ရသဆောင်းပါးစုံ အရှင်ဇ၀န (နိုင်ငံရေးအကျဉ်းသားဟောင်း)

ကွန်ကရစ်တောထဲက သားကောင်၊ လှောင်ချိုင့်ထဲက ချိုးငှက် – အပိုင်း (၂၄)

အရှင်ဇ၀န (နိုင်ငံရေးအကျဉ်းသားဟောင်း)

ဖေဖော်ဝါရီ ၂၅၊ ၂၀၁၄

 

အမည်းရောင်ထဲမှ အဖြူတစက်ဟာ ပိုထင်ရှား ပေလိမ့်မည် ။ ကန္တာရ ထဲမှ ရေကြည်တခွက် သည်လည်း အဖိုးတန်ရတနာတခုဟု  ယူရ မည်ဖြစ်သည် ။ ဆဲသံ ဆိုသံတို့ဖြင့် အနိုင်ကျင့် ဗိုလ်ကျသူတို့နေရာ။  လူသားတို့အတွက် သောက နှင့် အပူ ဖန်တီးနေရခြင်းကို တာဝန်တခုလို ကျေနပ် နေကြသော  လူတွေ ကြားမှ တွေ့မြင်လိုက်ရသော လူသားဆန်မှုက နေပူထဲ ချွေးဒီးဒီးကျနေသူကို ရေအေးအေးတခွက် လာကမ်းပေးတာပင်ဖြစ်သည် ။ သူ့ကိုစတင် သိရှိသည်မှာ သာယာဝတီထောင်သို့ ရောက်ပြီး ရက်ပိုင်းမှာပင် ။ ထိုနေ့က ထောင်ပိုင်တန်းစီ လှည့်သောနေ့ဖြစ်သည်။ ရောက်ပြီးမကြာသေးသောရက်အတွင်းဆိုတော့ ထောင်ပိုင်းကလည်း မျက်နှာထား တင်းတင်း ၊အသံမာမာ။ စရောက်တဲ့ကတည်းက ဗူးဝမှာ မိတ်ဆက် ပြောကြားသော ကြိုဆိုရေး စကားကြောင့် ထောင်ပိုင်ရဲ့ သဘောထားက ခက်ထန်မည်ဆိုတာတွက်လို့ရပြီးဖြစ်သည်။ 

 

ထောင်ပိုင်နှင့် ထောင်ဝန်ထမ်းတွေ တအုပ်ကြီး တိုက်ကအထွက်မှာအရပ်ဝတ်နှင့် လူတယောက် တော်တော်လှမ်းသော နောက်နားက ပါလာသည်။ ထောင်ထဲဝင်လာသော အရပ်ဝတ်ဆိုလျှင် ထောက်လှမ်းရေးတွေသာ ဖြစ်ကြသည်မို့ ကိုယ်ကတော့ ဂရုမစိုက်သလို နေမိသည်။ သို့သော်လည်း အခန်းထဲအတူနေသူတဦးက ထိုသူ့ကိုဂရုပြုမိသည်။

 

“ဟိုက လာနေသူဟာ ဒေါက်တာ ဖြိုးဝေအောင် မဟုတ်လား ”

 

ထိုစကားပြောလိုက်သူက သံတွဲသားကိုဝင်းနိုင်ဖြစ်သည်။ သူကပြောပြောဆို ဆို အခန်းတံခါးကို ကိုင်လျှက် မတ်တပ်ထရပ်လိုက်သည်။

 

“ဆရာ ဆရာ ကျနော် သံတွဲကပါ”

 

အပြင်မှ အရပ်ဝတ်နှင့်လူ၏ လှမ်းနေသောခြေလှမ်းတို့ ချက်ခြင်း ရပ်သွားသည်။ ဆွေမျိုးတဦးကို ပြန်လည်တွေ့ရသော မျက်နှာနှင့်

 

“သံတွဲ က ဟုတ်လား ”

 

မျက်နှာမှာမက အသံမှာပါ အံသြဝမ်းသာနေတာကို တွေ့လိုက်ရသည်။ သံတွဲမှာသူတာဝန်ကျဖူးသည်။ သူရင်းနှီးပြီးသားအရပ်။ ဒီလိုဆိုတော့ သူအတွက် စိတ်ဝင်တစား နေရာဖြစ်ပေလိမ့်မည်။ ဘယ်နားနေတာလဲ ဒေါက်တာ၏ အမေးစကား ။ ပြန်ဖြေသံတွေ အဆုံးမှာတော့ လိုတာပြောဖို့ ပြောဆိုသွားသည်။ ဒီတုန်းကတော့ ဒီလောက်သာသူနှင့် ပတ်သက်တာကို မြင်ခဲ့ရခြင်းဖြစ်သည်။ နောက်တကြိမ် ကြုံရခြင်းက ပို၍ စိတ်ထဲမှတ်မှတ်ရရ ဖြစ်မိသည်။ ကိုယ်နှင့် တိုက်ရိုက် သက်ဆိုင်ခဲ့တာဆိုတော့ ပို၍မမေ့မပျောက် ရှိသည်။  ဖြစ်ပုံက အစက ဖော်ပြမှပြည့်စုံမည်။

 

အင်းစိန်ထောင်က ပြောင်းကတည်းက ပါလာသော သံခြေကျင်းများ တချွင်ချွင်က နေ့ရောညပါ လူကို စိတ်အနှောက် အယှက် ပေးနေသည်။ လမ်းလျှောက်တော့ သံခြေကျင်းက ပုဆိုး အသားတွေကို ညှပ်ဖြတ် ။ အသံမမြည်ဖို့ ကြိုးနှင့်ထိမ်းတော့ လမ်းလျှောက်ရတာ အဆင်မပြေ။  သတိထားရပါများလာတော့ ညအိပ်ချိန်တွေကိုပင်ခြေကျင်းက ဖဲ့ယူပြန်သည်။ သံခြေကျင်းက ခြေထောက်တွင်သာ ခတ်ထားသည်။ သောကနှင့် စိတ်မချမ်းမြေ့မှုက ခြေကျင်းထက်ဆိုးစွာ တကိုယ်လုံးကို ခတ်ထားသည်။ အိပ်ချိန်တွေကိုပါ ခြေကျင်းက သူကသိမ်းပိုက်ထားသည်။

 

“ရဲဘက်စခန်းက ပြန်လာတဲ့သူတွေကို ကျနော်မြင်ဘူးတယ် ခြေကျင်းနှစ်ရှည် အခတ်ခံထားရတော့ ခြေမျက်စေ့နား ခြေကျင်းဝတ် ပတ်လည် အသမာတွေတက်လို့ နောက်သံဆိပ်တက်တာ ထင်တယ် မျက်လုံးက ကြောင်တောင်ကန်းသွားတာ သူဘာမှ မမြင်ရ တော့ဘူး”

ကိုယ်ကလွဲပြီး ကျန်လူ အားလုံးက ကိုယ်ထက် ထောင်အကြောင်းပိုသိသူချည်း ။ သူတို့ တွေ့ဘူးသော အတွေ့အကြုံက မျက်မြင် ကိုယ်တွေ့ တွေ ။ တခုမှ တဆင့်ကြားမဟုတ် ။ ခြေကျင်းကို ကြိုးနှင့် ဘယ်လို ထိမ်းထားလျှင် သက်သာသည် ဆိုတာကအစ သူတို့က ပြောပြကြသည်။ ဘာမှ ပြစ်မှု ပြစ်ဒဏ် မရှိပဲ ခြေကျင်းခတ်ခံထားရခြင်းကို လူတိုင်းကမကျေနပ်။  အခုချိန် အလိုချင်ဆုံး တခုကို ယူကြပါဆိုလျှင်  နံပါတ်တစ် တောင်းမည်က ခြေကျင်းဖြုတ်ပေးပါလို့ လူတိုင်း တသံတည်း ထွက်လာမည်မှာ သေချာသည်။ ခြေကျင်း ကြာရှည်အခတ်ခံရခြင်း၏ နောက်ဆက်တွေက စိတ်မချမ်းမြေ့စရာ။

 

“ဘယ်သူက ဘယ်လို ဒီလို ခြေကျင်းခတ်ရမယ် ဆိုတာကိုတီထွင်ခဲ့လဲမသိဘူး”

 

ဒုက္ခနှင့် သောကက ခြေကျင်းဆီမှာသာ ဦးတည်နေကြတော့သည်။ ဒီတော့ ကိုယ် ကြားဖူးထားသော ခြေကျင်းသမိုင်းကို သူတို့ကို မေးရင်း သူတို့သိထားတာကကော ဘယ်လိုရှိမည်လဲဟု စူးစမ်းမိသည်။

 

“ဒီခြေကျင်းခတ်ဖို့ စတင် လုပ်ခဲ့တာက မဆလ လက်ထက်က ပြည်ထဲရေးဝန်ကြီး ဦးဘိုနီ လို့ကြားဖူးတယ် ဒီိအမိန့်ထုတ်ပြီး မကြာဘူး သူအဖမ်းခံထောင်ကျတယ် သူနောက်မှုထွက်တော့ သူထုတ်ထားတဲ့ ဥပဒေ အတိုင်း ထောင်ကျနောက်မှုထွက်ကို ခြေကျင်း အခတ်ခံရတယ် ဒီတော့ ဦးဘိုနီ မျက်ရည်ကျဆိုပဲ မင်းတို့ကော ဘယ်လိုကြားဖူးလဲ”

 

သူတို့လဲ ဒီအတိုင်းကြားဖူးကြောင်း ပြောကြသည်။ အခန်းတိုင်း ခြေကျင်းသံတချွင်ချွင် က သာယာဝတီထောင် သီးသန့် နောက်တိုက်မှာ ကြားရမည်ဖြစ်သည် ။

 

တလအကြာ နံနက် ရေချိုးချအပြီး ထောင်မှူးတယောက် စာရွက်ကိုင်ပြီးဝင်လာသည်။ သူ့နောက်မှ ပေတုံး နှင့် ပစ္စည်းကိရိယာများ သယ်ဆောင်လာကြသော အကျဉ်းသားတို့ပါ ပါလာကြသည်။ လှမ်းမြင်နေရသော တိုက်ကို ဦးတည် လာနေသူတို့ကို ကြည့်ပြီး အာလုံးမျက်နှာသည် အဖြေတခု အလိုလို ထုတ်ပြီး ဖြစ်နေကြသည်။ စိတ်ကျဉ်းကျပ် ကိုယ်ကျဉ်းကျပ် ခံရခက်သော အဖြစ်က အားလုံး လွတ်ကြတော့မည်။ ခြေကျင်းကို လာဖြုတ်ပေးပြီ။ အခန်းရှေ့ ရပ်သည်။ စာရွက်ပါ နာမည်ကိုခေါ်သည်။ အခန်းသော့ဖွင့်ပေးပြီး နာမည်ခေါ်သူ အခန်းအပြင်ထွက် ခြေကျင်းဖြုတ်သည်။ ပထမတယောက်ခေါ်သည်။ နောက်တယောက် နောက်တယောက် နောက်ဆုံးမှ မိမိအလှည့်ကျမည် ထင်ထားသည်။ နောက်တခန်းကိုသာ ရွှေ့သွားသည်ကိုယ့်အလှည့်ရောက်မလာ။  ဒီလိုနှင့်အခန်းအားလုံး ပြီးတော့မှ ခေါ်မည်ဟု ဖော့တွေးပြီး စိတ်ကို ကိုယ့်ဘာသာ ဖြေနေရသည်။ သို့သော် အခန်းတွေသာ ကုန်သွားပြန်သည် ကိုယ့်နာမည်ကမပါပြန်။

 

“တယောက်ကျန်သေးတယ်ဟေ့ ”

 

အခန်းထဲကတယောက်က လှမ်းအော်သည်။ နာမည်မေး ကျနှစ်မေးအပြီး အဖြေကထွက်သွားပေပြီ ။ ကျနှစ် ၂၀ ကျော်သူများကို ခြေကျင်း ဖြုတ်မပေး တဲ့။ မဲက မနှိုက်ရပဲပေါက်သည်။ ကံကြမ္မာက ကိုယ့်ကိုမျက်နှာမပေး။ အားလုံးခြေကျင်း ဒုက္ခမှ လွတ်သွားကြသည်။ တိုက်ထဲ သုံးလေးယောက်လောက်သာ ခြေကျင်းနှင့်ကျန် ရစ်သည်။ ဒုက္ခကို ကိုယ်ပေါ်မှ ခွါထုတ်ခွင့်မရ။ ဒီတော့ တဆက်တည်း သောကတွေလည်း စိတ်ထဲ စူးဝင်ဆဲ စူးဝင်မြဲ ။စိတ်မသက်သာမှုတွေက ပိုလို့လို့ပင် တိုးလာသည်ဟုဆိုရမည်။ နေ့တနေ့တာလုံး စိတ်ထဲ နပမ်းလုံးနေရတာတွေသည် သောကနှင့် ဒုက္ခဖြစ်မည်ထင်သည်။ လူတွေက ဝိုင်းအားပေးကြသည်။ ရှေ့တိုက်မှာ ရဲဘော်များက စိတ်မကောင်းဖြစ်ရကြောင်း လှမ်းသတင်းပို့ကြသည်။ လူသားတဦး ဒုက္ခမှ လွတ်သွားရခြင်းသည် သူတဦးတည်း လွတ်သွားရခြင်းမဟုတ် လူစိတ်ရှိသူ အားလုံးအတွက် ပျော်ရွှင်ကြည်နူးမှုကိုပါ တပြိုင်နက်မှာ ဖန်တီးပေး ထားခဲ့ပြီးဖြစ်သည်။ ဒီလိုဆိုတော့ လူသားတဦး ဒုက္ခမှ မလွတ်ထွက်ရခြင်းသည်လည်း လူစိတ်ရှိသူတို့ကို စိတ်မသက်သာမှုကို ဝေငှသလို ဖြစ်နေမည်မှာ သေချာပါသည်။

 

ဆရာဝန်ဆီ သွားဖြစ်အောင်သွားဖို့ လှမ်းတိုက်တွန်းကြသည်။ တသီးတသန့်တော့မသွားဖြစ် ဆေးခန်းလိုက် တရက်မှာတော့ ဆေးရုံကို ရောက်သွားသည်။ ဆရာဝန်က ပုဒ်မကိုမေးသည်။ ကျနှစ်ကိုမေးသည်။  နိုင်ငံရေးမှုဖြစ်နေတာရော- ဘုန်းကြီးဖြစ်နေတာရော နောက်အများခြေကျင်းဖြုတ်ပြီးချိန် ကျန်နေခဲ့ခြင်းကိုသူစိတ် မသက်မသာ ဖြစ်နေပုံရသည်။ လိုအပ်သည်များကို သူမှတ်သား ထားမှန်း တော့ သတိပြုမိသည်။ နောက် နှစ်ရက်ခန့်မှာ ထောင်ပိုင်ဆီမှ အမိန့်တခု တိုက်ဝန်ထမ်းဆီ ဝင်လာသည် ဦးဇဝနကို ခြေကျင်း ဖြုတ်ပေးရန်တဲ့ ။

 

မမေ့မပျောက်ပြောရမည့်အကြောင်းတွေထဲ ဒီကိစ္စလည်းပါပါသည်။ ၁၉၉၀ခုနှစ် စက်တင်ဘာလ၂၅ရက်တုန်းက တထောင်လုံး ဆန္ဒတွေပြကြ ထောင်နှင့် နိုင်ငံရေးသမားတို့တိုက်ပွဲ အတွင်း ရိုက်သံနှက်သံတို့ ဆူညံခဲ့ဖူးသည်။ ထိုစဉ် ထောင်ဆရာဝန်က ထောင်ဘက်မှရပ်ပြီး ဆရာဝန်ကို ဆရာဝန်ချင်းရိုက်ခိုင်းသည်ကိုကျေကျေနပ်နပ် လက်စွမ်းပြသည်ဟု ကြားခဲ့ရဖူးသည်။ ဆရာ ဒေါက်တာတင်မျိုးဝင်း ဆိုလျှင် အသေချာခံစားခဲ့သူဖြစ်သည်။ ဒီလို သတင်း စကားတွေ နားမဆန့်အောင် ကြားနေရသည့်အချိန် သောကဒုက္ခတွေနှင့် အပူမီးတောက်နေချိန်တွင် မထင်မှတ်သော ကိုယ်တွေ့ ဖြစ်ရပ်လေးက တန္တာရထဲ ရေအေးအေးတခွက်လာရောက် ကမ်းပေးတာပင်ဖြစ်သည်။ ဒီဆောင်းပါးလေးကို ရေးမည်အားထုတ်တော့ သေချာသထက် သေချာအောင် ထိုအချိန်က သာယာဝတီထောင် နေခဲ့ဖူးသူတွေကို လိုင်းပေါ်တွေ့သမျှ လိုက်မေးသည်။ သူတို့တုန့်ပြန်ပုံတွေက ကိုယ်တယောက်တည်းကို ကောင်းခဲ့တာမဟုတ်ကြောင်း ထင်ရှားလာတော့ သူ၏ နှလုံးသားနှင့် ဒီမိုကရေစီအရေး သဘောထားကို တလေးတစားဖြစ်ရပြန်သည်။

 

ကိုအိုးဝေအောင်ကို လှမ်းမေးတော့ သာယာဝတီထောင်မှာ သူနေခဲ့တဲ့ကာလ ၁၉၈၉မှ၁၉၉၂အထိ ဆရာဝန်ဖြိုးဝေအောင်၏ နိုင်ငံရေးအကျဉ်းသားတို့ အပေါ် အထူးစေတနာထားခဲ့ပုံ၊ဆေးရုံသို့ နာမကျန်းသဖြင့် ဆေးကုသ ရန် ရောက်လာသော နိုင်-ကျဉ်းများကို ထို့ ထက်ပို၍ စေတနာထားခဲ့ပုံ၊ထောင်ထဲ နိုင်ငံရေးလုပ်လို့ -အာဏာဖီဆန် ဆန္ဒပြလို့  တိုက်ပိတ်ခံနေရတဲ့ နိုင်ကျဉ်းတွေကို ပိုလို့ ပိုလို့ ပင် အထူးစေတနာထား ထောက်ပံ့အားပေးခဲ့ပုံ တို့ ကို မနေ့ တနေ့ ကလိုပင် ခရားရေလွှတ် တတွတ်တွတ်နဲ့  မရပ်မနား ပြောပြရှာသည်။ အားလုံးအပေါ် စေတနာမေတ္တာထားတတ်သော ဆရာဝန်ဖြိုးဝေအောင်ကို ထောင်ထွက်အိုးဝေအောင်က အားလုံးကိုယ်စား အရိုအသေပြု ချင်လို့  သူထောင်ကလွတ်တော့ သာယာဝတီမြို့ ထဲက ဆရာ့အိမ်ကိုဝင်ပြီး တကူးတက ကန်တော့ခဲ့သည်ဟု ပြောပြသေးသည်။

 

ကိုသက်မှူးဆီ စာလှမ်းရိုက်မေးတော့ သူပြန်ပြောပြပုံက-

 

တခု မှတ်မိမလားလို့ သာယာဝတီထောင်မှာထောင်ဆရာဝန် နာမည် ဖြိုးဝေအောင် ထင်တယ် မှန်လားမသိဘူး yes he is good Doctor for us –တဲ့ – ။ ။

 

နှလုံးသားလှသော လူသားများလောကကြီးမှာ များများပေါ်ထွက်ပါစေ–

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts