ရသဆောင်းပါးစုံ ဆောင်းလူ

ထိုမြို့ကလေးကို မေ့နေခဲ့သော အပြေးသမား … (Saung Luu)

ထိုမြို့ကလေးကို မေ့နေခဲ့သော အပြေးသမား …

 ဆောင်းလူ၊ ဖေဖော်ဝါရီ ၂၅၊ ၂၀၁၄

ထိုမြို့ကလေးသည် … ခုတော့ …

တမာတွေ ဝေလို့ အဖူးအညွှန့်တွေတောင် ဥနေပါရော့။ ထိုမြို့ကလေးနှင့်အတူ … ဤအချိန် တမာစိမ် ချဉ်ချဉ်ခါးခါးကို မေ့လိုက်သည့် ဖြစ်ခြင်း ..။ တမာနဲ့တွဲလို့ ကိုင်းထွက် … မြေပုံသီး ငါးပိချက်ကို ပိုမေ့လိုက်သည့် ဖြစ်ခြင်း။ မျှင်ငါးပိစိမ်းစားခပ်၊ မိုးမျှော်ငရုတ် ရောယှက်ထားပြီး မြေအိုးနှင့်ချက်သည့် ငါးပိချက်နှင့်အတူ ထိုမြို့ကလေးကို မေ့မိလိုက်သည့် ဖြစ်ခြင်း …။

 

မေ့ခြင်းတရားတို့သည် …

ပို၍ ပို၍ …

ပို၍ ပို၍နှင့်အတူ ထိုမေ့ခြင်းတရားတို့သည် …

ထို့ထက် ပို၍ ပို၍ …

 

ထိုမြို့ကလေးတွင် နွေနေအောက်မှာ ကိုင်းနံ့သင်းသည့် မြေပုံသီးတို့ ပွတ်ခဲနေပေလိမ့်မည်ကို မေ့နေခဲ့ပြီ …။ မြင့်ခေါင် မြင့်မား တမာပင်တို့သည်ပင် … နွေလေရူးရူးအောက်မှာ … ကျီစယ်သမှုအောက်တွင် ယိမ်းနွဲ့နေဦးမည်ကို မေ့နေခဲ့ပြီ …။

 

 

ထိုမြို့ကလေးသည် အညာဟု မဆိုနိုင်။ သို့သော် အညာရနံ့တော့ မကင်းနိုင် …။ ထနောင်းဆူးတို့ ယှက်သန်းနေရာ ထိုအရပ် ထိုဒေသသည် ခုနေခါများတွင် မည်မျှ ပူလောင် ခြောက်သွေ့နေမည်ကို မေ့နေခဲ့ပြီ …။

 

ထိုမြို့ကလေးနှင့် အနီးစပ်ဆုံး ဘဝတလျှောက်တွင် အရင်းနှီးဆုံး အားကစားဖြစ်သည့် အပြေးသမားဘဝ … လေ့ကျင့်ခဲ့ရာ … ဒဏ်ရာ ဒဏ်ချက်တွေ များပြားလှသည့် ကျောရိုးရှည်လမ်းကြီးနှင့် .. ဝဲယာ ဘေးတလျောက် ပင်ပျိုကျွန်းတို့ မည်သို့ မည်ပုံပေါက်နေမည်ကို မေ့နေခဲ့ပြီ …။

 

မယ်ဇယ်တို့သည် မည်သို့မည်ပုံ ပေါက်နေမည်ကို မေ့နေခဲ့ပြီ …။

ကုက္ကိုတို့သည် မည်သို့မည်ပုံ ပေါက်နေမည်ကို မေ့နေခဲ့ပြီ …။

မန်ကျည်းတို့သည် မည်သို့မည်ပုံ ပေါက်နေမည်ကို မေ့နေခဲ့ပြီ ….။

 

ထိုမြို့လေး၏ လင်းကြက်တွန်သံတို့ကို မေ့တတ်နေခဲ့ပြီ …။

အရုဏ်မကျင်းမီ နံနက်ခင်း၏ … အုန်းမောင်းသံနှင့် ပဲပြုတ်သည် အော်သံတို့ကို မေ့နေခဲ့ပြီ …။

 

မြို့ပြင်က ထုံးစေတီ ဖြူဖြူလေးကို မေ့နေခဲ့ပြီ …။

အဝေးကပင် မြူမှုန်မှုန်တို့ ချယ်သထားသည့် ထန်းတောတန်းကို မေ့နေခဲ့ပြီ …။

 

ကျောက်စရစ်ထူထပ်သည့် ထိုမြို့လေးကို မေ့နေခဲ့ပြီ …။

ဖုန်သဲ ထူထပ်သည့် ထိုမြို့လေးကို မေ့နေခဲ့ပြီ …။

မြို့အဝင်ထွက်က သံဘောင်ကျင်း တံတားလေးကို မေ့နေခဲ့ပြီ …။

မြို့အစွန်ဘက်က သုဿာန်တစပြင် သင်္ချိုင်းလေးကို မေ့နေခဲ့ပြီ …။

 

ထီးထီးတည်ရှိသည့် ထိုမြို့ကလေးတွင် … ရောဂါမဟုတ်ပါဘဲနှင့် မေ့လျော့နေသူ အများအပြားရှိကြလေသည် …။ ထိုသူတို့သည် … ဒဏ်ရာဒဏ်ချက်များ ပြည့်နှက်နေသည့် လမ်းမပေါ်တွင် ဟိုဟိုဒီဒီ ဥဒဟို လျှောက်လျှက်ရှိသည် …။

 

ကျွန်ုပ်သည် ထိုသူများထဲမှ တဦးဖြစ်လေသည် …။ လျှပ်ပေါ်လော်လီကာ ဘောင်းဘီခွကြားဝတ်လျှက် ခုထက်ထိ မေ့တတ်နေသေးသည် …။ ထို့အတူ မြို့နှင့် ဆန့်ကျင့်ဘက်အရပ်ဆီမှနေ၍ တရားမဝင် လွမ်းပြနေတတ်သေး၏ …။

 

မျှော်မြင်ဉာဏ်နည်းမှုအလျောက် ပြေးခဲ့ရာကို မုန်းတီးခဲ့မိသည့်အလျောက် … ထိုမြို့လေးသည် ဓားစာခံဖြစ်ခဲ့ရလေသည် …။

 

တရားမဝင် လွမ်းပြနေခြင်းတို့သည်ပင် … ကျွန်ုပ်အား … မေ့တေ့တေ့ ..။ ထို့အတူ … ထိုမြို့လေးပေါ်တွင် မေ့တတ်သော … အပြေးသမားတယောက်ရှိခဲ့ဖူးခြင်း ဖြစ်သည် …။ ။

 

ဆောင်းလူ

ဖေဖော်ဝါရီ ၂၄၊ ၂၀၁၄


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts