>Tint Lwin – I-Paper and the Scribd and Burmese Literature

>

I Paper သို့မဟုတ် သတင်းအချက်အလက်များ ဖလှယ်ရာ ၀က်ဆိုက် Scribd

တင့်လွင်

ဖေဖော်ဝါရီ ၆၊ ၂၀၀၉

အင်တာနက် အွန်လိုင်းပေါ်မှာ တဦးနဲ့ တဦးမသိကြပေမယ့် ကိုယ်မှာရှိတဲ့ သတင်း၊ စာတမ်း ။ အချက်အလက်မှတ်တမ်းများကို မိမိလိုပဲ စိတ်ဝင်စားသူတွေကို ဝေငှလိုတယ် ဆိုရင် ဒါမှမဟုတ် ကိုယ့်ရဲ့ မှတ်တမ်း မှတ်ရာဖိုင်တွေကို မိမိဘာသာသိမ်းဆည်းထား ချင်ရင် www.Scribd.com ၀က်ဆိုက်ဟာ အဲဒီလို ကိစ္စမျိုးကို အခမဲ့ဆောင်ရွက်ပေးတဲ့ ၀က်ဆိုက်တခု ဖြစ်ပါတယ်။

အွန်လိုင်းပေါ်မှာ မိမိရဲ့ ဖိုင်တွေကို အခမဲ့သိမ်းထားနိုင်တဲ့ ၀က်ဆိုက်တွေ အများအပြားရှိတဲ့ အနက် scribd ကတော့ မှတ်တမ်း မှတ်ရာဖိုင်တွေ ဘာမဆို ၀က်ဆိုက်ပေါ်တင်ပြီး သိမ်းထားခြင်း ၊ အများသူပါကြည့်နိုင်အောင် လည်း လုပ်ဆောင်နိုင်တဲ့ ၀က်ဆိုက်ဖြစ်ပါတယ်။

မိုက်ကရိုဆော့ ၀ဒ်ဖိုင် (DOC) အမျိုးအစား ကအစ ပီဒီအက်ဖ် (PDF) အလယ် ပါဝါပွိုင့်၊ အိတ်စဲလ် (PPT, XLS) ဖိုင်အဆုံး အားလုံး `အပ်လုပ်´ (upload) လုပ်နိုင်ပြီး ၀က်ဆိုက်ပေါ်မှာ မကူးယူပဲ ကြည့်မယ်ဆိုရင် scribd က အဒိုဘီ ဖလက်ရှ် ပလေယာ (Adobe Flash Player) နည်းပညာဖြင့် ဖတ်ရှုနိုင်အောင် လုပ်ဆောင်ပေးပါတယ်။

“ဖလက်ရှ် ပလေယာဟာ” ဓါတ်ပုံဖိုင် စာဖိုင်တွေကို မြန်ဆန်စွာ၊ ပေါ့ပါးစွာ ကြည့်နိုင်အောင် ပြုလုပ်ပေးတဲ့ နောက်ဆုံးပေါ်နည်း ပညာ ဖြစ်တာကြောင့် စာမျက်နှာ ၈၀၀ ၊ ၁၀၀၀ ကျော်ရှိတဲ့ မြန်မာဘာသာ အီး ဘွတ်ခ်(e-book) ကိုတောင်မှ စကန့်ပိုင်းအတွင်း ဆွဲယူ ကြည့်ရှုနိုင်ပါတယ်။ ထို့ပြင် အွန်လိုင်းပေါ်တင်သူက “ဒေါင်းလုပ်” လုပ်ယူခွင့်ပြုထားတယ် ဆိုလျင် နဂို မိုက်ခရိုဆော့ ၀ဒ်ဖိုင် လိုဖြစ်စေ၊ ပီဒီအက်ဖ် ဖိုင်အမျိုးအစားနဲ့ ဖြစ်စေ ကူးယူသိမ်းဆည်း နိုင်တာတွေ့ရပါတယ်။

Scribd ၀က်ဆိုက်မှာ မြန်မာဘာသာဖြင့် ဂျာနယ်များ၊ မဂ္ဂဇင်းများမှ အစ လုံးချင်းဝတ္တု အတော်များများ တင်ထားကြပြီး ယခုနောက်ပိုင်း မြန်မာဘာသာ အင်တာနက် သတင်းတွေကို စုဆောင်းပြီး နေ့စဉ်တင်ပေးနေသူများလည်း ရှိတာကြောင့် သတင်း ၀က်ဆိုက်တွေကို တဦးချင်း လိုက်လံကြည့်ရှုစရာမလိုပဲ တနေ့တကြိမ် scribd ကိုဝင်ကြည့်ပြီးတော့လည်း ဖတ်ရှုနိုင်တာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်ဝန်းကျင်က စတင်ခဲ့တာ ဖြစ်ပေမယ့် အချိန်တိုအတွင်းမှာပဲ သိရှိသူ တဖြည်းဖြည်းများ ပြားလာခဲ့ပြီး ယခုဆို ဖိုင်ပေါင်း ၂သန်းကျော် တင်ထားတဲ့ ၀က်ဆိုက်တခုဖြစ်နေပါပြီ။ တည်ထောင်သူတွေကတော့ ထုံးစံအတိုင်း အမေရိကန် နိုင်ငံမှာ အိုင်တီပညာ ရပ်များ ထွန်းကားတဲ့ ဆန်ဖရန်စစ္စကို ဧရိယာကပဲ ဖြစ်ပါတယ်။ အိုင်တီ နဲ့ပတ်သက်တဲ့ နယ်ပယ်မှာ စိတ်ကူးသစ်၊ နည်းပညာသစ်တွေကို လူငယ်တွေက ရှာဖွေဖေါ်ထုတ်ကြတာ ဖြစ်လို့ ယခုဝက်ဆိုက်ကို လည်း လူငယ် တွေကပဲ ထူထောင်ခဲ့ကြတာပါ။

ကျောင်ပြီးခါစ အရွယ် လူငယ်တွေ ထူထောင်တာ ဖြစ်လို့ ၀က်ဆိုက်တခုကို ဒေါ်လာသောင်းဂဏန်း အနည်းငယ်နဲ့ စတင်ထူထောင်ခဲ့ကြတာပါ။ ယခုလက်ရှိကာလမှာ ၀င်ကြည့်သူနဲ့ သုံးစွဲသူဦးရေ ၂၁ သန်းကျော်ရှိနေတဲ့ အထိအောင်မြင်နေတဲ့ ၀က်ဆိုက်တခုဖြစ်လာပါပြီ။

မြန်မာဘာသာနဲ့ တင်ထားတဲ့ သတင်းတွေ၊ စာတမ်းတွေ၊ ဗဟုသုတရစရာ စာတမ်းများ၊ နိုင်ငံရေး ၊ စီးပွားရေး၊ ပညာရေးနဲ့ အခြားစာတမ်း မှတ်တမ်းအမျိုးမျိုးကို အင်္ဂလိပ် ဘာသာနဲ့သာမကပဲ မြန်မာဘာသာဖြင့်ပါရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Scribd ကဲ့သို့အလားတူ အွန်လိုင်းပေါ်မှာ အချက်အလက် သိုလှောင်ရာ ၀က်ဆိုက်များလည်း အများအပြား ထွက်ပေါ်လာနိုင်ပါသေးတယ်။ Scribd ထက်စောစီးစွာ ပေါ်ထွက်ခဲ့တဲ့ eSnips လို့ခေါ်ဆိုတဲ့ အစ္စရေးလ် နိင်ငံက လွှင့်တင်ထားတဲ့ ၀က်ဆိုက်ပါ။ eSnips မှာ scribd မတူတဲ့ အချက်ကတော့ စာဖိုင်များသာမက ဗီဒီယို၊ အသံဖိုင်၊ ရုပ်ပုံများကိုပါ သွားရောက်သိမ်းဆည်း ထားနိုင်တဲ့အချက်ပါ။ သို့ပေမယ့် လို့ Scribd လိုစာဖိုင်၊ ပီဒီအက် ဖိုင်တွေကို ဖလက်ရှ် နည်းပညာနှင့် ကြည့်ရှုနိုင်အောင် လုပ်ဆောင် မပေးထားတဲ့အချက်ဖြစ်ပါတယ်။

စာဖတ်သူများ www.scribd.com ဆိုတဲ့ ၀က်ဆိုက်ကို သွားရောက် ကြည့်ရှုပြီး မြန်မာနိုင်ငံနဲ့ ပတ်သက်တာ၊ မြန်မာဘာသာနဲ့ ရေးသားထားတာတွေကို လေ့လာကြည့်ရှု လိုက်ကြပါဦး။

( မှတ်ချက် – မိုးမခက သူတို့ နှစ်သက်ရာ အီးစာအုပ်တွေကို စုထားတဲ့ အီးအဖွဲ့လေး လုပ်ထားပြီး ဖြစ်ပါတယ်။ အဲဒီက အဖွဲ့ဝင်တွေရဲ့ အကြိုက်တွေကိုလည်း အီးအဖွဲ့စုရပ်ကနေ ဆက်လက် ခြေဆန့်ကြည့်နိုင်ပါသေးတယ် – http://www.scribd.com/group/70110-moemaka-burmese-archives )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts