>global crisis and Burmese economy

>

စီးပွားပျက်ဂယက် မြန်မာနိုင်ငံသို့ သက်ရောက်မှု ပိုထင်ရှားလာ
သန်းစိုးလှိုင်
ဇန်န၀ါရီ ၁၄၊ ၂၀၀၉

ကမ္ဘာ့စီးပွားရေး အကြပ်အတည်းကြောင့် နိုင်ငံအသီးသီး စီးပွားရေးကျဆင်းခြင်း၊ ကုန်သွယ်ရေးပမာဏ လျော့ကျလာခြင်းတို့နှင့်အတူ မြန်မာနိုင်ငံတွင်လည်း ထိုအကျိုးသက်ရောက်မှု၏ လက္ခဏာများ တနေ့တခြား ပိုမို ထင်ရှားလာနေသည်ဟု ရန်ကုန်မြို့ခံများက ပြောဆိုသည်။

အထင်ရှားဆုံး လက္ခဏာ တရပ်မှာ ရန်ကုန်မြို့ လမ်းများပေါ်တွင် ကားအသွားအလာ သိသိသာသာ လျော့နည်းသွားခြင်းဖြစ်သည်ဟု လှိုင်မြို့နယ် ဘုရင့်နောင် လမ်းမကြီးပေါ်တွင် နေထိုင်သူတဦးက ပြောဆိုသည်။
အဆိုပါ ရန်ကုန်မြို့ခံက “လမ်းမှာ ကားတွေ သိသိသာသာကို နည်းသွားတယ်။ ဒီဘုရင့်နောင်လမ်းမကြီးပေါ်မှာ အရင်တုန်းကဆို ကုန်ကားတွေ ကွန်တိန်နာကားတွေ၊ တက်စီတွေ၊ ကိုယ်ပိုင်ကားတွေနဲ့ အပြည့် သွားလာ နေတာမျိုး အခု မရှိတော့ဘူး။ သိသိသာသာ ကျဲသွားတယ်။ ခါတိုင်း မနက် ၂နာရီလောက်ဆို လမ်းမကြီးပေါ်မှာ ကုန်ကားတွေ ကွန်တိန်နာကားတွေ ဖြတ်သွားသံ ကြားနေရပြီ။ အခုတော့ ၄နာရီ ၅နာရီလောက်မှ ကားသံ စကြားတော့တယ်။ ညဆိုလည်း ၁၀နာရီလောက်ဆို ဒီလမ်းမကြီးမှာ ကား တော်တော် ရှင်းသွားပြီ” ဟု လက်ရှိအခြေအနေကို ပြောပြသည်။

အငှားကားမောင်းသူ တစ်ဦးက ပြောဆိုရာမှာ လောင်စာဆီဈေးနှုန်း ကျသော်လည်း စီးနင်းမည့် ခရီးသည် လျော့နည်းသွားခြင်းကြောင့် တနေ့တနေ့ အုံနာခ ကြေရန် ကြိုးစားနေရသည်ဟု ဆိုသည်။ ထို့ပြင် ယခင်ကကဲ့သို့ မြို့အတွင်း လှည့်လည်မောင်းနှင်ပြီး ခရီးသည် ရှာသော်လည်း အကြောင်းမထူးခြင်းကြောင့် တနေရာရာတွင်သာ ဂိတ်ထိုးကာ စောင့်ဆိုင်းကြရသည် ဟုဆိုသည်။

ရန်ကုန်မြို့မှ ကိုယ်ပိုင်ကားဖြင့် ရုံးသွားသူ တစ်ဦးကလည်း “ခါတိုင်း မနက် ၉နာရီ မြို့ထဲကိုဝင်ရင် ဓမ္မစေတီလမ်းနဲ့ ဦးဝိစာရလမ်း မီးပွိုင့်မှာ ကားတန်းက ပေ၃၀၀၊ ၄၀၀ ရှည်တယ်။ အခုဆိုရင် ပေ၁၀၀ကျော်လောက်ပဲ ရှိတော့တယ်။ ခါတိုင်းမီးပွိုင့် နှစ်ကြိမ် သုံးကြိမ် စောင့်ရတဲ့ တာမွေအ၀ိုင်း မီးပွိုင့်ဆိုရင်လည်း အခုတကြိမ်တည်းနဲ့ ဖြတ်လို့ရတဲ့အထိ ကားအသွားအလာ လျော့သွားတာ” ဟု ပြောဆိုသည်။

ကားများ အသွားအလာ နည်းပါးခြင်း ကားဈေးကွက် အေးလျက်ရှိခြင်းတို့ကြောင့် ကားပြင်ဆင်မှုပါ လျော့ကျလာသည်ဟု တာမွေမြို့နယ်တွင် ကိုယ်ပိုင် ကားဝပ်ရှော့ လုပ်ကိုင်သူ တဦးကပြောဆိုသည်။ ဈေးဦးမပေါက်သည့် ရက်များ မကြာခဏ ကြုံတွေ့လာရသည် ဟုလည်း အဆိုပါ ကားဝပ်ရှော့ ပိုင်ရှင်က ဆိုသည်။ ရန်ကုန် ကားဈေးကွက်တွင် ကားအရောင်းအ၀ယ် ကောင်းလျှင်၊ စီးပွားရေး လုပ်ငန်းများ လည်ပတ်မှု ကောင်းလျှင် ကားပြုပြင်မှု များလေ့ရှိသည်။ ကားဈေးကျသည့်အခါ ကားဝယ်ရောင်းမှု ကားပြင်ဆင်မှုများ လျော့နည်းသွားသည်။

ယခုကဲ့သို့ ရန်ကုန်မြို့တွင် ကားအသွားအလာ လျော့နည်းသွားခြင်းမှာ စီးပွားရေးကဏ္ဍ အသီးသီးဖြစ်သည့် လယ်ယာစိုက်ပျိုးရေး ကဏ္ဍ၊ အခြား ပြည်ပပို့ကုန်၊ သွင်းကုန်နှင့် ၀န်ဆောင်မှုများတွင်ပါ သိသာစွာ ကျဆင်းလာခြင်းကြောင့် ဖြစ်သည်ဟု စီးပွားရေး လေ့လာသူများက ကောက်ချက်ချသည်။
မြန်မာနိုင်ငံ၏ အဓိက ကုန်ထုတ်လုပ်မှု ဖြစ်သည့် စပါးဈေးမှာ မကြုံဘူးလောက်အောင် ကျဆင်းနေသည်ကို တွေ့ရပြီး ဆန်ကြမ်းစပါး တင်းတရာလျင် ကျပ်၂သိန်းထိ ဆင်းစပြုနေပြီး အဆိုပါ ဈေးနှုန်းသည် စပါးစိုက်သူများ၏ စိုက်ပျိုးစရိတ် မကြေသည့် နှုန်းဖြစ်သည့်အတွက် ရှေ့နှစ်အလားအလာ မည်ကဲ့သို့ဖြစ်မည်ကို မခန့်မှန်းနိုင် ကြောင်း ဆန်ရောင်းဝယ်သူများက ပြောဆိုသည်။

ဆန်ကုန်သည် တဦးက “ဆန်ဈေးတွေကျတာတော့ စားသုံးသူအတွက် ကောင်းပါတယ်။ ဒါပေမယ့် စိုက်တဲ့သူတွေအတွက် အကျိုးရှိဖို့လည်း လိုသေးတယ်။ သူတို့စရိတ်မကျေဘူး ဆိုရင် နောက်ရာသီမှာ ဘယ်လိုဖြစ်မလဲ ဆိုတာ မပြောနိုင်ဘူး” ဟုဆိုသည်။

ရှမ်းပြည်တောင်ပိုင်းရှိ အချို့သော စပျစ်စိုက်ခင်းများတွင် ၀ယ်အားမရှိသဖြင့် စိုက်ခင်းပိုင်ရှင်က အသီးခူးယူခြင်း မပြုတော့ဘဲ ရင့်မှည့်သည့် အတိုင်းထားနေရသည်ဟုလည်း ကြားသိရသည်။ ရန်ကုန်မြို့မှ ပိုးသတ်ဆေးရောင်းသည့် အမည်မဖော်လိုသည့် ကုမ္ပဏီ တခုမှ ထိုသတင်းမှန်ကန်ကြောင်းနှင့် ၄င်းတို့ ကုမ္ပဏီမှ ပိုးသတ်ဆေး ရောင်းချရမှု သိသာစွာ ကျဆင်းလျက်ရှိသည် ဟုပြောပြသည်။

မလေးရှားနှင့် စင်္ကာပူနိုင်ငံတွင် အလုပ်သွားရောက်လုပ်ကိုင် လျက်ရှိသည့် မြန်မာနိုင်ငံသား အများ အပြားရှိရာ ယခုလပိုင်းတွင် လုပ်သားလျှော့ချခြင်း ခံရသဖြင့် ပြန်လာသူများဖြင့် ရန်ကုန် အပြန်လေယာဉ် ပြည့်လျက်ရှိသည် ဟု အလုပ်သွားရောက်လုပ်ကိုင်သူများ၏ ပြောဆိုချက်အရ သိရသည်။ လွန်ခဲ့သည့် ၈လခန့်ကမှ စင်္ကာပူနိုင်ငံသို့ သွားရောက်ကာ ကွန်ပျူတာ အိုင်တီပညာဖြင့် အလုပ် ၀င်ရောက်လုပ်ကိုင် နေသူတဦးကလည်း ပြီးခဲ့သည့် လလုပ်သား လျော့ချသည့် အထဲပါသွားပြီး အလုပ်သစ် ထပ်မံရရှိရေး အလားအလာ နည်းပါးသဖြင့် မကြာမီပြန်လာရတော့မည်ဟု ဆိုသည်။

ထို့ပြင် ရန်ကုန်မြို့ရှိ ရောင်းအား အကောင်းဆုံး ကုန်တိုက်ဖြစ်သည့် စီးတီးမတ် ဆိုင်များ၏ ငွေချေကောင်တာတွင် ယခင်ကကဲ့သို့ လူတန်းရှည်ကြီးများ မမြင်တွေ့ရတော့ဟု စီးတီးမတ်တွင် ဈေးဝယ်နေကျ အိမ်ရှင်မ တဦးက ပြောသည်။ ယခင်လို ရောင်းမကောင်းဘဲ ကျဆင်းနေသဖြင့် စီးတီးမတ်တွင်လည်း ၂၀ရာခိုင်နှုန်း ဈေးချသည့် အရောင်းမြှင့်တင်ရေးများကို မကြာခဏ မြင်တွေ့ရသည် ဟု ဆိုသည်။

နအဖ စစ်အစိုးရက အခြားနိုင်ငံမှ အစိုးရများကဲ့သို့ စီးပွားရေးကျဆင်းမှုဒဏ် ခံစားရသူများအတွက် ခုသာခံသာ ရှိစေရန် အထောက်အပံ့ပေးသည့် အစီအစဉ်များ လုပ်ဆောင်မည့် အရိပ်အရောင် မတွေ့ရသေးပေ။ ထို့အပြင် ပြီးခဲ့သည့်လက ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်၏ မိန့်ခွန်းတွင် မြန်မာနိုင်ငံ အနေဖြင့် ကမ္ဘာ့စီးပွားပျက်ကပ်၏ ရိုက်ခတ်မှု ဒဏ်ကို ခံရဖွယ်မရှိကြောင်းနှင့် ပြည်ပမှ ပြန်လာသည့် မြန်မာနိုင်ငံသားများ စိုက်ပျိုးရေး လုပ်ကိုင်လိုပါက မြေလွတ်မြေရိုင်း များစွာ ရှိသေးသည် ဟုပြောဆိုခဲ့သည်။ ယခု လက်ရှိ စိုက်ပျိုးရေး ထွက်ကုန်များအား နိုင်ငံတကာ ဈေးကွက်တွင် ၀ယ်လိုအားကျဆင်း၊ ဈေးနှုန်းကျဆင်း နေသည့် ပြဿနာကိုမူ မည်သို့ မည်ပုံဖြေရှင်းမည် ဆိုသည့် အချက်အလက် တခုမျှ ပြောဆိုသွားခဲ့ခြင်း မရှိပေ။

နအဖ စစ်အစိုးရသည် ၄င်းတို့ချမှတ်ထားသည့် လမ်းပြမြေပုံ အတိုင်း စစ်တပ်အာဏာ လွှမ်းမိုးသည့် အမည်ခံ အရပ်သားအစိုးရစနစ်သို့ ကူးပြောင်းရေး၊ ဆန့်ကျင်သူများအား အပြင်းထန်ဆုံးဖိနှိပ်ထားရေး စသည့် လုပ်ဆောင်ချက်များ အတွက်သာ အာရုံစိုက်နေပြီး တိုင်းပြည်လူထု၏ စီးပွားရေး အခြေအနေမှန်ကို လုံးဝ စိတ်ဝင်စားသည့် လက္ခဏာ ပြသမှု မရှိခြင်းကြောင့် စီးပွားရေး အကြပ်အတည်းမှာ ပိုမိုနက်ရှိုင်းလာမည့် အလားအလာ ရှိသည်ဟု စီးပွားရေး လေ့လာသူ တဦးက ပြောဆိုသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts