>World News in Variety and Brief – Sept 20th 2008

>

ထူးထူးခြားခြား ကမ္ဘာတလွှား၊ နိုင်ငံတကာသတင်း တိုထွာ

မိုးမခ အထောက်တော် ၀၀၈

စက်တင်ဘာ ၂၀၊ ၂၀၀၈

တရုတ်ပြည်က နို့မှုန့်နှင့် နို့ထွက်ပစ္စည်းကို ရှောင်ရှားပါ

ကမ္ဘာ့အသက်အရှည်ဆုံးယောက်ျား ၁၁၃ နှစ်ပြည့်

ကမ္ဘာ့ အရပ်အပုဆုံးနှင့် ခြေထောက်အရှည်ဆုံး

ခွေးက ၉၁၁ ကိုခေါ်

ဗီဇလက္ခဏာဆောင် ဓာတုပစ္စည်း (DNA) ကို သုံး၍ ခွေးမစင်ကို စစ်ဆေး

ဆိုးလ် ရဲက ပြည့်တန်ဆာလုပ်ငန်းကို အရှိန်မြှင့်၍ နှိမ်နှင်းနေ



တရုတ်ပြည်က နို့မှုန့်နှင့် နို့ထွက်ပစ္စည်းကို ရှောင်ရှားပါ

(စက်တင်ဘာ ၁၈၊ အေအက်ဖ်ပီ)

တရုတ်ကုမ္ပဏီ ၃ ခု၏ နွားနို့၊ နို့မှုန့်နှင့် အခြားနို့ထွက်ပစ္စည်းများတွင် တားမြစ်ထားသော မယ်လမင်း(melamine) ဓာတုပစ္စည်းကို ထည့်သုံးထားသောကြောင့် ကလေးများ အဆိပ်သင့်ကာ သေဆုံးသူ လေးဦးရှိပြီး ၆၀၀၀ ကျော် ဖျားနာနေသည်ဟု တရုတ်ကျန်းမာရေးဝန်ကြီး Chen Zhu က အတည်ပြု ပြောကြားသည်။

မယ်လမင်းပါဝင်သည့် နို့မှုန့်နှင့် နွားနို့တံဆိပ်များမှာ Sanlu, Yili, Mengniu, Guangming တို့ဖြစ်သည်ဟု တရုတ်အစိုးရပိုင် သတင်းတွင် ဖော်ပြထားသည်။ ဟောင်ကောင်တွင် ရောင်းချသည့် Yili မှထုတ်သည့် ရေခဲမှုန့်၊ ဒိန်ချင်တို့တွင်လည်း မယ်လမင်းပါဝင်သည်ဟု ဟောင်ကောင် အစားအသောက်နှင့်လုံခြုံရေးဌာန အကြီးအကဲ Constance Chan က ပြောကြားသည်။

ယင်းကိစ္စကြောင့် တရုတ်ပြည်နှင့်ဟောင်ကောင်တွင် မယ်လမင်းပါဝင်သည့် နို့နှင့်နို့ထွက်ပစ္စည်းအားလုံးကို ဆိုင်များမှ ဖယ်ရှားပစ်ရန်နှင့် မသုံးစွဲရန် သတိပေးထားသည်။ မယ်လမင်းအဆိပ်သင့်သည့် သတင်းကြောင့် တရုတ်ပြည်မှ မိဘများစွာတို့သည် စိုးရိမ်ထိတ်လန့်ကာ သူတို့၏ကလေးငယ်များကို နီးစပ်ရာ ဆေးရုံများသို့ခေါ်သွားပြီး စစ်ဆေးမှုများ ပြုလုပ်ကြသည်။

ထောင်ချီသော မိဘများသည်လည်း နို့ပစ္စည်းထုတ်လုပ်သည့် ကုမ္ပဏီ ၃ခု၏ ရုံးချုပ်သို့သွားရောက်ပြီး ဖြေရှင်းချက်ကို တောင်းဆိုခဲ့ကြသည်။ အဆိုပါကိစ္စကြောင့် လူ ၁၈ ယောက်နှင့် Sanlu ကုမ္ပဏီက ဥက္ကဋ္ဌကို ဖမ်းဆီးခဲ့ပြီး ကုမ္ပဏီတည်ရှိရာ Shijiazhuang မြို့၏ မြို့တော်ဝန်ကိုလည်း ရာထူးမှ ဖယ်ရှားခဲ့သည်ဟု ဆင်ဟွာသတင်း(Xinhua) မှ ဖော်ပြထားသည်။

တရုတ်ကုမ္ပဏီ ၂ ခုမှ မယ်လမင်းပါဝင်သည့် နို့ထွက်ပစ္စည်းများ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ နှင့် အာဖရိကနိုင်ငံတချို့သို့ တင်ပို့ခဲ့သည်ဟု သိရသည်။



ကမ္ဘာ့အသက်အရှည်ဆုံးယောက်ျား ၁၁၃ နှစ်ပြည့်

(စက်တင်ဘာ ၁၈၊ အေပီ သတင်း)

ဂျပန်နိုင်ငံ ကျူရှူးကျွန်း မီယားကိုနိုးဂျို (Miyakonojo) မြို့မှ ထိုမိုးဂျီ ထာနဘဲ (Tomoji Tanabe) သည် ကမ္ဘာ့အသက်အရှည်ဆုံး ယောက်ျားဖြစ်ပြီး စက်တင်ဘာ ၁၈ ရက်နေ့တွင် အသက် ၁၁၃ နှစ်ပြည့်သွားသည်။

သူ့ကို စက်တင်ဘာ ၁ဂ ရက် ၁၈၉၅ နှစ်တွင် မွေးဖွားခဲ့သည်။ မွေးနေ့တွင် မြို့တော်ဝန်က လက်ဆောင်၊ ပန်းစည်းနှင့် ငွေသား ဒေါ်လာ ၁၀၀၀ တို့ကို ထိုမိုးဂျီအား ပေးခဲ့သည်။ ထိုမိုးဂျီက နောက်ထပ် ငါးနှစ်လောက် နေလိုသေးကြောင်း သတင်းထောက်ကို ပြောကြားခဲ့သည်။ ယခင်က မြေတိုင်းစာရေးလုပ်ခဲ့သော ထိုမိုးဂျီသည် သားနှင့်ချွေးမတို့နှင့် နေထိုင်လျက်ရှိပြီး ကျန်းမာစွာရှိသည်။

ဂျပန်နိုင်ငံသည် သက်တမ်းအရှည်ဆုံး နိုင်ငံများအနက်မှ တစ်ခုဖြစ်ပြီး ပျှမ်းမျှအားဖြင့် အမျိုးသမီးသည် ၈၆ နှစ်နှင့် အမျိုးသားသည် ၇၉ နှစ် ရှိသည်။ ဂျပန်နိုင်ငံ၌ အသက် ၁၀၀ ကျော်သည့် လူဦးရေ ၃၆,၀၀၀ ရှိပြီး ကမ္ဘာ့ကုလသမဂ္ဂ၏ ခန့်မှန်းတွက်ချက်မှုအရ ၂၀၅၀ နှစ်တွင် သက်ရာကျော်မည့် ဂျပန်လူဦးရေ ၁ သန်းရှိလိမ့်မည်ဟု သိရသည်။

ကမ္ဘာ့အသက်အရှည်ဆုံးလူသားမှာ အသက် ၁၁၅ နှစ်ရှိ Edna Parker ဖြစ်ပြီး သူမသည် အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ်တွင် နေထိုင်လျက်ရှိသည်။



ကမ္ဘာ့ အရပ်အပုဆုံးနှင့် ခြေထောက်အရှည်ဆုံး

(စက်တင်ဘာ ၁၆၊ အေပီ သတင်း)

၂၀၀၉ နှစ် ကမ္ဘာ့အံ့ဖွယ်မှတ်တမ်း စာအုပ် (Guinness World Records) ကြော်ငြာအတွက် ကမ္ဘာ့အပုဆုံးယောက်ျားနှင့် ခြေထောက်အရှည်ဆုံး မိန်းမ တို့နှစ်ဦးကို လန်ဒန်မြို့လယ်ရှိ ထရာဖဲဂါရင်ပြင် (Trafalgar Square) ၌ ပြသရာ လူအများ၏ စိတ်ဝင်စားမှု ရခဲ့သည်။



တရုတ်ပြည်မှ အသက်၂၀ ရှိ ဟေပင်းပင်း (He Pingping) သည် လမ်းလျှောက်နိုင်သည့် ကမ္ဘာ့အပုဆုံး လူသားဖြစ်ပြီး အရပ် ၂ ပေ ၅.၃၇ လက်မ သာရှိသည်။ ရုရှားပြည်မှ အသက် ၃၆ ရှိ ပင်ခရာတိုဗာ (Pankratova) သည် ကမ္ဘာ့ ခြေထောက်အရှည်ဆုံး အမျိုးသမီးဖြစ်ပြီး သူမ၏ ခြေထောက်အရှည်မှာ ၄ ပေ ၄ လက်မ ရှိသည်။ သူမ၏ အရပ်မှာ ၆ ပေ ၄ လက်မ ရှိသည်။



ခွေးက ၉၁၁ ကိုခေါ်

(စက်တင်ဘာ ၁၅၊ CBS 5 သတင်း)

အာရီဇိုးနားပြည်နယ် စကော့ဒေးလ်(Scottsdale) မြို့၌ လေသင်တုန်းဖြတ် ဝေဒနာခံစားနေရသည့် သခင်ဖြစ်သူအတွက် ခွေးက အရေးပေါ် ၉၁၁ နံပတ်ကို နှိပ်ပြီး ရဲကိုအကြောင်းကြားခဲ့သည်။

ဖုန်းလက်ခံသည့် ရဲ Chris Trott က ပြောပြရာတွင် သူမသည် တဖက်မှ ခွေးတအီအီအော်သံကို ကြားရကြောင်း၊ နောက်မှ ထိုခွေးသည် Buddy ဟုခေါ်ပြီး ဆယ့်ရှစ်လအရွယ် ဂျာမန်ရှက်ပဒ်(shepherd) ခွေးဖြစ်ကြောင်း၊ ယခုသည် တတိယအကြိမ်မြောက် သူ့သခင်ကို ကယ်တင်ခြင်းဖြစ်သည်။

ခွေးပိုင်ရှင် Joe Stalnaker သည် လွန်ခဲ့သည် ဆယ်နှစ်က စစ်မှုထမ်းနေစဉ်အတွင်း မတော်တဆ တိုက်ခိုက်ဒဏ်ရာရကာ ဦးနှောက်ကို ထိခိုက်ခဲ့ပြီး လေသင်တုန်းဖြတ်ဝေဒနာ ဖြစ်လေ့ရှိခဲ့သည်။ Buddy ကို ရှစ်လသားအရွယ်မှ မွေးစားခဲ့ပြီး သူဝေဒနာခံစားနေသည်ကို သိနားလည်ရန်နှင့် နံပတ်တစ်ခုတည်းဖြင့် ၉၁၁ သို့ဆက်သွယ်နိုင်ရန် အထူးလေ့ကျင့်ပေးခဲ့သည်။

” Buddy က လူလို ၉၁၁ ကို လှည့်တာမဟုတ်ပါဘူး၊ သူဖုန်းကို သွားနဲ့ကိုက်ပြီးယူတဲ့အခါ သူ့ရဲ့သွားတစ်ချောင်းက အဲဒီ အထူးနံပတ်ကို ဖိထားတတ်တယ်၊ သုံးစက္ကန့်ဆက်တိုက်ဖိထားရင် အလိုအလျောက် ရဲစခန်းကို အကြောင်းကြားတယ်” ဟု ဂျိုးက ပြောပြသည်။

ဗီဇလက္ခဏာဆောင် ဓာတုပစ္စည်း (DNA) ကို သုံး၍ ခွေးမစင်ကို စစ်ဆေး

(စက်တင်ဘာ ၁၆၊ ရိုက်တာ သတင်း)

ဒီအင်အေဖြင့် ခွေးမစင်ကို စစ်ဆေးပြီး ခွေးပိုင်ရှင်များအား ဆုပေးဒဏ်ပေးစံနစ်သုံးရန် အစ္စရေးနိုင်ငံရှိ Petah Tikva မြို့က လာမည့် အပတ်တွင် စတင်မည်ဟု သိရသည်။

ယင်းအစီစဉ်ကို ခြောက်လစမ်းသပ်မှု အနေဖြင့် ပြုလုပ်မည်ဖြစ်ပြီး ဒီအင်အေ ရယူရန် ခွေးများကို တိရိစ္ဆာန်ဆေးရုံသို့ ခေါ်လာရန် ပိုင်ရှင်များကို အကြောင်းကြားခဲ့သည်။ ဒီအင်အေကို ခွေး၏ပါးစပ်မှ ရယူမည်ဖြစ်ပြီး ခွေးပိုင်ရှင်နာမည်နှင့် မှတ်တမ်းပြုစုမည်ဟု သိရသည်။

ခွေးမစင်ကို သတ်မှတ်ထားသောပုံးထဲသို့ ထည့်သည့် ပိုင်ရှင်ကို ဆုအဖြစ် ခွေးအစာ၊ ခွေးကစားသည့် အရုပ် တို့ကို ပေးမည်ဖြစ်ပြီး၊ ခွေးမစင်ကို စည်းကမ်းမဲ့ စွန့်ပစ်ထားသည့် ပိုင်ရှင်ကို ငွေဒဏ်သတ်မှတ်မည်ဟု သိရသည်။

“ရည်ရွယ်ချက်က ပတ်ဝန်းကျင်ကို အမြဲသန့်ရှင်းအောင် ပြည်သူများပါ ပါဝင်လာစေဖို့ ဖြစ်ပါတယ်၊ လူအများစုက ဒီအစီအစဉ်ကို စိတ်ဝင်စားပြီး ထောက်ခံကြပါတယ်” ဟု တိရိစ္ဆာန်ဆရာဝန်အဖွဲ့အစည်း၏ ဥက္ကဌ Tika Bar-On က ပြောကြားသည်။ ခြောက်လစမ်းသပ်မှု အောင်မြင်ပါက ခွေးအားလုံး၏ ဒီအင်အေမှတ်တမ်းရှိရန် ဥပဒေအဖြစ် သတ်မှတ်ရန် ကြိုးစားသွားမည်ဟု Tika က ဆက်လက်ပြောပြသည်။


ဆိုးလ် ရဲက ပြည့်တန်ဆာလုပ်ငန်းကို အရှိန်မြှင့်၍ နှိမ်နှင်းနေ

(စက်တင်ဘာ ၁၇၊ အေအက်ဖ်ပီ သတင်း)

အဖွဲ့ဝင် ၂၇၀ ပါဝင်သော ကိုရီးယားအထူးရဲတပ်ဖွဲ့သည် ဆိုးလ်မြို့(Seoul) အရှေ့ပိုင်း Jangan ဒေသအတွင်းရှိ အနှိပ်သည်ခန်းနှင့် ပြည့်တန်ဆာခန်းများကို ၀င်ရောက်ဖမ်းဆီးကာ စုစုပေါင်း တန်ချိန် ၁၀၀ ရှိသော ကုတင်များ ရေချိုးဇလုံများကိုပါ သိမ်းယူဖျက်ဆီးခဲ့သည်။

ရဲတပ်ဖွဲ့၏ ဇူလိုင် ၂၈ ရက်နေ့မှ စတင်သော ပြည့်တန်ဆာလုပ်ငန်းနှိမ်နှင်းရေးကို ကန့်ကွက်သောအားဖြင့် ပြည့်တန်ဆာလုပ်ငန်းပိုင်ရှင် တစ်ဦး ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့သည်။

သို့ရာတွင် ရဲတပ်ဖွဲ့မှ တိုက်ဖျက်ရေးလုပ်ငန်းကို ဆက်လက်အရှိန်မြှင့် ဆောင်ရွက်သွားမည်ဟု သိရသည်။

တောင်ကိုရီးယားနိုင်ငံသည် ပိုမိုတင်းကြပ်သည့် ပြည့်တန်ဆာလုပ်ငန်းတိုက်ဖျက်ရေး ဥပဒေကို ၂၀၀၄ နှစ်တွင် အတည်ပြုခဲ့ပြီး ပြည့်တန်ဆာနှင့် ဆက်ဆံသောသူအား ကိုရီးယားငွေ ၀မ် သုံးသန်း (ဒေါ်လာ ၂၆၈၈) နှင့် လုပ်ငန်းပိုင်ရှင်အား ထောင်ဒဏ် ၁၀ နှစ်အထိ သို့မဟုတ် ဒဏ်ငွေ ၀မ် သန်း ၁၀၀ အထိ ပြစ်ဒဏ် သတ်မှတ်ထားသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts