတ်ခ တဝက်ပြန်ပေးတယ်။ ခရီးသွားဖို့ ပျက်ကွက်သူတွေ များလို့ လက်မှတ် “ကင်ဆယ်လ်”လုပ်သူတွေများတာကြောင့် လက်မှတ်တွေ ခုလိုပိုရောင်းရတာပါတဲ့။ ဝမ်းနည်းပါတယ် ပေါ့။ ကိုယ့်လို အရေးတကြီးခရီးသွားသူ မဟုတ်သူတွက် သူတို့ပေးတဲ့အကြောင်းခိုင်လုံပေမယ့် အရေးတကြီး ခရီး သွားတွေအတွက်တော့ လုံးဝကျေနပ်နိုင်မယ် မဟုတ်ပါဘူး။ ခရီးသည်ထဲက အချို့ကဆို စိတ်ဆိုးမာန်ဆိုးနဲ့ လက်မှတ် ကောင်တာကသူတွေကို ရန်တွေ့နေလေရဲ့။ ဒီလိုဖြစ်တာ သူတို့နဲ့တိုက်ရိုက် မပတ်သက်ပေမယ့် ရန်တွေ့စရာ အနီး ဆုံးက သူတို့ဆိုတော့လည်း နီးရာသူက ခံကြရတာပေါ့။ ခရီးသွားတွေဖက်က စဉ်းစားတော့လည်း ရန်တွေ့ချင်စရာလေ။ သူတို့မှာပါလာတဲ့ အိတ်တွေက ထွက်ခွါသွားတဲ့လေယာဉ်ပေါ်မှာ ပါသွားပြီ။ လူက မလိုက်နိုင်သေး။ ဒီတော့ ပါသွားတဲ့အိတ်တွေက ဘယ်သောင်တင်လို့ ဘယ်ကမ်းဆိုက်လေဦးမယ် မသိ။ ဒီအိတ်ပျောက်တဲ့အတွေ့အကြုံမျိုးကို ကိုယ်က လက်တွေ့ခံစားဘူးပြီ။ ဘယ်မေးလို့ ဘယ်စမ်းရမယ် မသိ။ ဘယ်သူမှလည်း တိကျတဲ့အဖြေ ပေးနိုင်တာမျိုး မဟုတ်။ ဒီတစ်ခါ ခရီးသွားရာမှာ ဘာအိတ်မှ အပိုမပါဘဲ တနိုင်လက်ဆွဲအိတ်လေးတစ်လုံးနဲ့ ခရီးထွက်ခဲ့လို့သာ ကိုယ်လဲ သူတို့လို မဖြစ်တာ။ သူတို့လို အပူ မထိတာ။ ဒီတော့ ဝန်ကျဉ်းမှုက ဝန်ကင်းချမ်းသာကို သယ်ဆောင်လာခဲ့ တယ်လို့ဆိုရမှာပေါ့။

လန်ဒန် ဟီသရိုးလေဆိပ်ကိုလေယာဉ်ဆိုက်တော့ နေသာနေလေရဲ့။ အချိန်က နံနက် ၆ နာရီခန့်။ လန်ဒန်မှာ ခုလို နေသာတဲ့ အချိန်တွေ့ရတာ လဘ်တစ်ပါးတဲ့။ ဒါဆို အင်္ဂလန်မြေ စနင်းတာနဲ့ ကောင်းတဲ့လာဘ်တစ်ပါးကို စတင် ထိတွေ့လိုက်ရတယ်လို့ ဆိုရမှာပေါ့။ ရှေ့မှာ ဒီထက်ဒီထက် ကောင်းတဲ့လာဘ်တွေ ဘယ်လောက် လာဦးမလဲ။ စောင့် ကြည့်ရသေးတာပေါ့။ ခုမှ အစပဲရှိသေးတာ။ အင်္ဂလန်ခရီးက ပြီးမှ မပြီးသေးတာပဲလေ။

မေတ္တာဖြင့် …


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts