>MoeMaKa News on the run from Rangoon

>

အပြေးအလွှားသတင်းများ ရန်ကုန်

ဖိုးဂျံ

ဇန်န၀ါရီ ၁၃၊ ၂၀၀၉



နှစ်သစ်ကူးမှာ နောက်ကျ



ဗဟိုဦးစီးတဲ့ အခြေခံဥပဒေကြောင့် ငြိမ်းတို့ အခက်တွေ့ဟု ဆို



ထောင်ဝင်စာပိတ်၊ ထောင်အရွှေ့အပြောင်းများ ပြု၊ နိုင်ငံရေးအကျဉ်းသားများ အပျောက်ရိုက်ခံရ



သတင်းအေဂျီစီများမှာ စစ်တပ်သတင်းပေးများကို နေရာပေးဖို့ ကြိုးစား



အင်န်အယ်ဒီပါတီ ဌာနချုပ်မှာ ဖြူဖြူသင်းက အိပ်ခ်ျအိုင်ဗီ ပညာပေး ဆွေးနွေး



နှစ်သစ်ကူးမှာ နောက်ကျ

နှစ်ကူးမှာ ဗိုလ်သန်းရွှေ ပျောက်နေလို့ လိုက်ရှာနေရပြန်တယ်လို့ ဆိုပါတယ်။ နေပြည်တော်က နှစ်ကူးအမီ နေ့စဉ်သတင်းစာ မထွက်သေးလို့ မေးဝယ်နေကြရာမှာ အပြင်ကို ထုတ်မရောင်းဘဲ မှောင်ခိုများရောင်းလေသလားလို့ ကောလဟလ ထွက်နေပါတယ်။ ရွေးကောက်ပွဲ ကော်မရှင် ထုတ်ပြန်ချက် သို့မဟုတ် ဖြည့်စွက်ချက်ကိုလည်း လူတွေက မျှော်နေပါတယ်။ အထူးမျှော်သူတွေအထဲမှာ လက်နက်ကိုင် ငြိမ်းအဖွဲ့တွေ၊ လက်ရှိ ၁၉၉၀ ရွေးကောက်ပွဲက မှတ်ပုံတင်ပြီး ပါတီကြီးတွေနဲ့ ၂၀၀၉မှာ မှတ်ပုံတင်ပြီး ဌာနချုပ် အသစ် အပြိုင်ဖွင့်ကြမယ့် ပါတီအသစ်လေးတွေလည်း ပါပါတယ်။ ဗိုလ်သန်းရွှေ ပျောက်နေလို့ နာဂစ် ကူညီမှု အင်န်ဂျီအိုအဖွဲ့ကြီးတွေကလည်း ရှေ့လုပ်ငန်းစဉ်တွေအတွက် အတည်ပြုချက်တွေ နှောင့်နှေးတယ်လို့ ပြောပါတယ်။



ဗဟိုဦးစီးတဲ့ အခြေခံဥပဒေကြောင့် ငြိမ်းတို့ အခက်တွေ့ဟု ဆို



အခြားသတင်းကတော့ စစ်တပ်နဲ့ ငြိမ်းချမ်းရေးယူထားတဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေက ယခု ၂၀၀၉ မှာ ပြတ်ပြတ်သားသားပဲ လက်နက်စွန့်ပြီး ပါတီထောင်မလား၊ ပါတီမထောင်ဘဲ ပြည်သူ့စစ်အဖွဲ့အသွင်ပြောင်းမလား ဆုံးဖြတ်ရမှာ ဖြစ်လို့ “အရင်အတိုင်း” တော့ နေလို့ မရတော့ဘူးဆိုတဲ့ ဖိအားမှာ လက်နက်တော့ မစွန့်နိုင်ဘူးလို့ အတည်မပြုနိုင်တဲ့ ဇစ်မြစ်တချို့ကပြောပါတယ်။



ဒါကြောင့် “လက်နက်ကိုင် နိုင်ငံရေးပါတီ” ဆိုတဲ့ ဝေါဟာရကို လိုက်ရှာတော့ ၂၀၀၈ အခြေခံဥပဒေထဲမှာ အလားသဏ္ဍန်အားဖြင့်တူတာက “တပ်မတော်” ပဲ ရှိတယ်လို့ တွေ့ရတယ်လို့ ဆိုပါတယ်။ “တပ်မတော်”သာလျင် လက်နက်ကိုင် နိုင်ငံရေး အင်အားစု ဖြစ်တယ်။ ပြည်နယ် ပြည်မ နယ်စပ်ဒေသမကျန် သူ့ရဲ့ အာဏာစက်နဲ့ အုပ်ချုပ်ပိုင်ခွင့် အပြည့်အစုံရှိတယ်လို့ အခြေခံဥပဒေမှာ အဓိပ္ပါယ်ထွက်နေတော့ ငြိမ်းအဖွဲ့တွေက “တပ်မတော် ဒီမိုကရေစီ အဖွဲ့ချုပ်” အမည်နဲ့ မှတ်ပုံတင်ကြဖို့ စိုင်းပြင်းနေတယ်လို့ ဆိုပါတယ်။



ထောင်ဝင်စာပိတ်၊ ထောင်အရွှေ့အပြောင်းများ ပြု၊ နိုင်ငံရေးအကျဉ်းသားများ အပျောက်ရိုက်ခံရ



နှစ်သစ်ကူး မတိုင်ခင်ကတည်းက ထောင်ဝင်စာတွေကို အဆင့်ဆင့် ပိတ်ထားလိုက်ပြီး ထောင်ပြောင်းတွေကို ထပ်မံ ထောင်ပြောင်းပြန်ပါတယ်။ မိဘ သားချင်းများကို အကြောင်းမကြားတဲ့အတွက် နောက်ထောင်ဝင်စာတွေ ပြန်ဖွင့်ရင် ဘယ်ထောင်မှာ သွားတွေ့ရမယ်ဆိုတာကို မသိကြဘူးလို့ ပြောပါတယ်။ အခု နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ပြောင်းရင်းနဲ့ တချို့တွေကို သတ်မှတ်ထားတဲ့ ထောင်တွေမှာ ပြန်ရှာ မတွေ့ဘူးလို့ ကြားရပါတယ်။



သတင်းအေဂျီစီများမှာ စစ်တပ်သတင်းပေးများကို နေရာပေးဖို့ ကြိုးစား



ဂျာမန်သတင်းအေဂျင်စီတခုက မြန်မာပြည်ဆိုင်ရာ ဌာနေသတင်းထောက်ကို စစ်တပ်ထောက်ခံထားသူ သတင်းဂျာနယ်ထုတ်ဝေသူ ကိုကို(စက်မှုတက္ကသိုလ်)ကို ခန့်ထားလို့ စာနယ်ဇင်းသမားများက ကန့်ကွက်တယ်လို့ ဆိုပါတယ်။ လုပ်ကြံသတင်းများ၊ သတင်းမှားများကို နိုင်ငံခြားသတင်းဌာနများကို ပေးပို့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကန့်ကွက်စာများ ထွက်လာတယ်လို့လည်း သိရပါတယ်။



ပြည်တွင်းသတင်းဂျာနယ်များမှာလည်း စစ်တပ်ဖိအားနဲ့ သတင်းအင်တာဗျူးများ ပြုလုပ်ကြပြီး သက်ကြီးစာရေးဆရာကြီးများကို မြန်မာနိုင်ငံရေးအကြပ်အတည်းအပေါ်မှာ လက်ရှိအတိုက်အခံကို အပြစ်တင်သည့် လေသံထွက်လာအောင် ဖန်တီးတဲ့ အာဘော်များကို ထည့်သွင်းလာတယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်း၊ ဗွိုင့်စ်နဲ့ မြတ်ခိုင်စီစဉ်တဲ့ စာစောင်များကလည်း ထိုသို့သော အင်တာဗျူးများ၊ ဖန်တီးမှုများ လုပ်လာကြလိမ့်ဦးမယ် ဆိုပါတယ်။



အင်န်အယ်ဒီပါတီ ဌာနချုပ်မှာ ဖြူဖြူသင်းက အိပ်ခ်ျအိုင်ဗီ ပညာပေး ဆွေးနွေး



ယမန်နေ့က အင်န်အယ်ဒီပါတီ ဌာနချုပ်မှာ ပညာပေးဆွေးနွေးပွဲတခု ပြုလုပ်ရမှာ စဉ်ဆက်တစိုက် HIV/AIDS ကာကွယ်စောင့်ရှောက်ရေးနဲ့ ပညာပေးလုပ်ငန်းတွေ လုပ်ခဲ့သူ ဖြူဖြူသင်းက ဆွေးနွေးစကားပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ယခုလက်ရှိ အဖိနှိပ်ခံရဆုံး အတိုက်အခံပါတီကြီး တခုဖြစ်တဲ့ အင်န်အယ်ဒီမှာ လူကြီးတွေနဲ့ လူငယ်တွေရဲ့ စုစည်း လှုပ်ရှားမှုတွေ၊ ဆွေးနွေးပွဲတွေ စဉ်ဆက်မပြတ် ပြုလုပ်လာတာကို တွေ့ရပါတယ်။ အစိုးရ သတင်းပေးများကလည်း သတင်းထောက်များ၊ ပါတီဝင်များ၊ အတိုက်အခံအင်အားစုများထဲ တိုးဝှေ့ဝင်ရောက်ပြီး သတင်းထောက်ကြီးများသဖွယ် ရင်ဘောင်တန်း သတင်းယူ၊ မှတ်တမ်းတင်လုပ်နေကြတာကိုလည်း တွေ့နေရပါတယ်။



(photo – Phyu Phyu Thin at NLD headquarter, gave talk on HIV/AIDS issue, Jan 13th 2009)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts