>refugees made in Burma

>

ဒုက္ခရောက်သူများ မြန်မာပြည်တွင် ပြုလုပ်သည်
ဒီအောင်ခင်
ဖေဖော်ဝါရီ ၆၊ ၂၀၀၉

“လူတွေ ရွာလုံးကျွတ် ထွက်ပြေးနေရတယ်” ဆိုတဲ့သတင်းကို ဖတ်လိုက်ရင် “ဟုတ်ပါ့မလား၊ ဘာကြောင့် ပြေးရတာလဲ” လို့ မေးချင်သူများ ရှိပါလိမ့်မယ်။

ဟုတ်ပါတယ်။ ရွာလုံးကျွတ် ပြေးနေရတဲ့ရွာတွေ အင်မတန် များတယ်လို့ ဆိုပါတယ်။

ရန်ကုန်သား မန္တလေးသားတွေ သင်တန်းတက်၊ ဘတ်စ်ကားတိုးစီး၊ ဗေဒင်ဆရာတွေဆီက အကြံတောင်း စတဲ့ အလုပ်တွေနဲ့ ရုန်းကန်နေချိန်မှာ ကျေးလက်ဒေသတချို့မှာလည်း သူ့နည်းသူ့ဟန်နဲ့ ရုန်းနေကြတာပါ။

ဘာကြောင့် ပြေးကြတာလဲ
ရန်ကုန်သားများ ပြေးတယ်ဆိုတာကတော့ မီးလောင်တဲ့အချိန်တွေကျမှ တရပ်ကွက်လုံး ထွက်ပြေးကြပါတယ်။ ရွာတွေမှာတော့ သေမှာကြောက်လို့ ပြေးတာပါ။

လက်နက်ကိုင် အဖွဲ့အစည်းတွေ လှုပ်ရှားတဲ့ ဒေသတွေမှာ ဒီလိုပဲ ပြေးကြရပါတယ်။ ဒီအဖွဲ့တွေ မြန်မာ့တပ်မတော်နဲ့ အပစ်ရပ်ရပ် မရပ်ရပ် အရပ်သားတွေကတော့ အပြေးမရပ်နိုင်သေးပါဘူး။

ကရင်ပြည်နယ် တောတွင်းတနေရာမှ ရွာပုန်းရွာရှောင်များ

ရွာတွေဟာ လက်နက်ကိုင်အဖွဲ့တွေ (သူပုန်တွေ) ၀င်ထွက် သွားလာတတ်တဲ့၊ အားကိုးရတဲ့ နယ်မြေတွေ ဖြစ်တယ်။ တပ်မတော်က ရွာတွေကို ရွှေ့ခိုင်း၊ ဖျက်ခိုင်းတဲ့အခါ သူပုန်တွေ အခက်အခဲတွေ့ရပါတယ်။ ရွာသားတွေကတော့ မဟာဒုက္ခရောက်တော့တာပါပဲ။ ပြေးကြရပါတယ်။

TBBC လို့ ခေါ်တဲ့ “ထိုင်း မြန်မာနယ်စပ်တလျှောက် ကူညီ စောင့်ရှောက်ရေး ညွန့်ပေါင်းအသင်း”ရဲ့ အင်တာနက်စာမျက်နှာ www.tbbc.org မှာ မြန်မာ အင်္ဂလိပ် နှစ်ဘာသာနဲ့ ဒီအကြောင်းအရာတွေကို လေ့လာနိုင်ပါတယ်။

တပ်မတော်က ရွာသားတွေကို မြို့ပေါ်တက်ဖို့ အမိန့်ပေးတယ်၊ တခါတရံ စုစည်းကျေးရွာတွေဘက်ကို ပြောင်းခိုင်းတယ်၊ ဒီလိုလုပ်တဲ့အတွက် တပ်မတော်က နယ်မြေစိုးမိုး ထိန်းချုပ်ဖို့ ပိုလွယ်တယ်၊ ရွာသားတွေ ရွာပြန်လာလို့ မရအောင် အိမ်တွေကို မီးရှို့ ဖျက်ဆီးလိုက်တယ်လို့ အဲဒီ ၀က်ဘ်ဆိုက်မှာ ရေးထားပါတယ်။

ရွာသားများရဲ့ ဆန္ဒ
“မြေမြုပ်မိုင်းတွေလည်း မဖြုတ်ဘူး၊ (နအဖ) တပ်တွေလည်း ထွက်မသွားဘူး ဆိုရင် ကျနော်တို့ ပြန်သွားလို့ မဖြစ်ပါဘူး။ ကျနော်တို့တတွေ လိုချင်တာက ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ရပြီး ကိုယ့်ရွာ ကိုယ်ပြန်နေဖို့ပါပဲ” တဲ့။

ကရင်ပြည်နယ် သံတောင်မြို့နယ်က နေရပ်စွန့်ခွာခဲ့ရသူတယောက်ရဲ့ ပြောပြချက် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အနှစ် ၂၀ အတွင်း သူပုန်အဖွဲ့တွေ အပစ်အခတ် ရပ်စဲကြ၊ စခန်းကြီးတွေ အသိမ်းခံကြရတယ်၊ ဒါကြောင့် မြန်မာ့တပ်မတော်ဟာ “ယခင် မည်သည့်အခါကမျှ မရောက်ရှိခဲ့ဖူးသော နယ်မြေများသို့ တိုးချဲ့ ၀င်ရောက်လာနိုင်ခဲ့သည်” လို့ TBBC ရဲ့ အင်တာနက် စာမျက်နှာမှာ ရေးထားပါတယ်။ ဒုက္ခရောက်နိုင်ချေရှိတဲ့ရွာတွေ ပိုများလာတဲ့သဘောပါ။

ဒုက္ခတွေ ရောက်ပေမယ့်လည်း လူဆိုတာ ကိုယ့်ရပ်ရွာ၊ ကိုယ့်လုပ်ငန်းကို ချစ်တတ်ခင်တတ်ကြတော့ ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်ခဲ့တဲ့ လယ်ယာလုပ်ငန်းခွင်ရှိရာကို တိတ်တဆိတ် ပြန်ပြီး ၀င်ရောက် လုပ်ကိုင်တတ်သူတွေလည်း ရှိပါတယ်။ မြန်မာ့တပ်မတော်က ဒါမျိုးတွေကို မကြိုက်ပါဘူး။ ဒီလူတွေ ပြန်မလာအောင်လုပ်ဖို့က သူတို့မှာ နည်းလမ်းတွေ အများကြီး ရှိတတ်ပါတယ်။

တိုးတက်မှု
ကရင်ပြည်နယ်၊ ပဲခူးတိုင်းတို့မှာ တပ်မတော်ရဲ့ ရန်ကြောင့် ရွာသား ၆၀၀၀၀ (ခြောက်သောင်း) ကျော် ပုန်းနေရတယ်၊ ဒါပေမယ့် ရွာသားတွေအပေါ် “စစ်ရေးအရ တိုက်ရိုက် တိုက်ခိုက်မှုများ လျော့ကျသွားခဲ့”တယ်လို့ ဆိုပါတယ်။

ရှမ်း၊ ကယား၊ ကရင်၊ ပဲခူး၊ မွန်၊ တနင်္သာရီ ဒေသတွေမှာ အိုးအိမ်စွန့်ပြီး ထွက်ပြေးရသူပေါင်း လေးသိန်းခွဲ ရှိနေတယ်၊ ၂၀၀၇ နဲ့ ယှဉ်လိုက်ရင်တော့ ၂၀၀၈ ထဲမှာ ရွာပြောင်းပြေးရသူ အရေအတွက် ဆယ်ရာခိုင်နှုန်း ကျသွားတယ်လို့ အဲဒီ ၀က်ဘက်ဆိုက်မှာ ရေးထားပါတယ်။

ဒုက္ခသည်စခန်းထဲက ဒုက္ခသည်
ကိုယ့်ရွာက စစ်မြေပြင်ဖြစ်လာတဲ့အတွက် ရွာသားတွေ ထွက်ပြေးရတယ်။ ထိုင်းနိုင်ငံဘက်က ဒုက္ခသည်စခန်းတွေထဲကို ပြေးဝင်ရတယ်။ ရွာတွေကနေ မောင်းထုတ်ခံရသူတွေလည်း စခန်းထဲ ၀င်ပြေးကြတယ်။ (အထက်မှာ ဆိုခဲ့သလို ကိုယ့်ဒေသမှာပဲ ကြိတ်မှိတ်ပြီး ရှောင်တိမ်းနေသူတွေလည်း ရှိတယ်)
စခန်းထဲမှာ တဲထိုး၊ ဖက်မိုးပြီး နေကြတယ်။

စခန်းထဲမှာ လူတွေ အများကြီးမို့ ပျော်စရာကြီးလို့ ထင်တဲ့သူတွေလည်း ရှိနိုင်တယ်။ ဒါပေမယ့် တလကို ရက် ၃၀၊ တနှစ်ကို ၁၂လ စခန်းကြီးထဲမှာပဲ နေနေရတော့ စခန်းကြီးက သူတို့အတွက် အကျဉ်းထောင်ကြီးလို ဖြစ်လာတယ်။

ဒါကတော့ မယ်လ (ဘဲကလော်) ဒုက္ခသည်စခန်းထဲက မြင်ကွင်းတခု ဖြစ်ပါတယ်။ ဒီလူက ဒီစခန်းထဲ ရောက်နေတာ ၂၁ နှစ် ရှိသွားပါပြီ။

ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းတွေမှာ လူပေါင်း တသိန်းခွဲ ရှိတယ်လို့ TBBC ၀က်ဘ်ဆိုက်က ဆိုပါတယ်။ ဒုက္ခရောက်သူ အရေအတွက် တသိန်းခွဲဆိုတာ နည်းတဲ့ ပမာဏ မဟုတ်ပါဘူး။ မြန်မာပြည်ထဲကနေ လူတွေ ဒီလိုဖြစ်နေကြတယ်ဆိုတာ ရန်ကုန်၊ မန္တလေးကလူတွေ သိမှ သိပါလေစ။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts