>Rumors says Raid Planning on NLD HQ

>

လုံထိန်းများက အန်အယ်ဒီရုံးချုပ်ကို ၀င်ရောက် စီးနင်းမည်ဟု သတင်းများ ထွက်ပေါ်
မိုးမခ အထောက်တော်၊ ရန်ကုန်
၂၃း၀၀ နာရီ ဇူလိုင် ၈၊ ၂၀၁၁


ရန်ကုန်မြို့ ရွှေဂုံတိုင်ရပ်ရှိ NLD ရုံးချုပ် အနီးတ၀ိုက်တွင် ယနေ့ညနေပိုင်းတွင် လုံထိန်းအင်အား ချထားသည်ဟု ပြောဆိုလျက်ရှိပြီး ၀င်ရောက် စီးနင်းမည် ဆိုသည့် စိုးရိမ် ပူပန်မှုများလည်း ထွက်ပေါ်နေသည်ဟု သိရှိရသည်။

“ညနေကတည်းက သတင်း ထွက်နေတယ် ပြောတယ်။ ရုံးမှာ လူငါးယောက် စောင့်အိပ်နေပါတယ်။ သူတို့နဲ့ အခုချိန်ထိ အဆက်အသွယ် ရတယ်။ ဘာကြောင့် ထွက်တယ်တော့ မသိဘူး သူတို့ဘက်က သတင်းပေါက်လို့ ပြန်ဆုတ်သွားတာလားလို့လဲ တွေးမိတယ်” ဟု NLD လူငယ်တစ်ဦးက ပြောပြသည်။

ရုံးတွင် စောင့်အိပ်နေသည့်သူများ ပြောပြချက်အရ ရုံးရှေ့ လုံခြံရေး ယခင်ထက် အနည်းငယ် ပိုသည်မှ လွဲပြီး မည်သည့် ထူးခြားချက်မှ မတွေ့ရကြောင်းလဲ အဆိုပါ လူငယ်ကပင် ပြောပြခဲ့သည်။
“ဦးအုန်းကြိုင်ကို ဖုန်းဆက် မေးကြည့်တော့လဲ သူလဲ အဲဒီ သတင်းတွေပဲ ထိုင်ဖြေနေရတာ တဲ့။ ဘယ်က ဘယ်လို သတင်း ထွက်တယ် မသိဘူးတဲ့။ ပထမကြားတာတော့ ဒီည ရုံးကို ၀င်စီးမယ်။ စာရွက်စာတမ်းတွေ သိမ်းမယ်လို့ကြားတယ်။ နောက်တော့ သူတို့ဘက်က ပြန်ဆုတ်သွားတယ် ကြားတယ်”ဟု ပြည်တွင်း သတင်းထောက် တစ်ဦးက ပြောပြသည်။

NLD သည် တရားဝင်ပါတီ အဖြစ်မှ ပျက်ပြယ်ခဲ့ပြီး ဖျက်သိမ်းပြီးသော ပါတီဖြစ်သဖြင့် မည်သည့် နိုင်ငံရေး လုပ်ဆောင်မှုမှ လုပ်ဆောင်ခွင့် မရှိဟု ပြည်ထဲရေး ၀န်ကြီးက NLD ခေါင်းဆောင် ဦးအောင်ရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်ထံ လိပ်မူသော စာကို ပေးပို့ခဲ့ပြီး ထိုအကြောင်းကို အစိုးရ သတင်းစာများတွင် ဖေါ်ပြခဲ့သည်။

“ အဲလို စာပို့ပြီးကတည်းက ဘာတွေ ဖြစ်လာမယ် ဆိုတာ စောင့်ကြည့်နေကြတယ်။ သူတို့ဘက်က အတိုင်းအတာ တစ်ခုခု အထိတော့ အရေးယူမှု ပြုလိမ့်မယ်လို့ ထင်ထားတယ်။ အခုကိစ္စကလဲ သွေးတိုးစမ်း ကောလဟလ လွှင့်တာလား နောက်မှ သတင်းပေါက်လို့ ပြန်ဆုတ်တာလား မပြောနိုင်ဘူး။ စောင့်ကြည့်ရမှာပဲ” ဟု ပြည်တွင်း သတင်းထောက် တစ်ယောက်က ပြောသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည့် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် ရန်ကုန်မြို့ ပြင်ပသို့ ပထမဆုံး ခရီးထွက်ခြင်းကို ယခု သီတင်းပတ် တနင်္လာနေ့တွင် စတင်ခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts