မိုးမခအထောက်တော် အမှတ် ဝဝ၂
ဇူလိုင် ၁၂၊ ၂၀၁၂
ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အဖြစ် စစ်တပ်က အဆိုပြုခြင်းကို လက်ခံလိုက်ကြောင်း ရွေးကောက်ပွဲကော်မရှင်၏ ဗုဒ္ဓဟူးနေ့ ထုတ်ပြန်လိုက်သည်။
ယင်းထုတ်ပြန်ချက်ကြောင့် ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်သည် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ နေရာတွင် ၀င်ရောက်လာဖွယ်ရှိသည်ဟု ယူဆချက်များ ပေါ်ပေါက်လာသည်။
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေသည် မကြာမီက အနားယူသွားသည့် ဒုသမ္မတ သီဟသူရတင်အောင်မြင့်ဦး နေရာကို အစားထိုးတာဝန်ယူရန် စစ်တပ်က လွှတ်တော်သို့ အဆိုပြုပြီးဖြစ်သည်။ ဒုသမ္မတ ရာထူး တရားဝင် ထမ်းဆောင်ရန် လွှတ်တော်နာယက ဦးခင်အောင်မြင့် အတည်ပြုချက်ကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။
လစ်လပ်နေသော ရန်ကုန်တိုင်းဝန်ကြီးချုပ် နေရာကို မည်သူ ၀င်ရောက်မည်နည်းဟု ရန်ကုန်တွင် မေးခွန်းထုတ်နေစဉ် ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင် လွှတ်တော်သို့ ရုတ်တရက် ရောက်လာခြင်း ဖြစ်သည်။
အခြေခံ ဥပဒေတွင် ပြဋ္ဌာန်းထားချက်အရ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်သည် ထိုဒေသလွှတ်တော်ရှိ ကိုယ်စားလှယ်များထဲမှ ရွေးချယ် ခန့်အပ်ရမည် ဖြစ်သည်။
စစ်တပ်က လွှတ်တော်အသီးသီးသို့ စေလွှတ်ထားသော ကိုယ်စားလှယ်များတွင် ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်သည် ရာထူးအမြင့်ဆုံး စစ်အရာရှိဖြစ်သည်ဟု သိရသည်။
ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်သည် နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး အဖြစ် တာဝန်ယူစဉ် စစ်အစိုးရက သီရိပျံချီဘွဲ့ ပေးအပ်ခဲ့သည်။ တိုင်းမှူးတာဝန်ယူစဉ် ၂၀၁၀ သြဂုတ်လတွင် စစ်ထောက်ချုပ် အဖြစ် ရာထူးပြောင်းလဲသွားသည်ကို တွေ့ရသည်။
စစ်ထောက်ချုပ် အဖြစ် တနှစ်ကြာ တာဝန်ယူရသည်ကို တွေ့ရသည်။ နောက်ပိုင်းတွင် စစ်ထောက်ချုပ်ရာထူး ပြုတ်သွားသည်။
ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်၏ ဇနီးမှာ ဒေါ်ဆွေဆွေဦး ဖြစ်ကြောင်း သိရသည်။
ဝန်ကြီးချုပ်ရာထူးအား စစ်တပ်မှ မဟုတ်ဘဲ အရပ်သား လွှတ်တော်ကိုယ်စားလှယ်မှ ခန်.ရ်ျ မရလို. စစ်တပ်ကိုယ်စားလှယ်ကိုဘဲ ခန်.တာလား။