>Mar Mar Aye 249

>

ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ် (၂၄၉)
ရုပ်သေးသဘင် နှင့် ရွှေပြည်ကြီးသီချင်း
မာမာအေး
အောက်တိုဘာ ၁၈၊ ၂၀၀၈

သောတရှင်များ ကျန်းမာတော်မူကြပါစရှင်-

မာအေးချစ်တဲ့ သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့ အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ၊ ရှေ့တပတ်မှာတုန်းက မြောက်ပိုင်းအီလီနွိုက် တက္ကသိုလ်မှာ ပြုလုပ်တဲ့ မြန်မာပညာရပ်များ နှီးနှောဖလှယ်ပွဲ ကို တက်ရောက်ရင်း ရုပ်သေးအက ခင်းကျင်းပြသတော့ အငေါ့ အထေ့ အစောင်း အမြောင်း မယားကြီးကထောင်းတဲ့ပုံစံ ဆိုဟန်ကို ရုပ်သေးမင်းသမီး အမေပု ခေါ် ဆရာပုက ဘယ်လိုဆိုတယ် လို့ သမီးတွေကို သင်ပေးတဲ့ ရုပ်သေးဆရာကြီး၊ ပုဏ္ဏားပျံကျော်အေးရဲ့အိမ် ရှိတဲ့ ဦးဝိစာရရပ်ကွက်နေရာ ပြန်သတိရသွားကြောင်း ပြောမိပါတယ်။

ရုပ်သေးရုပ်ကလေးတွေဟာ ‘ဂုံးရုပ်’ ဆိုတာနဲ့ ‘ဘီလူးရုပ်’ကလွဲရင် သွားဖြဲလေးတွေနဲ့၊ အကုန်လုံး ပြုံးမျက်နှာလေးတွေမို့ ချစ်ဖို့အလွန်ကောင်းပါတယ်။ အဲဒီလို ကတမ်းခုန်တမ်းမှာ ကြေးတမ်းမ၀င်ရှာတဲ့ ကလေးကစားစရာ ယမင်းရုပ်ကလေးတွေကိုလည်း ပွဲဈေးသွားရင်း၊ ဘုရားဈေးသွားရင်း ချစ်ဆွေတို့လည်း တွေ့မှာပါ။ အတူသွားတဲ့ လူကြီး မိဘတွေကို နားပူနားဆာလုပ် ၀ယ်ခိုင်းချင် ၀ယ်ခိုင်းမှာပေါ့နော်။ ကိုယ်ချင်းစာလို့ ပြောတာပါ။ မာအေးငယ်ငယ်က အဖေတို့ခင်တဲ့ အိမ်နားကလူကြီးတွေနဲ့ ဘုရားဖူးထည့်လိုက်တုန်းကပေါ့။ ဘုရားစောင်းတန်းက ကြေးကုန်သံကုန်ဆိုင်မှာ ချိတ်ထားတဲ့ ယမင်းရုပ်ကလေး ချက်ချင်းဝယ်မပေးလို့ ငိုတာ ငိုတာ၊ ခမျာတွေ ငွေမပါလို့ အိမ်မှာပြန်ယူ ၀ယ်ပေးရသတဲ့။ အဲသလောက် စွဲခဲ့တဲ့ အရုပ်ကလေးတွေပါ။ ကြာကြာတော့ မခံတတ်ပါဘူး။ အရုပ်က ရွှံ့စေးနဲ့လုပ်တာကိုး ရှင့်။ အင်္ကျီတို့ လုံချည်တို့ကတော့ စက္ကူနဲ့လည်း လုပ်တာပဲ၊ အ၀တ်နဲ့လည်း ကပ်ချုပ်တာပါပဲ။ မာအေးတို့ ကစားခဲ့ကြတဲ့ ယမင်းရုပ်ကလေး ကစားစရာလေးတေါဟာ ၁၈၆၃ ခုနှစ်လောက်မှာကတည်းက ရှိနေပြီ တဲ့၊ ဥရောပက တချို့ပြတိုက်တွေမှာ ပြထားသေးတယ်တဲ့ ရှင်။

အနုပညာတန်းဝင် ရုပ်သေးကဏ္ဍဟာ တိမ်ကောပျောက်ကွယ်လု ဖြစ်နေတာကို သတိပြုမိတဲ့အတွက် ၀ါသနာကြီးစွာ လေ့လာဆည်းပူး ထိန်းသိမ်းရင်း တီထွင်ကြံဆနေတဲ့ ဆရာဝန်ကြီးရဲ့ တင်ပြချက်အရကတော့ ရုပ်သေးကြိုးနဲ့ ဆိုင်ရာစကား ၁၄၈၄ ခုနှစ်က စာဆိုအကျော် ‘အရှင်မဟာရဋ္ဌသာရ’ ရေးဖွဲ့တဲ့ ကဗျာလင်္ကာမှာ ပါခဲ့တဲ့အတွက် ဒိအရင်ကာလကတည်းက ရုပ်သေးရှိနေပြီလို့ ဆိုပါတယ်။ ၁၈၁၈ ခုနှစ်မှာ သံအဖွဲ့တဖွဲ့က ‘အင်းဝ’မှာ ရုပ်သေးပွဲ ပြခဲ့တယ်။ ၁၈၃၀ မှာ ‘အင်းဝ’ကို ခရီးသွားရင်း ရောက်ခဲ့တဲ့ ဗိုလ်ကြီး Pemberton ဟာ ကြိုး ၃၂ ချောင်း ဆွဲကရတဲ့ ရုပ်သေးပွဲကို ပြသတင်ဆက်ခဲ့တယ်။ ၁၈၃၈ ခုနှစ်မှာတော့ အများသိပြီးတဲ့ မြ၀တီမင်းကြီး ဦးစဟာ ရုပ်သေးဂုဏ်မြောက်အောင် ကြိုးဆွဲရုပ် တီထွင်မှုကို သူ့ကိုယ်ပိုင်ဉာဏ်သုံးပြီး ဖော်ထုတ်ခဲ့ကြောင်း သိရပါတယ်။

ရုပ်သေးကို စင်ဆောက်ပြီး ကပြဖို့ စပြီးဆောင်ရွက်ဖို့အကြံရတာ စာဆိုတော် ဦးကြင်ဥ ဖြစ်ပါတယ်ရှင်။ ဒေ၀ကုမ္ဘာဏ်၊ ပါပဟိန်၊ ၀င်္ကန္တ စတဲ့ ပြဇာတ်တွေ၊ ပဒေသာသီချင်းတွေ ရေးခဲ့တဲ့ ဦးကြင်ဥဟာ သဘင်ဝန် ဦးသော်နဲ့အတူ တိုင်ပင်ပြီး စင်တင်ခဲ့တဲ့အကြောင်း စာရေးဆရာကြီး မဟာဆွေ ရေးခဲ့တဲ့ ‘ဖိုးဝဇီရအကြောင်း’ အတ္ထုပ္ပတ္တိမှာ ဖတ်ရပါတယ်။ ရှေးက နန်းတော်တွင်းမှာ တညတည်းနဲ့အပြီး ခင်းကျင်းကပြလို့ မရနိုင်တဲ့ နန်းတွင်းပြဇာတ်ကြီးတွေအစား ပြည်သူပြည်သား ကျေးလက်ဖွားမကျန် အသင့် အရသာ ခံနိုင်စေမယ့် ဇာတ်နိပါတ်ရာဇ၀င်တွေပါ နားလည်စေနိုင်မယ့် ကိုယ်တိုင်ရေး ဒဏ္ဍာရီပြဇာတ်တွေ ဖန်တီးပြီး ရုပ်သေးစင်တင်တဲ့အခါ ရှင်ဘုရင်၊ မိဖုရား၊ ၀န်ကြီးလေးပါး အရုပ်တွေနဲ့ တိုင်းပြည်တည်၊ မင်းသားရုပ် မင်းသမီးရုပ်တွေနဲ့၊ တက္ကသိုလ်ပညာသင်ရာကအပြန်မှာ နောက်တော်ပါလူရွှင်တော်အရုပ်တွေနဲ့ မေတ္တာသရုပ် ဟာသတွေလုပ် ဆိုတော့ ရုပ်စုံစင်တော် ခေါ်လိုခေါ်၊ ရုပ်သေးစင်၊ ရုပ်ကြီးစင်လို့လည်း ခေါ်ကြ။ ဦးကြင်ဥရဲ့ ရတုတွေ၊ ဆယ့်နှစ်ရာသီဘွဲ့၊ မိုးဘွဲ့၊ ဇော်ဂျီညည်းချင်း၊ မုဆိုးစကား၊ ဆိုင်းဆင့်များနဲ့ ဂုဏ်တင့် အရှိန်မြင့်ခဲ့ပါတယ်။

အဲဒီလို ရုပ်သေးစင်အဆင့်ဆင့်နဲ့ သဘင့်အစဉ်အလာ ထွန်းခဲ့တာ တိုင်းတပါးလက်အောက် ရောက်သည်အထိလို့ ဆိုရမှာပေါ့ရှင်။ အမျိုးကိုထိရင် မချိအောင်နာ ဆိုတာလိုပဲ နယ်ချဲ့ကို အကြပ်ထဲ ပို့ရအောင် ရုပ်သေးစင်ပေါ်က မပြတ် ဟဲလိုက်တာ ကညာမဒီကိုင်ဦးဖူးညို ဖြစ်ပါတယ်၊ သီပေါမင်းမြတ်ရဲ့ အသုံးတော်ခံ မင်္ဂလာစင်တော်သားမို့ “မစုသဒ္ဒရွှေတောင်ကျော်စွာ”ဘွဲ့ ချီးမြှင့်တော်မူခဲ့ပါတယ်။ ပါတော်မူပြီး ၂ နှစ်အကြာ ၁၂၄၉ ခုနှစ်မှာ အရှင်သခင်ကို လွမ်းတတဲ့ ‘သီဟာပျံနန်းဘုံမြင့်မှာလ’ အစချီ သီချင်းကို ကိုယ်တိုင် ရေးလိုက် ဆိုလိုက်တဲ့အခါ သူငါအများ မျိုးချစ်စိတ် ပွားခဲ့ကြပါသတဲ့။ ခေတ်က ဝေးလို့ အသံ မသိတော့ပေမယ့် ‘စာသား’လေး ကျန်လို့ တော်သေးရဲ့ရှင်။ နည်းနည်းတော့ ကောက်နှုတ် ဖတ်ပြချင်ပါတယ်။

(ဦးဖိုးညိုသီချင်းစာ-)“ကုလားဘုရင် သူ့နယ်သွား၊ သနားစရာ့နွယ်မဟာ၊ ရွှေမန်းဆောင်မြင့် နန်းနှင့်ကွာ၊ ရေကြောင်းစံတင့် မြန်းခဲ့ရှာ၊ သီတာရီပြာ၊ မဟာပင်လယ်ခြားမှာလ၊ ယူရာပူစွာ နှစ်ဆူနှစ်ဖြာ လိုက်သွားချေပေါ့၊ ကံသာဖန်လာ မြန်စွာ – ဆွေတော်သားတို့မှာဖျာ့၊ အားငယ်လို့ပန်း၊ သနားဖွယ်မို့ဖမ်း၊ ကုလားနယ်သို့ မြန်းရှာရ၊ အသျှင်ထိပ်စုမြတ်ဘုရား၊ သမီးတော်နှစ်ပါး စုဖုရားတို့မှာကွယ်၊ အေးအေးမြမြ စန်းငွေလကဲ့သို့ ထွန်းပကြည်လင်ပါစေဘုရား” တဲ့ရှင်။

အမျိုးချစ်တဲ့ အနုပညာရှင်မို့လည်း ဓားဝဲနေတဲ့ သူ့ကျွန်ခေတ်ထဲမှာ ဆိုရဲတာပေါ့ရှင်။ သူ့ရင်ထဲ ဘယ်လောက်များ အမျက်ပွားနေသလဲ မှန်းကြည့်စမ်းပါလား။

နယ်ချဲ့သမားတွေကို လူမျိုးတရာ့တပါး ဗမာတွေ ရေကြည့်ရင် ကုလားမျိုး ၆၀ ထဲ သွင်းမှာကိုး ရှင့်။ ဒါကြောင့် ကုလားချင်းထပ်နေအောင် စာထဲ ဆွဲစပ်ပစ်လိုက်တာသာ ကြည့်တော့။

၁၉၁၀ ပြည့်နှစ်မှာ ရုပ်သေးမင်းသမီး ဦးဖူးညိုက ‘ရွှေပြည်ကြီး’ဆိုတဲ့ မင်းသားရာပြတ် ဦးမောင်ကလေး ရေးတဲ့ သီချင်းကို စင်ပေါ်မှာ ထပ်ဆိုပြန်တော့ ‘ရွှေပြည်ကြီး’ သီချင်းကို နယ်ချဲ့အစိုးရက အရေးယူတယ်။ ဒါပေမယ့် ခဏပါပဲ။ ‘ရွှေပြည်ကြီး’ သီချင်းတွေထဲက ‘ရွှေပြည်ကြီး’ နောက်တပုဒ် ဖြစ်ပါတယ်ရှင်။

(နန်းတော်ရှေ့ ရွှေပြည်ကြီး – ခင်ညွန့်ရီ) သြော် – ရွှေပြည်ကြီး (ဘယ်ခါမှ နီးရပါ စည်ထီးနဲ့ကွာ) ၂ x x သာသနာဒါယိကာ ရာဇာမရှိတာ ကြာပြီ။ ယခုအခါ သူများနိုင်ငံ ပြိုင်စံစိုးတဲ့ မင်းမြတ်ရာဇာ စုံစုံညီညီ၊ လူမျိုးခြားတို့ မေးကာမြန်းကာ နန်းတော်တခုသာ၊ မန္တလေး နန်းတော်တခုသာ ကျန်ပါတော့သည်။ ဘယ်အခါမှ နဂိုရ်နေပြည် ရွှေပြည်ကြီး နီး နီးချင်လှသည်။ x x

(မူရင်း – ဘီဘီစီ အသံလွှင့်ဌာန၊ မြန်မာပိုင်းအစီအစဉ်)

ရေဒီယိုဆောင်းပါး နားဆင်ရန် ဤနေရာ ကို နှိပ်ပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts