>Win Pe Bag – 10

>

ဝင်းဖေလွယ်အိတ် အမှတ် ၁၀
ဒီပုတ်ထဲက ဒီပဲ
ဝင်းဖေ
ဇန်န၀ါရီ ၇၊ ၂၀၀၉
သောတရှင်များခင်ဗျား၊

မြန်မာစစ်အစိုးရရဲ့ ရုပ်ရှင်ဆင်ဆာအကြောင်းကို ပြီးခဲ့တဲ့အပတ်က ပြောလက်စနဲ့ ငိုအားထက် ရယ်အားသန် ဆိုတာလို ဖြစ်ရပ်ကလေးတွေကိုလည်း တင်ပြပေးပါရစေ။ မြန်မာရုပ်ရှင် ဇာတ်လမ်းအများစုမှာ တစုံတခု အထင်မှားစရာ ဖြစ်ကြပြီဆိုရင် သက်ဆိုင်တဲ့သူနဲ့ တေ့တေ့ ဆိုင်ဆိုင် တွေ့ဆုံ မေးမြန်းဖို့ ချို့ယွင်းနေတာတို့၊ ရှင်းပြဖို့ ကြိုးစားတာကို လောဘ၊ ဒေါသ၊ မောဟ၊ သောက စတာတွေကြောင့် နားမထောင်ဘဲ ဖြစ်နေတာတို့ စတာတွေနဲ့ အထင်တွေ ဆက်လွဲကြ၊ ငိုကြ ယိုကြ ဒေါသဖြစ်ကြ၊ ရန်ညှိုးဖွဲ့ကြ၊ သတ်ကြဖြတ်ကြ၊ နောက်မှ ပြန်ပြီး ပြေလည်သွားကြ၊ ခွင့်လွှတ်ကြ ဘာညာ ဒီလို လုပ်ကြရတာကိုး၊ အဲဒါမျိုးတွေ အများကြီးရှိပါတယ်။ ဒါတွေဟာလည်း သဘာဝတရားတွေပဲမို့ ဘာမှ ပြဿနာမကြီးပါဘူး။

ဒါပေမဲ့ ပြဿနာဖြစ်လာရင်၊ အထင်အမြင် မှားစရာရှိလာရင် ရေကုန်ရေခမ်း သက်ဆိုင်သူတွေနဲ့ ကြိုးစား တွေ့ဆုံပြီး မေးမြန်းစုံစမ်းတတ်တဲ့၊ ရှင်းပြသူက ရှင်းပြနေရင် စိတ်ကိုထိန်းပြီး အစအဆုံး နားထောင်တတ်တဲ့၊ အထင်မှားတယ်ဆိုတာမျိုး မဖြစ်ရအောင် ကြိုးပမ်းတဲ့ မိန်းကလေးတယောက် အကြောင်းကို ဇာတ်အိမ်ဖွဲ့ပြီး ဆင်ဆာအဖွဲ့ကို ရိုက်ကူးခွင့် တင်လိုက်တဲ့ အခါမှာ ဆင်ဆာအဖွဲ့က အဲဒီဇာတ်လမ်းကို ရိုးလွန်း စင်းလွန်းသည် ဆိုတဲ့ မှတ်ချက်နဲ့ ပယ်ချလိုက်ပါတယ်။ ဘယ်လိုရိုးပြီး ဘယ်လိုစင်းနေတယ်ဆိုတာကို ရှင်းလင်း ပြောပြတာ လုံးဝမရှိပါဘူး။

ဆန်းပြားရှုပ်ထွေးတဲ့အတွက် ပယ်ချခံရတာတွေများလွန်းလို့ သိပ် မရှုပ်ထွေးဘဲ လူအများလည်း အကျိုးရှိစေမယ့် ဇာတ်ကို ရိုးလွန်းလို့ ပယ်ပါတယ်ဆိုတော့ ငိုအားထက် ရယ်အား သန်ကြရတော့တာပေါ့ဗျာ။ ရှင်းလင်းချက်တွေနဲ့ ပြန်တင်ပေမဲ့ ပယ်မြဲပယ်တာပါပဲ။ နောက်ကားတကားမှာတော့ စစ်အခမ်းအနားနဲ့ အသုဘချတဲ့အခန်း မပီပြင်လို့ အဲဒီအခန်းကို ဖြတ်ယင်ဖြတ် မဖြတ်နိုင်ရင်လည်း ပီပြင်အောင် ပြန်ရိုက်ပါဆိုပြီး ဆင်ဆာက အမိန့်ပေးပါတယ်။ အဲဒီကားမှာ စစ်တပ်အကြောင်းလုံးဝမပါပါဘူး၊ ဒါ့ကြောင့် စစ်အခမ်း အနားနဲ့  အသုဘချတဲ့အခမ်းလဲ လုံးဝ မပါပါဘူးလို့ တင်ပြတာပေါ့ခင်ဗျာ၊ ပြီးတော့ကါယကံ ရှင် ဒါရိုက်တာက ဆင်ဆာလူကြီးမင်းတို့ ဇာတ်ကားချင်း မှားပြီး မှတ်ချက်ပေးပုံရကြောင်း မိမိရဲ့ကားမှာ စစ်ကိစ္စတွေ ဘာမှ မပါပါကြောင်း ပြန်လည်တင်ပြတော့ နောက် ဒီလိုမဖြစ်စေရပါ ဆိုတဲ့ ဝန်ခံချက်နဲ့ ပြန်တင်လိုက်ပါလို့ စီရင်ချက် ချလိုက်ပါတယ်။ နောက် ဘာကို ဘယ်လို မဖြစ်ရမှာလဲ၊ ဘာမှန်းမသိတဲ့ စီရင်ချက်ကြီး ဖြစ်နေလေတော့ မပြုံးဘဲ ဝါးလုံးကွဲ ရယ်ကြရပြန်တာပါပဲ။

ရုပ်ရှင်ကားချင်း အမှတ် မှားတာဟာ ဘာမှကြီးတဲ့ပြဿနာ မဟုတ်ပေမဲ့ စစ်ဆင်ဆာရဲ့ သဘောက သူတို့ မှားသွားပါတယ်လို့ ပြောရမှာ အလွန် ဝန်လေးတတ်ကြပြီး သူတို့ အဖွဲ့အစည်းကို ပြန်ပြောတာကိုလဲ မကြိုက်တာပါပဲ။

တခါမှာတော့ ဒါရိုက်တာတဦးက ဇာတ်လမ်းထဲမှာပါတဲ့ စစ်အရာရှိတွေ ဗိုလ်မှူးကြီးတွေ ဗိုလ်မှူးတွေ ဗိုလ်ကြီးတွေကို ရုပ်ရှင်လူကြမ်းတွေနဲ့ ရိုက်ပါတယ်။ ရုပ်ရှင်နယ်က ဆင်ဆာဖြတ်ခံရတော့မှာပဲ ဆိုပြီး စိုးရိမ် ကြောက်လန့်နေကြပါတယ်။ ဒါပေမဲ့ နည်းနည်းလေးမှ အဖြတ်မခံရပါဘူး။ ဘာပြုလို့လဲလို့ ဆိုတော့ ဇာတ်လမ်းအရ အဲဒီစစ်ဝန်ထမ်းအရာရှိတွေ အားလုံး အကျင့်ပျက်တာတော့ တယောက်မှ မပါကြလို့ပါ တဲ့။

စစ်ဆင်ဆာက စစ်ဗိုလ် စစ်သား အကျင့်ပျက်တဲ့ အခန်း ပါရင် သည်းမခံပါဘူး၊ စစ်တပ်ကြီးတခုလုံးကို နာမည်ပျက်အောင် လုပ်တာပဲလို့ ယူဆကြပါတယ်။ စစ်ဗိုလ်တွေဟာ အကျင့်သီလနဲ့ ပြည့်စုံကြတယ် တဲ့။ စစ်ဗိုလ်တွေထဲမှာ အကျင့်ပျက်တာ မရှိဘူးလို့ ဇွတ် မျက်စိမှိတ်ပြီး ပြောကြပါတယ်။

မြန်မာရုပ်ရှင်တွေထဲမှာ ကျောင်းဆရာယောက် အကျင့်ပျက်တာဟာ ကျန်တဲ့ကျောင်းဆရာ အားလုံးနဲ့ မဆိုင်ပါဘူး၊ ဒီလိုပဲ ဆရာဝန်တယောက် အကျင့်ပျက်တာကိုလည်း ဆရာဝန်အားလုံးကို ဆိုလိုတာ မဟုတ်ဖူး ဆိုတာ လူတိုင်း နားလည်ကြတာပါပဲ။ ဒါပေမဲ့ စစ်ဗိုလ်တယောက် အကျင့် ပျက်တာကိုတော့ မပြသင့်ဘူး တဲ့။ အကျင့်ပျက်စစ်ဗိုလ်ဆိုတာ မရှိဘူးလို့ပဲ စစ်အစိုးရဆင်ဆာက ဇွတ်ပြောပါတယ်။

ကျနော် ရုပ်ရှင်နယ်ကို မလာခင် မန္တလေးမှာ ရှိနေစဉ်က အဖြစ်အပျက်ကို သွားပြီး သတိရမိပါတယ်။ စစ်တပ် စစ်အာဏာ သိမ်းပြီးစ မန္တလေးဈေးချိုနဲ့ အရှေ့ဘက်က တိုက်တန်းအကြား အလွန် အာဝါသ ကောင်းတဲ့ ကုက္ကိုပင်ကြီးတွေကို ခုတ်လှဲပစ်ပြီး လမ်းကျယ်အောင် လုပ်မယ်လို့ စစ်တပ်အစိုးရက ဆုံးဖြတ်ပါတယ်။ ဒါကို မန္တလေးဈေးချိုသားတွေ သိသွားတော့ အဲဒီလို ကုက္ကိုပင်ကြီးတွေကို ခုတ်လှဲ ဖယ်ရှားလိုက်ရင်တော့ ဈေးချိုကြီးတခုလုံး အကြီးအကျယ် ပူလောင်တော့မှာပဲ ဆိုပြီး စစ်တပ်ကို သွားပြီး ကန့်ကွက် ပြောဆိုကြတယ်။

ဒီတုန်းက စစ်တပ်က တက်စဆိုတော့ သိပ် မကြောက်ကြသေးဘူး၊ ဒီတော့ စစ်တပ်က ဒါဆိုရင် ခုတ်ချင်တဲ့လူနဲ့ မခုတ်ချင်တဲ့သူ ဆန္ဒ အနည်းအများ ဘယ်လိုရှိတယ် ဆိုတာ ထင်ရှားအောင် တဈေးလုံး မဲခွဲကြည့်လိုက်ပါ တဲ့၊ ခွင့်ပေးလိုက်တယ်။

လက်တွေ့ မဲခွဲလိုက်တော့ အဲဒီ သက်တမ်း ရာချီနေတဲ့ ကုက္ကိုပင်ကြီးတွေကို မခုတ်ချင်တဲ့မဲက ၉ဝ ရာနှုန်းကျော်ပြီး ခုတ်ချင်တဲ့သူတွေက တစ် ရာ နှုန်း လောက်ပဲရှိပါတယ်။ ဈေးချိုသူ ဈေးချိုသားတွေက ရင်ကော့ပြီး မဲစာရင်းကိုလည်း သွားပေးလိုက်ရော စစ်တပ်က ချက်ချင်း အဲဒီ ကုက္ကိုပင်ကြီးတွေကို ခုတ်ပစ်လိုက်တော့တာပါပဲ။

မန္တလေးမြို့သူမြို့သားတွေ ကြက်သေသေသွားကြတယ်။ မမျှော်လင့်ဘဲ ပါးအရိုက်ခံလိုက်ကြရသလို စစ်တပ်ဆိုတာ တော်တော် ရိုင်းပြတာပဲလို့ သိသွားကြတယ်၊ ဒါဟာ စစ်တပ် အစိုးရက ပြည်သူ လူထုကို ငြိမ်ဝပ် ပိပြားနေအောင် ဖိနှိပ်ပြီး အုပ်ချုပ်တော့မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အစောဆုံး ပြည်သူလူထုရဲ့ အညွန့်ကို စပြီး ချိုးပြလိုက်တဲ့ သာဓကတခုပါပဲ။ သူတို့က တသက်လုံး ဒါပဲ လုပ်တတ်တော့ကိုး။ ရုပ်ရှင်စိစစ်ရေး ဆင်ဆာ ဘုတ်အဖွဲ့က အနိုင်ကျင့်တဲ့လုပ်ရပ်တွေဟာ ဒီပုတ်ထဲက ထွက်တဲ့ ဒီပဲတွေသာ ဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။

ကျန်းမာ ချမ်းသာကြပါစေ၊ ကျနော်ဝင်းဖေပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts