>Pai’s poem 01

>

မြက်ခင်းဒေသရက်အင်ဒီးယန်းများကို နောက်တကြိမ်

ပိုင်

စက်တင်ဘာ ၂၀၊ ၂၀၀၈

နှစ်တွေ တည်မြဲစွာ ပုန်းခိုစောင့်ကြည့် မြက်ခင်းဒေသဆီ ပြန်လာတဲ့နေ့

ဆံပင်နီနီတွေထောင်ထ ရက်အင်ဒီးယန်း သုံးလေးယောက် တွေ့ရ

သူတို့ရှေ့က ဖြတ်အသွား သွေးဆာမျက်လုံးတွေ စူးစူးစိုက်စိုက်ကြည့်နေရဲ့

အဆောက်အဦ တော်တော်များများလည်း ရောက်လို့

နေ့ခင်းလေဟာ ပြင်းပြင်းထန်ထန် သံထည်တွေကိုတောင် မြည်စေ

အိမ်တွေကိုကြည့်သွားပေမယ့် မျက်နှာသိတယောက်မှ မတွေ့ရ

ခုချိန်မှာ လူဟောင်းက လူစိမ်းဖြစ် အနေခက်ရ

မြက်ခင်းဒေသကို သင်္ဘောကျင်းခုက ဝါးမြိုထား

ခေါင်မိုးတွေအစား ရန်လိုနေတဲ့သင်္ဘောဦး ဆယ်ခုလောက်ရဲ့ ငုံ့ကြည့်ခံရ

လူတစ်ယောက်အနေနဲ့ ကိုယ်ထည်အရိပ်ကြီးတွေ ကွယ်ထား နေဝင်ချိန်ထဲ

အရင်က ရှိခဲ့ဖူးတာတွေကို ရှာဖွေနေရတာ သေးနုပ်လွန်းလှ

တစ်နေရာအရောက်မှာ စိုစိမြေပေါ် ထိုင်ချ

အနားမှာရပ်နေတဲ့ ကြမ်းကြမ်းထော်ထော်မျက်နှာတယောက်ကို မေးလိုက်

‘ဒါတွေ ကြာပြီလား’၊ ချက်ချင်းပဲ တုံ့ပြန်ပါတယ်၊

‘ကြာသွားတဲ့အရာတိုင်း မကြာခင်မှာပဲ ပြန်ပြန် စနေရတယ်’

လာရာလမ်းဖက် ပြန်ကြည့်

စောစောက ရက်အင်ဒီးယန်းသုံးလေးယောက်

သူတို့ ထိုင်နေရာမှာ မရှိတော့

လူသေလိုနေ့တွေနဲ့ မြက်ခင်းဒေသမှာ မမြင်ဖူးတဲ့

လူတွေ အိမ်တွေ သံနံ့တွေ

အတည်တကျ အတိတ်ဆီ ပြန်ဝင်ဖို့လုပ်တော့

အတိတ်ဟာ တခြားအရာတွေနဲ့ ပြည့်နှက်

ဆက်ပြီး ရက်အင်ဒီးယန်းတွေကို တွေ့ရဦးမလား

ရက်အင်ဒီးယန်းတွေကို ဘယ်သူခေါ်လာခဲ့ပါလိမ့်

သင်္ဘောတွေကို ကုန်းပေါ်တွန်းတင်ရင်း ရောက်လာကြတာလား

သူတို့အနေနဲ့ လူစိမ်းကို ဧည့်ခံမလား တိုက်ခိုက်မလား မကွဲပြား

တွေ့ဆုံ စကားပြောကြည့်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်သေး

မြက်ခင်းဒေသတစ်ခုလုံးရဲ့ မှောင်ချိန်ပြန်ထွက်လာ

ဟိုတနေရာ ဒီတနေရာ မီးရောင်တွေ ထွက်လို့

တိုးသဲ့သဲ့စကားပြောသံတွေ ရောထွေးလို့

နောက်တနေ့ပြန်လာရင် ဆံပင်နီနီတွေ ထောင်ထ

ရက်အင်ဒီးယန်းသုံးလေးယောက်ကို တွေ့ရဦးမလား။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts