>Maung Aw – Need Right Vision

>

အမြင်မှန်ဖို့ လိုပြီ

မောင်သြ

ဇွန် ၅၊ ၂၀၀၉



လူတစ်ဦးဦးတွင် သော်လည်းကောင်း

လူ့အဖွဲ့အစည်း တစ်ခုခုတွင် လည်းကောင်း

အကုသိုလ် ကျရောက်လာလျှင် တစ်ခုတည်း ဝင်မလာတတ်ပေ။

အစုလိုက် အပြုံလိုက် ဆက်တိုက် ဆိုသလို ဝင်ရောက်လာတတ်သည်။

ထိုသို့ ဝင်ရောက်လာပြီဆိုလျှင် အမှားများကို တစ်ခုပြီးတစ်ခု ကျူးလွန်မှားတတ်စွာ ပြုမိတတ်ပေသည်။



ယခုလည်း နအဖ စစ်အစိုးရသည် ၂ဝဝ၃ ခုနှစ်က ဒီပဲယင်းလုပ်ကြံမှုများ၊ ၂ဝဝ၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးမှ ရဟန်းသံဃာတော်များ၊ ကျောင်းသား ပြည်သူများကို ရက်စက်စွာ ဖမ်းဆီးနှိပ်ကွပ်မှု၊ သတ်ဖြတ်မှု၊ ထောင်ချမှု အမှားများမှ နောက်ဆုံး ၂ဝဝ၉ ခုနှစ် မေလတွင် ဒီမိုကရေစီလူထုခေါင်းဆောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို “နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေပုဒ်မ-၂၂ …” အရ ထပ်မံ တရားစွဲဆိုကာ အင်းစိန် အကျဉ်းထောင်ဝင်းရှိ အထူး သီးသန့် တရားရုံးတွင် တရားစွဲဆိုမှု အများများ အကြိမ်ကြိမ် မှားယွင်းစွာ ကျူးလွန်လာခဲ့သည်မှာ၊ နအဖအတွက် အဆိုးဝါးဆုံးသော ကံကြမ္မာမျာကို လက်ယပ်ခေါ်လိုက်ခြင်းပင် ဖြစ်သည်။



မိမိမကောင်းမှုပြုလုပ်လိုက်သော အကုသိုလ်ကံသည် တစ်ချိန်တွင် မိမိထံ တုံ့ပြန်လိုတတ်သည့်ဆိုသော မြန်မာလူမျိုးတို့၏ ဗုဒ္ဓဘာသာ တရားတော်နှင့် အညီ၊ ထိုမကောင်းမှုကံကို နအဖသည် ရှောင်တိမ်း၍ မရနိုင်တော့ပြီ။ ရေစီးတစ်ခါ ရေသာတစ်လှည့်ကိန်း နအဖတွင် ဆိုက်ရောက်နေပြီ။



ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲပြီး၊ အင်းစိန် အကျဉ်းထောင်သို့ ပို့လိုက်ရုံတင်ရှိသေး ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းနှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့အစည်းများ၊ ကမ္ဘာ့နိုင်ငံကြီးများမှ သမ္မတများ၊ ဝန်ကြီးချုပ်များ၊ နိုင်ငံခြားရေး ဝန်ကြီးများ၊ အီးယူ ဥရောပနိုင်ငံကြီးများ၊ အာဆီယံနိုင်ငံများပါမကျန် အီးယူ ( ဥရောပ-အာဆီယံ) အာရှနိုင်ငံများ၏ အာဆမ်အစည်းအဝေးမှ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရန် ပူးတွဲ ကြေညာချက်များ ထုတ်ပြန် တောင်းဆိုလာကြသည်။ ၄င်းကဲ့သို့ ပြုလုပ်ရခြင်းမှာ မြန်မာနိုင်ငံ အစိုးရ၏ မတရားဥပဒေမဲ့ တစ်ဖက်သတ် ဆောင်ရွက်နေခြင်းကို မခံမရပ်နိုင်ဖြစ်၍ မီးမောင်းထိုးပြလိုက်ခြင်း ဖြစ်သည်။



နိုင်ငံတကာက မြန်မာ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် အလေးအနက်ထား လွှတ်ပေးရန် တောင်းဆို နေမှုအပေါ် နအဖအစိုးရက မသိကျိုးကျွံ လျှော့တွက်နေလျှင် မြန်မာနိုင်ငံရဲ့ အနာဂတ်လမ်းကြောင်းဟာ အကျပ်အတည်း၊ အရှုပ်အထွေးတွေနဲ့ ရင်ဆိုင်နေရဦးမှာ သေချာတယ်။



နအဖစစ်အစိုးရဟာ ယနေ့အချိန်မှာ ငယ်ထိပ်မြွေပေါက် ခေါင်းမီးတောက်နေတဲ့ အချိန်ကို ရောက်နေပြီ။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် အာဆီယံနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ နိုင်ငံ့ခေါင်းဆောင်ကြီးတွေရဲ့ ဖိအားပေး တောင်းဆိုမှုတွေကို အလေးအနက် စဉ်းစားရတော့မယ်။ ဆန့်ကျင်ရင် ဘာဖြစ်မလဲ၊ လိုက်လျောရင် ဘာဖြစ်မလဲ အကောင်းဆုံးစဉ်းစားပြီး လမ်းတစ်လမ်းကို ရွေးချယ်ရတော့မယ်။



တစ်ချိန်က ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သော အလုံးစုံ ပျက်သုဉ်းရေးကို လိုက်မလား၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် တွေ့ဆုံ ဆွေးနွေးရေးကို လိုက်မလား ဆိုတဲ့စကားဟာ အခုအချိန်မှာ နအဖ အစိုးရအတွက် ချိန်ကိုက်ဗုံးတစ်လုံး ဖြစ်နေပြီ။



ပြည်တွင်းရေးကို ပြည်တွင်းအားနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းချင်တဲ့ဆန္ဒ။ တိုင်းပြည်နှင့် လူထု အကျိုးကို တကယ် မှန်ကန်စွာ ဆောင်ရွက်ချင်တယ် ဆိုတဲ့ ဆန္ဒ။ မင်းယောက်ျားတို့ရဲ့ မင်းမှာကတိ လူမှာသစ္စာဆိုတဲ့ ဆန္ဒများ ရှိနေမယ်ဆိုရင် နအဖစစ်အစိုးရ ယောက်ျားရင့်မာကြီးတွေ ကောက်ကျစ်ယုတ်မာစွာ ကျူးလွန်နေတဲ့ လိမ်ဆင်ကြီးနဲ့ အရေးယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အရေးယူ တရားစွဲဆိုထားမှုကို ရုပ်သိမ်းပြီး၊ မှန်ကန်ရိုးဖြောင့်တဲ့ အမျိုးသား ရင်ကြားစေ့ရေးနှင့် ပြန်လည် သင့်မြတ်ရေးကို အမြန်ဆုံး ဆောင်ရွက်သင့်ပါကြောင်းပါ ခင်ဗျား …..။



မေ ၃၀၊ ၂၀၀၉


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts