>Mar Lu San – Remarkable Sixty Four

>

အမှတ်တရ ၆၄

မာလုစံ

ဇွန် ၄၊ ၂၀၀၉

အကြိုက်ဆုံး သီချင်းတော့ မဟုတ်ပါဘူး၊

အကြိုက်ဆုံး အဆိုတော်လည်း မဟုတ်ပါဘူး၊

အကြိုက်ဆုံး အဖွဲ့လည်း မဟုတ်ပါဘူး၊

ဒါပေမဲ့ …

အောင်မြင်တဲ့ သီချင်းတပုဒ် ဖြစ်ခဲ့ပါတယ်၊

အောင်မြင်တဲ့အဆိုတော်တယောက် ဆိုခဲ့တာပါ၊

အောင်မြင်တဲ့ အဖွဲ့က ထုတ်ဝေခဲ့တာပါ၊

ဒါကြောင့်မို့လို့လဲ အနှစ်လေးဆယ်ကျော်ကြာတာတောင် အောင်မြင်ဆဲ လူကြိုက်များဆဲပါ၊

အဲဒီ သီချင်းကတော့နာမည်ကျော် The Beatles အဖွဲ့ရဲ့ When I’m Sixty-four ဆိုတဲ့သီချင်းပါပဲ။

When I get older losing my hair,

many years from now.

Will you still be sending me a Valentine,

Birthday greetings bottle of wine.

If I’d been out till quarter to three,

would you lock the door,

Will you still need me,

will you still feed me,

when I’m sixty-four.

မြန်မာဘာသာပြန် အဆုံးမှာ ကြည့်ပါ။

ဆယ်ကျော်သက် ဘဝ၊ သီချင်း စ နားထောင်တတ်ခါစ ကတည်းက ကျော်ကြား အောင်မြင်ပြီး ဖြစ်ခဲ့တဲ့ သီချင်းဟောင်း။ သီချင်းကောင်းတပုဒ် အနေနဲ့ နားထောင်ခဲ့ရပါတယ်။ ငယ်ရွယ်သူ သဘာဝ အချစ်အကြောင်း၊ အသဲ ဝေဒနာ ဘာညာကွိကွ အခြေခံသီချင်းတွေကို အလေးထား နားဆင်နေချိန်မှာ ဒီသီချင်းကို ကြားရတော့ ပြောပြီးခဲ့သလိုပါပဲ အကြိုက်ဆုံး မဟုတ်ခဲ့ပေမယ့် မှတ်မှတ် ရရ ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် မိဘတွေနဲ့ ပတ်သက်လို့ပေါ့။ အဲဒီအချိန်တုံးက အဖေတောင် ဒီ သီချင်းထဲက အသက်ဘောင်ထဲ မဝင်သေးပါဘူး။

ပြုံးစစနဲ့ အမေ့ကို ကြည့်ပြီး အဖေ မေးခဲ့တာ သတိရနေပါတယ်။

“နောက်ဆယ်နှစ်ကျရင် ကိုယ့်ကို သီချင်းထဲကလို ကျွေးထားဦးမှာလား တဲ့

အမေက မခိုးမခန့် အပြုံးကလေးနဲ့

ဘယ်နှစ် နှစ် ကျွေးထားမလဲ သိချင်ရင် အသက်ရှည်ရှည် နေကြည့်လေ တဲ့၊

တကယ်တော့ အမေရဲ့ ရိသဲ့သဲ့ အပြုံးနဲ့ အပြောလေးကတင် အဖေ့အတွက် အသက်ရှည်ဖို့ အကြောင်း ဖြစ်ခဲ့သင့်တာပါ။

ဒါပေမဲ့ ကံက မပေးလေတော့ အဖေဟာ သီချင်းထဲကလို အသက်ကို ပြည့်အောင် မနေလိုက်ရပါဘူး။ ၆၄ နှစ် ပြည့်ဖို့ လအနည်းငယ် အလိုမှာ အမေ့ကို ခွဲချန်ထားခဲ့ရှာပါတယ်။ အဖေဆုံးချိန်မှာ အမေဟာ အသက် ၅၀ သာ ရှိပါသေးတယ်။ သူတို့ရဲ့ လက်ထပ်သက်တမ်းဟာ အဆိုတော်ကိုင်ဇာရဲ့ နာမည်ကျော် “ရွှေရတုအချစ်သီချင်းထဲက အချိန်ကို မှီဖို့ မဆိုထားနဲ့၊ တဝက်ကျော်ကျော်လေးပဲ ရှိပါသေးတယ်။ မြစ်တွေ တိုးပွားဖို့ အသာထား။ ရှားရှားပါးပါး မြေးဦးကလေးတောင် ၅ လ မပြည့်တပြည့် အချိန်ပါ။

အဲဒီ ရွှေရတုအချစ်သီချင်း ထွက်လာတုန်းကလဲ အဖေ အမေ့ကို စခဲ့နောက်ခဲ့ဖူးတာ မှတ်မိပါတယ်။ စပယ်ပန်းကုံး ဖြူဖြူဖွေးဖွေးလေးကို အမေ့ ဆံထုံးပေါ် ပန်ပေးယင်း သားတွေသမီးတွေ မမြင် မြင်အောင် အမေ့ပါးကို နမ်းပြခဲ့ဖူးပါတယ်။ ရှက်ကိုးရှက်ကန်းနဲ့ အမေက အဖေ့ကိုတွန်းထုတ်ပြီး “မကြီးမငယ်နဲ့ ကလေးတွေရှေ့မှာ မရှက်ဘူးလား ဆိုတော့ ရယ်ကျဲကျဲနဲ့ ကက်ဆက်ကို လက်ပြန်ပြပြီး …

ဟိုမှာလေ။ ကိုင်ဇာက လုပ်ခိုင်းတာ၊ ခဏနေရင် စာသွားရေးရဦးမယ်။ မောင်လို့ ခေါ်ဖို့ပြင်ထား တဲ့။

ရှက်ပြုံးလေးနဲ့အမေက သီချင်းထဲကရွှေရတုဆိုတာ အနှစ် ၅၀ ကို ပြောတာ။ အခုမှ တဝက်ပဲရှိသေးတယ် ဆိုတော့ ပြုံးဖြီးဖြီးနဲ့ ပြန်ပြောပုံက “ဒါဆို စာတဝက် အရင်ရေးထားမယ် တဲ့၊

တကယ့်တကယ်မှာတော့ အဖေ့ခမျာ တဝက် ကြိုရေးထားတဲ့ စာကို အဆုံးသတ်အောင် ရေးခွင့် မရတော့သလို အမေလဲ မောင်လို့ ခေါ်ဖို့ အခွင့် မရတော့ပါဘူး၊

အမေ ၆၄နှစ် ပြည့်ချိန်မှာ အမေ့အနားမှာ ဘယ်သူမှမရှိခဲ့ဘူး၊ အဖေကလည်း မရှိတော့ပါဘူး။ သားတွေ သမီးတွေကလည်း အဝေးနယ်မှာရောက် နေခဲ့ပါတယ်။ ဒါပေမဲ့ စိတ်ဓာတ် ခိုင်မာတဲ့ အမေဟာ ၆၄နှစ်မွေးနေ့ကို အဓိပ္ပာယ်ရှိရှိ ဖြတ်ကျော်ခဲ့ပါတယ်။ တမလွန်ကအဖေ့ကို ပြန်မတွေ့ရတော့ဘူးလို့ ငိုကြွေး လွမ်းဆွတ်နေမဲ့အစား ဗုဒ္ဓဘာသာပီပီ သွားနှင့်လေသူ အတွက် ကုသိုလ်ကောင်းမှုတွေ္ပ ပို့ပေးခဲ့ပါတယ်။ အဝေးက သားသမီးတွေကို ဘယ်တော့ ပြန်တွေ့ရမှာလဲ တမ်းတနေမယ့် အစား ပြန်တွေ့ရမဲ့အချိန်မှာ ကိုယ်ကျန်းမာနေဖို့ စိတ်ကိုချမ်းသာအောင် ထားခဲ့ပါတယ်။

ဘဝဆိုတာအမြဲ အကျချည်း မဟုတ်သလို တက်ချိန်ရှိဦးမှာပါ။ ချစ်သူခင်သူတွေနဲ့လည်း အမြဲ ဝေးနေရမှာ မဟုတ်သလို တချိန် ပြန်တွေ့ကြရမှာပါ။ သူချစ်တဲ့သားသမီးတွေ အနားမှာမရှိ။ လူမမြင် အသံ မကြားရပေမယ့် အဝေးမှာ သူမရဲ့ကလေးတွေ သူ့တို့ချစ်တဲ့ အမေ့မွေးနေ့ကို ကျင်းပနေမှာ အမေသိခဲ့ပါတယ်၊

အမေနဲ့အဖေ လက်ထပ်ခဲ့တဲ့ ရွှေရတုအချိန် အနှစ် ၅၀ ပြည့်ချိန်မှာတော့ မပြည့်သေးတဲ့ အမေ့ ဆုတောင်း တဝက် ပြည့်ခဲ့ပါတယ်။ ရပ်ဝေးက သားတွေ သမီးတွေနဲ့ အမေ ပြန်ဆုံခွင့်ရခဲ့တယ်။ သားသမီးတွေ အားလုံး ကျန်းမာသလို အမေလဲ ကျန်းကျန်းမာမာပါပဲ။ ဒီပြန်တွေ့ဆုံပွဲမှာ အဖေမပါတော့ ပေမယ့် အဖေ အထောက်အထား ပြုခဲ့တဲ့ ကိုင်ဇာရဲ့သီချင်းထဲကလို မြေးတွေမြစ်တွေ တိုးပွားနေပါပြီ။

သူ့ကိုချစ်ခင်သူတွေ ဝိုင်းဝိုင်းလည်အကြားမှာအေးမြတဲ့ အပြုံးလေးနဲ့ ထိုင်နေတဲ့ အမေ့ကိုကြည့်ပြီး စပါယ်ပန်းကုံးလေး သူ့ဆံထုံးဖွေးဖွေးပေါ် တင်ပေးလို့ ပါးချောင်ချောင်ကလေးကို ဖွဖွလေးနမ်းပြီး ကျွန်မ ပြောလိုက်မိပါတယ်။

အဖေ့ကိုယ်စားအနမ်းပန်းပါအမေ

အမေက ပြုံးပြီး ကျွန်မနဖူးကို အသာလေး ပြန်ပုတ်ပါတယ်၊

အမေ့နှုတ်က ဘာမှ မပြောပေမယ့် ကျွန်မရင်ထဲ သိလိုက်ပါတယ်။

ညတိုင်း ရွှေရောင်အိပ်မက်တွေထဲမှာ အဖေ့ဆီက အနမ်းပန်းတွေ သူ အမြဲရနေမှာပါ။

တခါတခါစဉ်းစားကြည့်မိပါတယ်။ အဖေတို့ အမေတို့လို စပယ်ကုံးဖြူဖြူလေးကို ဆံပင်ဖွေးဖွေးလေးပေါ် ပန်ပေးခွင့် မကြုံလိုက်ရတဲ့သူတွေ အများကြီးရှိမှာပါ။ နောင်ဆယ်နှစ်နဲ့ နှစ်အနည်းငယ်ကျော်ပြီးရင် ကျွန်မအလှည့် ၆၄ နှစ်ပါ။

အဲဒီအချိန်ရောက်ရင်ကော က္မန်မချစ်တဲ့သူဆီက အနမ်းပန်း ရဦးမှာလား။

ကျွန်မကကော ရှိဦးမှာလား၊ ၆၄ ကို မှီဦးမှာလား၊ အမေ့လို ရဲရဲဝံ့ဝံ့ ဖြတ်ကျော်ရဲမလား။

အမေ့အပြုံးကို ငေးကြည့်ရင်းဝဲနေတဲ့ မျက်ရည်တွေ ကျ မလာအောင် ကျွန်မ ထိန်းထားရပါတယ်။

ရင်ထဲမှာတော့ဆုတောင်းပေးရင်း ဆုတောင်းရင်း ဆုကတော့ …….

အမေတိုင်း ၆၄နှစ် မွေးနေ့ကို သားတွေသမီးတွေ စုံစုံညီညီနဲ့ ချစ်သူ ခင်သူ ဝိုင်းဝိုင်းလည် ဖြတ်သန်းနိုင်ပါစေ။

သားတို့သမီးတို့တင်မက “အများ”ချစ်တဲ့ “အချစ်ဆုံးအမေ” အသက် ရာကျော်ရှည်ပါစေ၊


(သွားလေသူအဖေ။ ရှင်သန်ဆဲအမေနဲ့ အဝေးက မောင်နှမများသို့)

(ဇွန်လ ၂ရက် ၂ဝဝ၉)


မြန်မာဘာသာပြန် –


တချိန်မှာ ကိုယ် အိုမင်းလာပြီး ဆံပင်တွေ လျော့ပါး

ဆုံးရှူံးတော့မယ့် နောင် နှစ်ပေါင်းများစွာမှာပေါ့။

ကိုယ့်ကို မင်း Valentine အချစ်တွေ ဆက်ပို့ပေးနေဦးမလား။ မွေးနေ့လက်ဆောင် ဝိုင်ပုလင်းနဲ့လေ၊

တကယ်လို့ မနက်သုံးနာရီ ထိုးခါနီး တဆယ့်ငါးမိနစ် အထိ ကိုယ် အပြင်ထွက်လည်နေရင်

တံခါးကို မင်းသော့ခတ်ပစ်မှာလား။

မင်းကိုယ့်ကို လိုအပ်ဦးမှာလား။ မင်းကိုယ့်ကို ကျွေးထားဦးမှာလား။

တချိန် ကိုယ် ခြောက်ဆယ့်လေး ဖြစ်ခဲ့ရင်လေ …


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts