>Tint Lwin – Citizen Journalism, New Authority

>

အပျော်တမ်း သတင်းထောက် သို့မဟုတ် စီတီဇင် ဂျာနယ်လစ် သြဇာသစ်

တင့်လွင်

ဇန်န၀ါရီ ၁၄၊ ၂၀၀၉

ပြီးခဲ့သည့် နှစ်သစ်ကူး အခါသမယ ညနေပိုင်းက ဆန်ဖရန်စစ္စကို အရှေ့ဘက် ဥက္ကလန်မြို့လေး၏ ရထားဘူတာတွင် လူမည်းလူငယ်အချို့ စကားများ ရန်ဖြစ်သည်ကို ရထားလုံခြုံရေး ရဲ ၃၊ ၄ ဦး က ဖမ်းဆီးဖို့ကြိုးစားသည်။ အော်စကာဂရန့် ဆိုသည့် လူမည်းလူငယ်ကို ရဲ ၃ ဦးခန့်က ရထား ပလက်ဖောင်း ကြမ်းပြင်ပေါ် ထိန်းချုပ်နေစဉ်မှာပဲ ရဲထဲမှ တဦးက ခါးမှ သေနတ်ကိုထုတ်ကာ ကြမ်းပြင်ပေါ်မျက်နှာအပ်ထားသည့် ထိုလူငယ်ကို နောက်ကျောမှ ပစ်လိုက်သည်။

ပတ်ဝန်းကျင်တွင် ရန်ဖြစ်ရာတွင်ပါဝင် သည်ဟု ယူဆရသည့် လူမည်း လူငယ်အချို့လည်း ထိုခိုင်းထားသည်။ ပလက်ဖောင်းတွင်လည်း “ဆန်ဖရန်စစ္စကိုပင်လယ်အော် အမြန်ရထား” (Bay Area Rapid Transit) ရပ်ထားသည်။ ရထားပေါ်မှ ခရီးသည်များလည်းထိုအဖြစ်အပျက်ကို မျက်မြင်ကိုယ်တွေ့ တွေ့မြင်ခဲ့ကြသည်။



စကားများ ရန်ဖြစ်သည့် အမှုသာဖြစ်ပြီး ထွက်ပြေးခြင်း၊ ပြန်လည်ခုခံခြင်းလည်း မရှိသည့် လူမည်း လူငယ်အား ရထားရဲများ အနက်မှ တဦးက အဘယ်ကြောင့် သေနတ်ထုတ်ကာ ကျောဘက်မှ အသေ ပစ်သတ်ခဲ့သည်ကို အများက နားမလည်နိုင်ကြ။ အဖြစ်အပျက်မှာ ဒစ်ဂျစ်တယ်ခေတ်မဟုတ်လျင် မျက်မြင်သက်သေတို့၏ ပြောဆိုချက်များဖြင့်သာ ရုပ်မြင်သံကြား မျက်နှာပြင်ပေါ် သတင်းစာပေါ်တွင် တခန်းရပ်သွားမည် ဖြစ်သော်လည်း ဒစ်ဂျစ်တယ်ခေတ်ကြောင့် မမျှော်လင့်ထားသည့် အရာများ ပေါ်ထွန်းလာစေတော့သည်။

ထိုအဖြစ်အပျက်ကို မြင်တွေ့ရသည့် ရထားပေါ်မှခရီးသည်များအနက်မှ လက်ကိုင်ဖုန်းဖြင့် ရိုက်ကူးထားခဲ့သည်။ ရဲ သုံး လေး ဦး နှင့် ထိုလူငယ်တို့ ရုန်းရင်းဆန်ခတ် ဖြစ်နေသည်ကိုရော၊ ရဲကသေနတ်ထုတ် ပစ်လိုက်သည်ကိုပါ ဖုန်းကင်မရာဖြင့် ရိုက်ကူးထားပြီး နာရီပိုင်းအတွင်း အင်တာနက်ပေါ် ရောက်ရှိသွားသည်။

ထိုမျက်မြင်သက်သေ ဗီဒီယိုဖိုင်ကိုကြည့်ပြီး လူအများက စိတ်ဆိုး ဒေါသထွက်ကြ၊ တရားရုံးမှာ တရားစွဲ၊ ရထားအုပ်ချုပ်ရေး အဖွဲ့နှင့် အဆိုပါရဲအား ရာဇ၀တ်မှုဖြင့် အရေးယူဖို့ တောင်းဆိုတာတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။ ဥက္ကလံမြို့လေးတွင် ဆန္ဒပြကန့်ကွက်ပွဲများ၊ အကြမ်းဖက် ဖျက်ဆီးမှုများ၊ ရဲများနှင့် အဓိကရုန်းများ ဖြစ်ပွားခဲ့ရသည်။ ပင်မရေစီးသတင်းဌာနများက ဆက်လက်အရေးတယူပြု သတင်းပို့နေရတော့၏။

ဒစ်ဂျစ်တယ်ခေတ်မှာ ဆိတ်ကွယ်ရာမရှိ

နည်းပညာ တိုးတက်လာသည့် ခေတ်တွင် ဒစ်ဂျစ်တယ် ကင်မရာ၊ အသံရော အရုပ်ပါ ဖမ်းယူနိုင်သည့် movie ပါသည့် ဖုန်း၊ ဒစ်ဂျစ်တယ် ကင်မရာ နှင့် အင်တာနက်ဖုန်းတို့မှာ လူတိုင်းနီးပါးလောက် လက်လှမ်းမီနေကြ ပြီဖြစ်သည်။

ထို့ကြောင့် မည်သည့်အဖြစ်အပျက်မဆို သတင်းထောက်ရှိမှ ၊ မီဒီယာသမားရှိမှ မဟုတ်တော့ဘဲ အများပြည်သူရှေ့မှောက်တွင် ဖြစ်သည့် ဖြစ်ရပ်တိုင်းသည် မှတ်တမ်းတင်ပြီး၊ အများနှင့် ဆိုင်သည့် အဖြစ်အပျက်ဆိုလျင် ဒစ်ဂျစ်တယ်နည်းဖြင့် မိနစ်ပိုင်းအတွင်း ကမ္ဘာနှင့်အ၀ှမ်း ဖြန့်ချိပြီးသား ဖြစ်နေတော့သည်။

ယခု ဥက္ကလန်မြို့ဘူတာကှ အဖြစ်အပျက်ဆိုလျင် မည်သည့်မီဒီယာသမားကမှ မှတ်တမ်းတင်ခဲ့ခြင်း မဟုတ်။ သူလိုငါလို ခရီးသွားဟန်လွှဲ အရပ်သားတယောက်က မှတ်တမ်းတင် ဖြန့်ချိခဲ့ခြင်းဖြစ်သည်။

ထိုသို့သောအဖြစ်အပျက်များ ရှေ့တွင် ဒီထက်မက ဖြစ်ပျက်လာဖို့အလားအလာ ရှိနေပြီဟု မီဒီယာ၏ အနာဂတ်ကို ခန့်မှန်းသူတို့က ဆိုသည်။ ဆန်ဖရန်စစ္စကိုမြို့တွင်နေထိုင်သူ မိတ်ဆွေတဦးက ဤအဖြစ်အပျက်ကို သတင်းမှကြားသိရပြီးနောက်မှာ လက်ကိုင်ဖုန်း၏မှတ်ဉာဏ်ကဒ်ကို ၂ ဂစ်ဂါဘိုက်ဆန့်သည့် ကဒ်အဖြစ် ၀ယ်ယူ တိုးမြှင့်လိုက်သည်။ ထိုမိတ်ဆွေက သွားရင်းလာရင်း ဒီလိုအဖြစ်မျိုးကြုံတယ်ဆိုရင် ရိုက်လို့ရအောင်ဆိုသည့် ရည်ရွယ်ချက်နှင့် လဲလှယ်လိုက်သည်ဟု ဆိုသည်။

အပျော်တမ်း (စေတနာဝန်ထမ်း) သတင်းဌာနများ လာချေပြီ

ဆန်ဖရန်စစ္စကို မြို့မှ ခရိတ်လစ် (www.craiglist.org) ကိုတည်ထောင်သူ Craig Newmark နှင့် ဆန်ဖရန်စစ်စကို ခရော်နစ်ကယ် သတင်းစာမှ အယ်ဒီတာတဦးတို့က ဟောပြောပွဲတခုတွင် မီဒီယာ ၏အနာဂတ်သည် ယနေ့ကာလ မှတ်ယူထားသကဲ့သို့ မီဒီယာသမားများ၏ လက်ထဲတွင်သာ ရှိတော့မည် မဟုတ်ဘဲ Professional သမားနှင့် အပျော်တမ်း (စေတနာဝန်ထမ်း) လုပ်ကိုင်သူ (စီတီဇင် ဂျာနယ်လစ်) တို့၏ လက်ထဲတွင် ရှိလိမ့်မည် ဟုဆိုသည်။

Professional များက နေရာတိုင်းတွင်၊ အဖြစ်အပျက်တိုင်းတွင် ရှိနေဖို့ ခက်ခဲလာခြင်းအပြင် သူလိုငါလို သာမန်လူတိုင်း၏ လက်ထဲတွင် အသံဖမ်းကိရိယာ၊ ရုပ်သေ၊ ရုပ်ရှင်ကင်မရာတို့ ကိုယ်နှင့်မကွာ အမြဲရှိနေခြင်း နှင့် အင်တာနက်ဆိုသည်မှာလည်း လက်ကိုင်ဖုန်းအထဲမှာပင် ရှိနေခြင်းတို့ကြောင့် ဖြစ်သည်။ ယနေ့ ဒစ်ဂျစ်တယ်ခေတ်သစ်၏ ပြယုဂ်တခုဖြစ်သည့် အိုင်ဖုန်း(iPhone) ဆိုလျင် ရုပ်သေ၊ ရုပ်ရှင် ကင်မရာ၊ အသံဖမ်းကိရိယာ၊ မြန်ဆန်သည့် သရီးဂျီအင်တာနက်ကဲ့သို့သော လုပ်ဆောင်ချက်အားလုံးကို လက်ကိုင်ဖုန်းတလုံးထဲ အားလုံး ပါရှိနေပြီဖြစ်သည်။

ရောက်ရှိသည့် နေရာမှာ အိုင်ဖုန်းဖြင့် ရိုက်ယူ၊ အသံဖမ်းယူပြီးလျင် အင်တာနက်ပေါ် ထိုဖြစ်ပျက်သည့် နေရာမှပင် လွှင့်တင်နိုင်သည့် အခြေအနေ ဖြစ်နေပေပြီ။ ယခင်ကစဉ်းစားနည်းမျိုးဖြင့် စဉ်းစားလျင် အခင်းဖြစ်သည့်နေရာမှ လိုက်ဗ် (Live) (တိုက်ရိုက်) လွှင့်ဖို့ဆိုလျင် ကားပေါ် ဂြိုဟ်တုစလောင်း တင်ထားသည့် ဆက်သွယ်ရေးကိရိယာတွေ၊ ကင်မရာတွေဖြင့်သာ ဖြစ်နိုင်မည်ဖြစ်သည်။ ယနေ့တော့ ထိုသို့သော အခြေအနေသည်သာ တခုတည်းသာ နည်းလမ်း မဟုတ်တော့ပေ။

နိုင်ငံတကာ မီဒီယာကြီးများဖြစ်သည့် ဘီဘီစီ၊ စီအန်အန်တို့တွင်လည်း စီတီဇင်ဂျာနယ်လစ်၏ အခန်းကဏ္ဍကို အသိအမှတ်ပြုသည့် i Report လိုကဏ္ဍမျိုး ပြီးခဲ့သည့် နှစ်များကတည်းက ထည့်သွင်း ဖေါ်ပြလာခဲ့သည်။ သတင်းအဖြစ်အပျက် ဖြစ်ပေါ်သည့်နေရာတိုင်း၊ ဖြစ်ပျက်သည့်အခါတိုင်းတွင် Professional မီဒီယာသမားရှိနေဖို့ ဆိုသည်မှာ မလွယ်ကူသည့်အလျောက် စီတီဇင်ဂျာနယ်လစ်တို့က သူတို့တွေ့မြင်သည့် အဖြစ်အပျက်ကို ခေတ်သစ်နည်းပညာကိရိယာများဖြင့် အများပြည်သူသို့ တင်ပြသည့်ခေတ်သို့ ရောက်တော့မည်ဖြစ်သည်။

မြန်မာပြည်၊ အီရန်၊ အီဂျစ်၊ တရုတ်၊ ကျုးဘား၊ ဘယ်လာဂရုဇ် နှင့် ဗင်နီးဇွဲလားတို့ကဲ့သို့ အာဏာရှင်ကြီးစိုးပြီး အင်တာနက်နှင့် နည်းပညာ ကန့်သတ်ထိမ်းချုပ်ခြင်းခံထားရသည့် ပရိသတ်များထံမှာပင် ကွန်ပြူတာ၊ စီဒီ၊ ယူအက်စ်ဘီနှင့် အမ်ပီ သရီး၊ အမ်ပီ ဖိုး အိပ်ဆောင်ပလေယာများ ခေတ်စားနေပြီဖြစ်ရာ ထိန်ချန် ဖိနှိပ်ခံထားရသော သတင်းနှင့် မှတ်တမ်းတို့မှာ တယောက်မှ တရာ၊ တရာမှ တထောင်၊ တသောင်း၊ တသိန်း တောမီးလောင်သကဲ့သို့ ပြန့်နှံ့လျက်ရှိသည်မှာ ငြင်းကွယ်လို့ ကောင်းသော အရာ မဟုတ်ချေ။

(photos – Internet)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts