ရသဆောင်းပါးစုံ

မင်းကိုနိုင် ● အဓိကနှင့် သာမည

မင်းကိုနိုင် ● အဓိကနှင့် သာမည
(မိုးမခ) မတ် ၁၃၊ ၂၀၁၇

ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူပါသည်။

“ဒါအန်တီလေး ဘွဲ့ယူတုန်းက ဓာတ်ပုံမဟုတ်လား၊ ဘာဖြစ်လို့ဆရာကြီးက ဒီလောက်တောင်ရယ်နေတာလဲ၊ အန်တီလေးကလည်း ရှက်အမ်းအမ်းကြီး”

“ပြောရရင်တော့ အဓိကနဲ့သာမည မခွဲခြားနိုင်ခဲ့လို့ပေါ့”

“ဘယ်လို သမီးနားမရှင်းဘူး”

“ဒီလိုဟေ့ ဘွဲ့ယူဖို့စင်ပေါ်တက်သွားတာ ပိုက်ဆံအိတ်ကြီးကိုင်သွားတာကိုး”

“ဘာဆိုင်လို့လဲ၊ မိန်းကလေးတိုင်း ဘွဲ့ယူရင်ကိုင်ထားကြတာပဲ ဥစ္စာ”

“ထားပါအုံး၊ ကိုင်ရင်လည်း ဘယ်ဘက်လက်နဲ့ကိုင်ရမှာ၊ ခုကညာလက်ကြီးနဲ့ဆိုတော့ ပါမောက္ခချုပ်က လက်ဆွဲ နှုတ်ဆက်ဖို့
လက်ကမ်းပေးလိုက်တာ၊ သမီးအန်တီလေးက ဆရာကြီးလက်ထဲပိုက်ဆံအိတ်ကြီး ယောင်ပြီး ပေးလိုက်မိသလို ဖြစ်သွားလို့
ရယ်ကြတာ”

“ဟား၊ဟား၊ ဟုတ်လား၊ အဲ့ဒါကြောင့် အန်တီလေး ရှက်ကိုးရှက်ကန်းကြီးဖြစ်နေတာ”

“အဲ့ဒါ ပြောတာပေါ့၊ ဘွဲ့တက်ယူတာ ပိုက်ဆံအိတ်က ဘာဝယ်ဖို့ယူသွားတာလဲမေးတာ၊ မိန်းကလေးတဲ့၊ အလှပစ္စည်းတွေအစုံ
ထည့်ထားရတာ၊ မိန်းကလေးတိုင်း ကိုင်သွားကြတာပဲတဲ့။ ဆင်ခြေက အဲ့သလိုဗျ၊ မိတ်ကပ်တွေ ပျက်မှာစိုးလို့ တချိန်လုံးမှန်ထုတ်ကြည့်ပြီး အလှကို အထပ်ထပ်ပြင်နေကြတာ”

“နိုင်ငံခြားမှာ မဟာဘွဲ့ယူတော့ ထပ်ဖြစ်သေးလား၊ အဲဒါမျိုး”

“ဘယ်ဖြစ်တော့မလဲ၊ ဟိုမှာကျတော့ ဘယ်သူမှ ပိုက်ဆံအိတ်မကိုင်တော့ဘူး၊ ဒီအတိုင်းလည်းရတာပဲ၊ ဦးတို့ ဆီက တက္ကသိုလ်တွေမှာပဲ အဲသလို ဖြစ်နေလား မပြောတတ်ပါဘူး”

“ဘွဲ့ယူဖို့ အဓိက၊အလှက သာမည ဒီလိုလား”

“မလှရဘူးလို့ မဆိုဝံ့ပါဘူးဗျာ၊ အဓိကနဲ့ မလွဲဖို့ပါပဲ၊ တခါလည်းတွေ့ဖူးတယ်၊ ကျောင်းသူတယောက်ဘွဲ့ယူ တာ ဖိနပ်ကပင်ဆယ်ဟီးလ်ခေါ်တဲ့ ခဲတံလို ဒေါက်ချွန်ချွန်နဲ့စင်ပေါ်ကျမှကြမ်းကြားညပ်ပြီး ဒေါက်တဖက် ပြုတ်ထွက်သွားတာ၊ မြင်ယောင်ကြည့်လိုက်၊ ဘယ်လောက် ဒုက္ခရောက်ရှာမလဲလို့”

“အို ဟုတ်လား၊ရှက်မှာပဲနော်”
*………………………..*………………………*

“စာပေဟောပြောပွဲတွေမှာလည်း ဖြစ်ကြတာပဲ၊ အဆိုအက အစီအစဉ်တွေ များသွားလို့ တကယ်ဟောကြမည့် စာရေးဆရာတွေအလှည့်ကျတော့ သိပ်ညဥ့်နက်သွားပြီ၊ သုံးယောက်လောက်ဟောကြတာ၊ နောက်ဆုံးလူ အလှည့်ကျတော့ ငိုက်ကုန်ကြ ပြန်ကုန်ကြရော”

“ဒါလည်း အဓိကနဲ့ သာမည အကွဲတာပဲလား”

“စဉ်းစားကြည့်ပေါ့၊ စာပေဟောပြောပွဲပါဆိုမှ ဘယ်ဟာက အဓိကလဲလို့”

“ဟုတ်ပါပြီ၊ ဟောပြောတာပဲ အဓိကပေါ့”

“ဒီလိုလည်း သေချာပေါက် မမှတ်နဲ့ဦးဗျ”

“အာ ဦးဦးကလည်း သမီးမျက်စိလည်လာပြီ”

“ဒီလိုကွ၊ နောက်စာပေဟောပြောပွဲ တခုမှာကျတော့ ည ၁၁ နာရီကျော်နေပြီ၊ စာရေးဆရာလေးယောက် တောင်ဖိတ်ထားတာ
တယောက်မှ မဟောရသေးဘူး”

“ပွဲစတာ နောက်ကျလို့လား၊မီးပြတ်လို့လား”

“တခုမှ မဟုတ်ရပေါင်ဗျာ၊ အမှာစကားတက်ပြောနေတဲ့ လူတွေ၇ ယောက်တိတိဖြစ်နေလို့”

“တကယ်”

“တကယ်ပေါ့၊ အမှာစကားဆိုပေမယ့် အကြာကြီးတွေ ဟောနေကြတာကိုး”

“ဘာအကြောင်းတွေ ပြောနေလို့လဲ”

“ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အမှတ်တရပွဲကွာ၊ ၁၉၁၅ ဖေဖော်ဝါရီ၁၃ မှာမကွေးတိုင်း နတ်မောက်မြို့၌”

“ဖခင် ရှေ့နေဦးဖာ၊ မိခင်ဒေါ်စုတို့မှ ဖွားမြင်ခဲ့ပါသည်၊ ဒါသမီးတောင်သိသေးတယ်”

“ဟုတ်ပဗျာ၊ အဲဒါတွေကိုပဲ တယောက်ပြီးတယောက် တက်ဖတ်နေကြတာ”

“နေဦး ဦးဦးရဲ့၊ အဲ့ဒါက အဓိကမဟုတ်ဘူးလား”

“ဒီနေရာမှာ သေချာစဉ်းစားရမှာက လူတိုင်းလိုလိုသိပြီးသားအချက်တွေတက်ဖတ်ပြမှာလား၊ လူသိနည်းသေး တဲ့ အကြောင်းတွေ၊ ရှာဖွေဖတ်ပြီး သုံးသပ်ချက်တွေနဲ့ ဟောပြောရမှာလား၊ ချင့်ချိန်ကြည့်ပေါ့”

“ဘယ်လိုသုံးသပ်ချက်ကို ပြောတာလဲ၊ သမီး သိပ်နားမလည်ဘူး”

“အေးပေါ့၊ သမီးအရွယ်နဲ့ သိပ်မရင်းနှီးတဲ့ ဝေါဟာရ ဖြစ်ချင်ဖြစ်နေမှာပေါ့၊ဒီလိုကွာ၊ အချက်အလက်တခုကို ပြောပြလိုက်၊ စဉ်းစား စရာ ဘယ်လိုရတယ်ဆိုတာ ပြောပြလိုက်၊ အဲ့ဒါမျိုးပေါ့”

“ဥပမာ ပြောပြလေ”

“အေး၊၁၉၄၀ သြဂုတ်လမှာ စစ်ပညာသင်ဖို့ ထွက်သွားတယ်၊ ဒါသမီးသိတယ်နော်”

“သခင်လှမြိုင်နဲ့လေ၊ တရုတ်ပြည် အမွိုင်မြို့ကိုသွားတာ၊ ဟိုင်လီသဘောင်္နဲ့”

“ဒါပေါ့၊ ဒါကကျက်ထားရင် သိပြီးသားပဲ၊ ဟိုင်နန်ကျွန်းမှာ စစ်ပညာသင်ရတော့ ဘယ်လိုသင်ရလဲ သိလား”

“ပင်ပန်းကြီးစွာ သင်ရသည်”

“အေး၊ အဲဒါက အတိအကျ မဟုတ်တော့ဘူး၊ ဦးဦး မှတ်ထားတာပြောပြမယ်၊ ဟိုင်နန်ကျွန်းက ဌက်ဖျားပေါ၊ ခြင်တွေလည်း တသောသောနဲ့၊ ကျော်ပေါ်မှာ အမြောက်ကြီး၊ အမြောက်ကြီးပေါ် အမြောက်ကလေးထမ်း၊ ချီစမ်း ချီစမ်း ခရီးကြမ်းကို”

“အမြောက်ကြီးကို ကျောပေါ်မှာ ဘယ်လိုထမ်းရသလဲ၊ ဒီလောက်ကြီးတာကြီး၊ ဟုတ်ရဲ့လား”

“အဲ့ဒီလို ဆန်းစစ်တာမှ သဘောကျတာ၊ စဉ်းစားရမှာပေါ့၊ ဒါကလင်္ကာလိုလုပ်မှတ်ထားတာ၊ တကယ်က စိန်ပြောင်းလိုဟာမျိုးပြောတာပေါ့၊ စိန်ပြောင်း အမြောက်ပေါ့၊ လူတယောက်ထမ်းနိုင်တဲ့အရွယ်၊ ဟုတ်ပြီနော် ဆက်နားထောင်၊ လမ်းခရီး ၁၅ မိုင်၊ ဓားကိုင်တဲ့ဗိုလ်တေဇ ရှေ့ဆုံးက လဲကျတယ်၊ ပြန်မထနိုင်ဘူး”

“ အဲ့ဒါ ဗိုလ်ချုပ်အောင်ဆန်း နာမည်နော်”

“ဟုတ်တယ်၊ ဆက်နားထောင်၊ ဗိုလ်တေဇကို ပြေးထူဖို့လာ၊ဗိုလ်တာရာကို ဂျပန်ဆရာ နော်ဆေးက ဗြန်းခနဲ ရိုက်ပြီး တားတယ်၊ထားခဲ့နေပစေ၊သေပစေတဲ့”

“အို ဟုတ်လား၊ ရက်စက်တာ”

“ဗိုလ်တာရာ ပေါက်ကွဲပြီ၊ လက်ထဲက လှံစွပ်နဲ့ ဂျပန်ဆရာကို ပြန်ခွပ်မယ်အလုပ်၊ ဗိုလ်တေဇ လဲကျနေရာကနေ မျက်လုံးတွေဝေလို့၊လက်ကာပြ တားတယ်၊ မလုပ်နဲ့ ဗိုလ်တာရာ၊ သည်းခံ၊ အချိန်မတန်ခင်သည်းခံ၊ ငါတို့နိုင်ငံ အတွက် သည်းခံ၊ လွတ်လပ်ရေးအတွက် သည်းခံ၊အချိန်မတန်ခင် ဓားဟာ ဓားအိမ်ထဲက မချွတ်ရသလို သည်းခံ၊ဟုတ်ပြီလား”

“အဲ့ဒီအတိုင်းပြောတာလား”

“ဟဲ့ တကယ့် သေရေးရှင်ရေးကြီးမှာ ဒီလိုပြောနေပါ့မလား၊လက်ကာပြီး မလုပ်နဲ့ပြောမှာ ပေါ့၊ ခုဟာက အနှစ်သာရကို ရွတ်ပြနေတာ၊ဖြစ်ရပ်ထဲက အတွေးအခေါ်ကို ထုတ်ပြနေတာ၊ သမီး စဉ်းစားကြည့်လေ၊ဗိုလ်ချုပ်အောင်ဆန်း အသက် အဲ့ဒီတုန်းက ဘယ်လောက် ရှိမလဲ”

“၁၉၁၅ မှာ မွေးနေ့ဆိုတော့၊ ၂၅-၂၆ လောက်ပေါ့”

“ဒါပေါ့ ၂၆ နှစ်သားရဲ့ရင့်ကျက်မှု၊ အမျှော်အမြင်ကြီးမှု ဒါတွေကို မြင်ရမယ်လေ၊ ဟောပြောပွဲဆိုတာ အချက် အလက်တွေကိုပဲ တက်ဖတ်တာမှ မဟုတ်တာ၊ သုံးသပ်ဝေဖန်ချက်တွေ၊ ကောက်ချက်တွေဆွဲပြရတာမျိုးလေ၊ မညည်းငွေ့အောင် ရသတွေ လိုသလောက်ထည့်ရတာမျိုး မဟုတ်လား”

“အင်းပေါ့၊ တချို့ဟာတွေဆို သမီးလည်း နားထောင်ရတာပျင်းတယ်”

“အေး၊ ဒါပေမဲ့ ပျင်းမှာစိုးလို့ ရယ်စရာ ငိုစရာ ထိတ်လန့်စရာတွေအများကြီး ပြောနေရင်လည်း ဘာဖြစ်မလဲ”

“အဓိက ပျောက်သွားမှာပေါ့၊ ငိုဖို့ ရယ်ဖို့ လာနားထောင်တာမှ မဟုတ်တာ”

“ဒီတခါ သမီးမှန်ပြန်ပြီ၊ တော်လိုက်တာ ခုနက ဗိုလ်တေဇဟာ သည်းခံခိုင်းတာ ဘာ့ကြောင့်လဲ”

“လွတ်လပ်ရေးက အဓိကလေ၊ အရိုက်ခံ၊ အဆဲခံရတာ သာမညပေါ့ ဟုတ်လား”

“နေပါဦး၊ သမီးဘဝင်မကျတာ မေးဦးမယ်”

“မေးပါ မေးပါ၊ ကြိုဆိုပါတယ်”

“တက္ကသိုလ်တွေ ကျောင်းတွေတက်တာ ဘာလုပ်ဖို့လဲ၊ ဘာအဓိပ္ပာယ်လဲ ဦးဦး”

“စာတတ်အောင်ပေါ့၊ ပညာတွေတတ်အောင်ပေါ့”

“အဲဒါ ကျောင်းနေတုန်း ရည်းစားထားတယ်၊ အသည်းတွေကွဲပြီး စာမကျက်နိုင်ဘူးဖြစ်တယ်၊ အဲ့ဒါ အဓိကနဲ့ သာမည ပြောင်းပြန်ဖြစ်မနေဘူးလား ပြော၊ဘယ်သူတွေ ကျောင်းတက်တုန်းက ဖြစ်ခဲ့လဲ၊ သမီးသိနေတယ်နော်”

“အား၊ ဒါတော့ ဒါတော့”
.

#မင်းကိုနိုင်
ပြည်သူ့အရေး ၊ ၂၇ ၊ ဒီဇင်ဘာ ၊ ၂၀၁၆ ၊ အင်္ဂါနေ့ အတွဲ(၃)၊ အမှတ် ၁၁၆


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts