>ဖက္ဆစ္အလိုကဵ ဴမန္မာအႎုပညာရႀင္မဵား

>

ဖက်ဆစ်အလိုကျ ဆိုကြ ကကြတဲ့
နှလုံးသားမရှိတဲ့ အနုပညာရှင်များ

မိုးမခ ၀င်း

ဧပြီ ၂၁၊ ၂၀၀၈

မဲဆွယ်ပြီး ထောက်ခံခိုင်းနေတဲ့ မြန်မာ့ရုပ်မြင်သံကြား သတင်းစာတွေကနေ လွှင့်ထုတ်နေကြတဲ့ အဆိုတော်တွေ သီချင်းရေးသူတွေ စာရေးဆရာတွေမှာ ခံစားတတ်တဲ့ နှလုံးသားမရှိတော့ဘူးလားဆိုတာ သိချင်ပါတယ်။

ရဟန်းသံယာတော်တွေကို သတ်ဖြတ်ဖမ်းဆီးခဲ့ကြတဲ့ ဒီစစ်အစိုးရကို အခုထိ ဘယ်လိုမှ မခံစားမိဘူးလား။ ဒီစစ်အစိုးရလက်ထက်မှာ ဒီစစ်အစိုးရအုပ်ချူပ်တဲ့ခေတ်ထဲမှာ ရဟန်းသံယာတော်တွေ အစော်ကားခံရတယ်။ ဒီမိုကရေစီရေးကို အေးချမ်းစွာတောင်းဆိုနေသူတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြတယ်။ ပျံလွန်တော်မူပြီးဖြစ်တဲ့ သာမညဆရာတော်ကြီး ပြန်ပေးဆွဲခံရတယ်။ အဲဒီအမူတွေ ဒီစစ်အစိုးရလက်ထက်မှာမှ ဖြစ်တာတွေပါ။ စဉ်းစားကြပါ။

ရဟန်းသံယာတော်တွေကို လူမဆန်စွာရက်စက်ခဲ့တဲ့၊ အခုလည်း ထောင်ထဲမှာ ဖမ်းဆီးခံထားရဆဲပဲ ရှိနေသေးတာကို သိနေရဲ့သားနဲ့များ ဒီစစ်အစိုးရက သူတို့ကိုထောက်ခံခိုင်းတဲ့ သီချင်းတွေ၊ သူတို့ကောင်းကြောင်းကို ပြသမူတွေကို အင်နဲ့အားနဲ့ လုပ်နေတဲ့ အနုပညာသည်တွေကို တွေ့မြင်ရတာ မြန်မာပြည်သူပြည်သားအပေါင်းမှာ မေတ္တာတွေတုံးသည်ထက် တုံးလာပြီး စစ်အစိုးရကို မုန်းတီးတဲ့အမုန်းတွေဟာ အဲသည်အနုပညာရှင်တွေဆီ ကူးစက်ကုန်ကြပါပြီ။

စစ်အစိုးရက လူနည်းစုလို့ သူတို့သတ်မှတ်ထားတဲ့သူတွေမှာ ကိုယ့်ဆန္ဒပြစရာ ရုပ်မြင်သံကြားမရှိဘူး။ ဂျာနယ်တစ်စောင် မပိုင်ဘူး။ သတင်းစာမှာ ကိုယ့်ဆန္ဒကိုယ်ထုတ်ပြဖို့ နေရာမရှိပါဘူး။

စစ်အစိုးရဘက်ကနေ အားပေးထောက်ခံနေတဲ့ အနုပညာရှင်တွေမှာ ကိုယ့်လုပ်ရပ်တွေဟာ စစ်အစိုးရက ရဟန်းသံယာတော်တွေကို ပိုပြီးနှိပ်စက်ဖို့၊ လက်နက်မဲ့ပြည်သူလူထုကို ပိုပြီးရန်ရှာဖို့၊ ဒီထက်မကသော ပြစ်မူတွေကို ပိုပြီးကျူးလွန်ဖို့အတွက် လက်နက်တပ်ဆင်ပေးနေပါလားဆိုတာ သိလာတဲ့အချိန်ကျမှ ပြင်လို့မရဖြစ်နေလိမ့်မယ်။ တာဝန်အရ၊ ကြောက်လို့၊ ဆိုတာကို ပရိသတ်က နားလည်ပါတယ်။ ခွင့်လွှတ်ပါတယ်။ ဒါပေမယ့် တာဝန်အရလား၊ စိတ်ထဲက ပါလား၊ စိတ်ပါလက်ပါ သရုပ်ဆောင်နေကြသလား၊ ပျော်ပျော်ပါးပါးနဲ့လား ဆိုတာ ပရိသတ်က သိနေကြပါတယ်။ ဒီလို ငရဲကြီးမယ့်ကိစ္စမျိုးကို အားမပေးကြပါနဲ့။


ကြံ့ဖွံ့တို့၊ ပြည်ခိုင်ဖြိုးတို့စတဲ့ အဖွဲ့ဝင်တွေဟာ မော်တော်ဆိုင်ကယ်၊ ဟင်းဖုံး၊ စက်ဘီးစတဲ့ ပစ္စည်းတွေရလို့ သူတို့ဘက်သား ဖြစ်နေကြတာတွေပါ။ အနုပညာသည်တွေဟာ သူတို့လောက် အောက်တန်းမကျသင့်ပါဘူး။ စစ်အစိုးရက လုပ်ခိုင်းတိုင်း၊ စစ်အစိုးရအလိုကျ လုပ်ပြကြရလောက်အောင် မနိမ့်ကျဘူးလို့ ယုံကြည်ပါတယ်။

ပြည်သူလူထုကို ’ထောက်ခံပါ’လို့ မတောင်းဆိုပါဘူး။ ’ကန့်ကွက်ကြပါ’လို့ မတိုက်တွန်းပါဘူး။ ပြည်သူလူထုမှာ စဉ်းစားတတ်တဲ့ ဦးနှောက်ရှိပါတယ်။ ခံစားတတ်တဲ့ နှလုံးသားရှိပါတယ်။ သတင်းစာထဲ၊ ရုပ်မြင်သံကြားထဲ ထောက်ခံကြပါ၊ အမှန်ကို ဒီလိုခြစ်ရပါတယ် ဆိုတာကအစ သင်ပြပေးနေကြတာဟာ ပြည်သူလူထုကို ဦးနှောက်မရှိတဲ့သူတွေလို့ သဘောထားနေကြလို့ပါပဲ။ အဲသည်လို လုပ်ပြနေကြရတာကိုက စစ်အစိုးရဘက်က ပြည်သူလူထုကို အမှန် မခြစ်တတ်မှာကို စိုးရိမ်နေပုံရတယ်လို့ ခန့်မှန်းမိကြောင်းပါ။

မြန်မာပြည်သူပြည်သားအပေါင်း ဘေးအန္တရယ်အသွယ်သွယ်ကို သတိနှင့်ယှဉ်ကာ ရတနာသုံးပါးကို ဒိုင်းသဖွယ်ကာရံ၍ အေးချမ်းစွာ ကျော်ဖြတ်သွားနိုင်ကြပါစေသတည်း။

(သရုပ်ဖော်ပုံများ – မြန်မာရုပ်မြင်က ပုံရိပ်တွေကို တင်ပြလိုက်ပါတယ်။ ဘယ်ချယ်နယ် ပြောင်းပြောင်း ဒါတွေပဲ လာနေတဲ့ တိုင်းပြည် – မြန်မာပြည်)






သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts