>၀င်းပေၞမောင် – ဒိုင်အာခီ လက်သစ်မဵား

>

ကြက်ကြောက်အိတ်ထဲက ဒိုင်အာခီလက်သစ်များ
ဝင်းပေါ်မောင်

ဧပြီ ၂၁၊ ၂၀၀၈

မြန်မာ့နိုင်ငံရေးခရီးတွင် အရေးကြီးသော အချိုးအကွေ့တခုသို့ ရောက်လေတိုင်း အာဏာနောက်မြီးဆွဲသမားတို့ တစခန်း ထထလာတတ်ပြီး၊ နောက်ဆုံး၌ ၄င်းတို့သည် ပြည်သူလူထု၏ ဒဏ်ခတ်ခံရကာ ဇာတ်သိမ်းသွားရစမြဲ ဖြစ်သည်။

မေလ ၁၀ ရက်နေ့သည် မြန်မာနိုင်ငံ၏ သမိုင်းဝင် နေ့တနေ့ ဖြစ်လာဦးတော့မည်။

နအဖ စစ်အစိုးရ ရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို မေလ ၁၀ ရက်နေ့တွင် ကျင်းပမည်ဟု ကျင်းပရေးကော်မရှင်က ကြေညာပါသည်။ ဥပဒေမူကြမ်း စာအုပ်များကိုလည်း စတင်ရောင်းချနေပြီဟု ကြားသိရပါသည်။ ပြည်တွင်းပြည်ပ တလွှားတွင်လည်း ထောက်ခံရေးနှင့် ကန့်ကွက်ရေး ဆွေးနွေး စည်းရုံးမှုများ အရှိန်မြှင့် လုပ်ဆောင်လာကြသည်ကို တွေ့မြင်နေရပါသည်။

နအဖ စစ်အစိုးရက ထောက်ခံမဲရရန် လူထုကို မဲဆွယ်နေပြီး၊ အဖွဲ့ချုပ်နှင့် ဒီမိုသမားများက ကန့်ကွက်မဲပေးရန် ပန်ကြား စည်းရုံးနေချိန်တွင် အာဏာနောက်မြီးဆွဲသမားတို့က `ထောက်ခံမှ သက်သာမယ်´ `ဥပဒေရှိမှ ပြုပြင်လို့ရမယ်´ `ဥပဒေအောက်မှာပဲ နေချင်တယ်´ စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ တစခန်း ထနေကြပါသည်။ ၄င်းတို့က စစ်အစိုးရ ဥပဒေကို ထောက်ခံရန် စည်းရုံးဟောပြောမှုများ, စာရွက်စာတမ်း ဖြန့်ဝေမှုများကို တနေ့ထက်တနေ့ တိုးမြှင့်လုပ်ကိုင်လာကြသည်။ ရေဒီယိုဆွေးနွေးခန်း အပါအ၀င် အင်တာနက်ပေါ်တွင်လည်း ၄င်းတို့၏ သဘောထားကို ဖော်ပြလာကြသည်။

အနှီကုန်သော အာဏာနောက်မြီးဆွဲသမားတို့မှာ မြန်မာ့သမိုင်း၏ အကွေ့တိုင်းတွင် ပေါ်လာတတ်မြဲ ဖြစ်ပါသည်။

ဗြိတိသျှရဲ့ ဒိုင်အာခီ

မြန်မာ့သမိုင်းတွင် အာဏာနောက်မြီးဆွဲရေး အယူအဆ စတင်ပေါ်ပေါက်လာသည့် ကိစ္စမှာ `ဒိုင်အာခီရွေးကောက်ပွဲ´ ဖြစ်ပါသည်။ မြန်မာတို့၏ အမျိုးသားရေး လှုပ်ရှားမှု တစတစ ကျယ်ပြန့်လာပြီး၊ မြန်မာတို့က ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးရန် တောင်းဆိုလာသောအခါ၊ ဗြိတိသျှအစိုးရက ဒိုင်အာခီအုပ်ချုပ်ရေးကို ဖန်တီးပေးခဲ့သည်။

၁၉၂၃ မှ ၁၉၃၇ အထိ ဆယ့်လေးနှစ်ကြာခဲ့သည့် ဒိုင်အာခီအုပ်ချုပ်ရေးမှာ ဗြိတိသျှအစိုးရကိုယ်စား ဘုရင်ခံက ခန့်အပ်သော အမတ်များနှင့် ပြည်သူက ရွေးကောက်ပေးသော အမတ်များ ပူးတွဲအုပ်ချုပ်သည့် စနစ်ဖြစ်သည်။ ဒိုင်အာခီ ဥပဒေပြုကောင်စီ (လွှတ်တော်) တွင် အမတ် ၁၀၃ ဦးရှိသည့်အနက်၊ ၂၂ ဦးကို ဘုရင်ခံက ခန့်သည်။ ရာထူးအလျောက်ပါရသူ နှစ်ဦးရှိသည်။ ကျန် ၇၉ ဦးကို ပြည်သူက ရွေးကောက်ပေးရသည်။ ဒိုင်အာခီ အုပ်ချုပ်ရေးကောင်စီတွင် ၀န်ကြီး လေးဦးရှိရာ၊ နှစ်ဦးကို ဘုရင်ခံက တိုက်ရိုက်ခန့်သည်။ ကျန်နှစ်ဦးမှာ ဥပဒေပြုကောင်စီက ထောက်ခံတင်ပြပြီး ဘုရင်ခံက ခန့်သည့် အမတ်နှစ်ဦး ဖြစ်သည်။ တိုက်ရိုက်ခန့် ၀န်ကြီးများက ပြည်ထဲရေးနှင့် ဘဏ္ဍာရေးကို ရယူပြီး၊ အမတ်ဝန်ကြီးများက ပညာရေးနှင့် သစ်တောရေးကို ယူရသည်။

ဒိုင်အာခီအုပ်ချုပ်ရေးဌာနများကို သီးသန့်နှင့် လက်ပြောင်းဟူ၍ ခွဲခြားထားသည်။ သီးသန့်ဌာနများကို ဘုရင်ခံက အုပ်ချုပ်၍၊ လက်ပြောင်းဌာနများကိုသာ အမတ်ဝန်ကြီးများက အုပ်ချုပ်ရသည်။ သီးသန့်တွင် အရေးကြီးသည့် ပြည်ထဲရေး, ဘဏ္ဍာရေး, ကာကွယ်ရေး, နိုင်ငံခြားရေး, အခွန် စသည်တို့ ပါဝင်သည်။ လက်ပြောင်းမှာ ပညာရေး, ကျန်းမာရေး, ယစ်မျိုး, သစ်တော စသည်တို့ ဖြစ်သည်။

ဒိုင်အာခီ ဥပဒေပြုကောင်စီနှင့် အုပ်ချုပ်မှုကောင်စီတို့၏ စီမံဆောင်ရွက်ချက် မှန်သမျှသည် ဘုရင်ခံက ကျေနပ်၍ လက်ခံမှ အတည်ဖြစ်သည်။ ဘုရင်ခံက မကြိုက်လျှင် ဗီတိုအာဏာဖြင့် ပယ်ဖျက်နိုင်သည်။ အမတ်များသို့ ခွဲဝေပေးထားသော အုပ်ချုပ်ရေးအာဏာများကိုလည်း ဘုရင်ခံက အချိန်မရွေး ရုတ်သိမ်းနိုင်သည်။ ထို့ကြောင့် ပြည်သူ့ကိုယ်စားလှယ် အမတ်များမှာ ဘုရင်ခံ၏ အတိုင်ပင်ခံမျှသာဖြစ်၍ ထိုပုဂ္ဂိုလ်များကို မြန်မာတို့က `မင်းတိုင်ပင် အမတ်´ ဟု ခေါ်ဝေါ်ခဲ့ကြခြင်း ဖြစ်သည်။

ထိုအချိန်က မြန်မာတို့ တောင်းဆိုနေသည်မှာ ကိုယ်ပိုင်အုပ်ချုပ်ရေး ခေါ် ဟုမ္မရူး ဖြစ်သည်။ ဗြိတိသျှပေးသည့် ဒိုင်အာခီသည် မြန်မာတို့ တောင်းဆိုနေသည့် ဟုမ္မရူးနှင့် အလွန်ကွာခြားနေ၍ အမျိုးသားရေးစိတ် ပြင်းပြသော ခေါင်းဆောင်များနှင့် လူထုအများစုက ဒိုင်အာခီကို ဆန့်ကျင် သပိတ်မှောက်ခဲ့သည်။ ဂျီစီဘီအေမှ ခွဲထွက်လိုက်သည့် ၂၁ ဦးအဖွဲ့နှင့် အခြား အနည်းငယ်ကသာ ဒိုင်အာခီကို လက်ခံပြီး ရွေးကောက်ပွဲ ၀င်ခဲ့ကြသည်။

၁၉၂၂ နိုဝင်ဘာ၂၁ ရက်နေ့တွင် ပြုလုပ်သည့် ပထမအကြိမ် ဒိုင်အာခီ ဥပဒေပြုကောင်စီ ရွေးကောက်ပွဲတွင် မဲပေးသူ ခုနစ်ရာခိုင်နှုန်းသာ ရှိခဲ့သည်။ ၉၃ ရာနှုန်းက သပိတ်မှောက်ခဲ့ကြသည်။ သို့သော် ဗြိတိသျှအစိုးရက အောင်မြင်သော ရွေးကောက်ပွဲဟု သတ်မှတ်၍ ဒိုင်အာခီအုပ်ချုပ်ရေးကို အကောင်အထည်ဖော်ခဲ့သည်။

ထိုစဉ်က ဒိုင်အာခီကို လက်ခံသည့် ၂၁ ဦးပါတီ အကြောင်းကို သမိုင်းသုတေသနဌာနထုတ် မြဟန်၏ `ကိုလိုနီခေတ် မြန်မာ့သမိုင်းအဘိဓာန်´ တွင် အောက်ပါအတိုင်း မှတ်တမ်းတင်ထားပါသည်။

နှစ်ဆယ့်တစ်ဦးပါတီ — ဗြိတိသျှ နယ်ချဲ့အစိုးရက ပေးသော ဒိုင်အာခီအုပ်ချုပ်ရေးကို လက်ခံသည့် ၂၁ ဦး ဂျီစီဘီအေကို ခေါ်ခြင်း ဖြစ်သည်။ ဦးဘဘေ အပါအ၀င် ဒိုင်အာခီကို လက်ခံလိုသူ ၂၁ ဦးက ခေါင်းဆောင်သောကြောင့် ၂၁ ဦးအဖွဲ့ ဟုလည်း ခေါ်ကြသေးသည်။ ဂျီစီဘီအေ အများစုက ဒိုင်အာခီကို လက်မခံဘဲ သပိတ်မှောက်သော်လည်း ယင်း ၂၁ ဦးတို့က ဒိုင်အာခီကို လက်ခံခဲ့၍ ဂျီစီဘီအေ ပတမဆုံးအကြိမ် နှစ်ခြမ်းကွဲသွားသည်။ ဒိုင်အာခီကို လက်ခံခြင်းမှာ နယ်ချဲ့အစိုးရကို ပူးသတ်ရန်ဟု ၂၁ ဦးတို့က အကြောင်းပြသည်။ ထိုသို့ အကြောင်းပြပြီး ဒိုင်အာခီရွေးကောက်ပွဲ ၀င်ကြသည်။ လက်တွေ့တွင်မူ နယ်ချဲ့အစိုးရ ပေးသမျှ ရာထူးများကို လက်ခံ၍ နိုင်ငံအကျိုး ထိထိရောက်ရောက် မဆောင်ရွက်နိုင်ကြပေ။ နယ်ချဲ့အစိုးရကို ပူးသတ်မည်ဟုဆိုသည့် ရည်ရွယ်ချက်မှာလည်း အကောင်အထည် မဖော်နိုင်ပေ။ ထိုစဉ်က ဂျီစီဘီအေ အများစုနှင့် ပြည်သူ့ဆန္ဒမှာ ဟုမ္မရူး ခေါ် ကိုယ်ပိုင်အုပ်ချုပ်ရေး ဖြစ်သောကြောင့် ၂၁ ဦးတို့မှာ ပြည်သူ့ဆန္ဒနှင့် ဆန့်ကျင်နေသည့်အတွက် ပြည်သူလူထု၏ ထောက်ခံမှုမရဘဲ တဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ်သွားခဲ့သည်။”

နယ်ချဲ့ကို ပူးသတ်မည်, ဥပဒေတွင်းတိုက်ပွဲများဖြင့် တဖြည်းဖြည်း ပြောင်းလဲယူမည်ဆိုသည့် ပုဂ္ဂိုလ်ကြီးများသည် ကုလားထိုင်လုရ, သူတပါးကို အပုပ်ချရနှင့် အချိန်မလောက်သဖြင့် ပူးလည်း မသတ်နိုင်, ခွာလည်း မသတ်နိုင်ကြတော့ပါ။ ၄င်းတို့မှာ တိုင်းပြည်တိုးတက်ရေး, အမျိုးသားရေးကို ဘာမျှ မလုပ်နိုင်သော်လည်း အာဏာအရသာကိုတော့ ကောင်းကောင်း မြည်းနိုင်ခဲ့ကြပါသည်။ ဒိုင်အာခီကို လက်ခံတာကပင် အာဏာတစိတ်တဒေသ ရမည်ကို တွက်ချက်ပြီး လက်ခံခဲ့ခြင်း ဖြစ်သည်။ ထိုပုဂ္ဂိုလ်ကြီးများသည် တိုင်းပြည်ကို တဖြည်းဖြည်း မပြောင်းလဲနိုင်သော်လည်း၊ သူတို့လို အာဏာမက်သူတို့ တဖြည်းဖြည်း တိုးပွားလာအောင်တော့ စွမ်းနိုင်ခဲ့ကြပါသည်။ ဒိုင်အာခီခေတ်တွင် နိုင်ငံရေးသမား အရင့်အနုတို့ အစိုးရရာထူး ယူသူကယူ, အမတ်နေရာ ၀င်ရွေးသူကရွေးနှင့် တဖြုတ်ဖြုတ် ကြွေကျကုန်ကြသည်။ အမျိုးသားရေးဝါဒီများပင် အာဏာဝါဒီများ ဖြစ်ကုန်ကြသည်။

အာဏာနောက်မြီးဆွဲဝါဒီတို့၏ ပယောဂကြောင့် ပေါ်ပေါက်လာခဲ့သော ဒိုင်အာခီအုပ်ချုပ်ရေးက မြန်မာတို့၏ အမျိုးသားတပ်ပေါင်းစုကြီးဖြစ်သည့် ဂျီစီဘီအေကို အစိတ်စိတ် ပြိုကွဲစေခဲ့သည်။ ဗြိတိသျှအား လက်နက်ကိုင်တော်လှန်သည့် ဆရာစံ တောင်သူလယ်သမား အရေးတော်ပုံကို ပေါ်ပေါက်စေခဲ့သည်။

နအဖရဲ့ ဒိုင်အာခီ

ယနေ့ နအဖ စစ်အစိုးရက ထုတ်ပြလာသော အခြေခံဥပဒေမှာ ဒိုင်အာခီအုပ်ချုပ်ရေးနှင့် နင်လားငါလား ဖြစ်နေပါသည်။

လွှတ်တော်နှစ်ရပ်စလုံးတွင် ပြည်သူ့ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း၊ ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်သော ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းစီ ပါဝင်မည်။ သမ္မတနှင့် ဒုသမ္မတ နှစ်ဦး ပေါင်းသုံးဦးအနက် တဦးက စစ်ဦးစီးချုပ်ခန့် စစ်ဗိုလ် ဖြစ်မည်။ ပြည်ထဲရေး, ကာကွယ်ရေး, နယ်စပ်ဒေသ ၀န်ကြီးများက စစ်ဦးစီးချုပ်ခန့် စစ်ဗိုလ် ဖြစ်မည်။ ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးတွင် စစ်ဦးစီးချုပ်နှင့် ပြည်သူ့ကိုယ်စားလှယ် ပူးတွဲလုပ်ဆောင်ရမည့် စနစ်ဖြစ်၍ ဒိုင်အာခီအုပ်ချုပ်ရေး ဟုသာ ခေါ်ဆိုထိုက်ပါသည်။

ဗြိတိသျှ ဒိုင်အာခီ၏ ဘုရင်ခံနေရာတွင် နအဖ ဒိုင်အာခီက စစ်ဦးစီးချုပ်ကို အစားထိုးလိုက်ခြင်းသာ ဖြစ်ပါသည်။ ဘုရင်ခံက ဗီတိုအာဏာဖြင့် အားလုံးကို ထိန်းချုပ်ထား သကဲ့သို့ စစ်ဦးစီးချုပ်က အခြေခံဥပဒေဖြင့် အားလုံးကို ထိန်းချုပ်ထားနိုင်ရန် ကြိုးစားခြင်းသာ ဖြစ်ပါသည်။ နအဖက ဗြိတိသျှထက် သာလွန်သည့်အချက်မှာ `အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ´ ကို ဖွဲ့စည်းထားပြီး စစ်ဦးစီးချုပ်က ထိန်းချုပ်ထားရန်နှင့် စစ်တပ်က အချိန်မရွေး အာဏာသိမ်းနိုင်ရန် ပြင်ဆင်ထားခြင်းပင် ဖြစ်သည်။

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ကိုယ်စားလှယ်များမှာ ဥပဒေပြုရေးတွင် စစ်ဗိုလ်ကိုယ်စားလှယ်တို့ သဘောမတူလျှင် ဘာမှ ပြင်ဆင်လုပ်ကိုင်ခွင့် ရမည် မဟုတ်ပါ။ စစ်ဗိုလ်ကိုယ်စားလှယ် ဆိုသည်မှာလည်း စစ်ဦးစီးချုပ်ကိုယ်စား မဲလာပေးသူသာ ဖြစ်ပါသည်။ ထို့ကြောင့် အဆိုပါ လွှတ်တော်ကိုယ်စားလှယ်တို့မှာ ဟန်ရေးပြသက်သက် မင်းတိုင်ပင် အမတ် သို့မဟုတ် `ဗိုလ်တိုင်ပင် အမတ်´ များသာ ဖြစ်လာကြမည် ဖြစ်ပါသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးများ, ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ နှင့် ခရိုင်များအထိ စစ်ဗိုလ်အမတ်များက ပါဝင်နေမည် ဖြစ်ပါသည်။ စစ်တပ်က ပြည်ထောင်စုအဆင့်မှ ခရိုင်အဆင့်အထိ ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးတွင် ပါဝင်နေမည် ဖြစ်သော်လည်း စစ်တပ်အရေးအရာနှင့် ပတ်သက်၍မူ ပြည်သူ့ကိုယ်စားလှယ်များက လုံးဝ တို့ထိခွင့် ရမည် မဟုတ်ပါ။ စစ်တပ်က နိုင်ငံတော်၏ ဥပဒေပြုရေး, အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်ကြီး သုံးရပ်အောက်တွင် မရှိဘဲ၊ လုံးဝ သီးခြား ရပ်တည်နေမည် ဖြစ်သည်။ ထိုအချက်မှာ ဗီတိုအာဏာ သုံးနေစရာ မလိုတော့ဘဲ `နိုင်ငံတော်´၏ အထက်တွင် ခွထိုင်လိုက်ခြင်းပင် ဖြစ်ပါသည်။

လွန်ခဲ့သည့် နှစ်ပေါင်း ရှစ်ဆယ်ကျော် တရာလောက်က ဖြစ်ပေါ်ခဲ့သော, ဗြိတိသျှနယ်ချဲ့က သူပိုင် ကိုလိုနီနယ်များတွင် အနိုင်အထက် ကျင့်သုံးခဲ့သော, လက်တွေ့ အကျိုးမပြု၍ လူ့ကမ္ဘာက စွန့်ပစ်ပြီးဖြစ်သော ဒိုင်အာခီအုပ်ချုပ်ရေးကို နအဖ စစ်ဗိုလ်များက တူးဖော် ဖုန်သုတ် ရွှေချ၍ အသုံးပြုရန် ကြိုးစားခြင်းမှာ အံ့သြဖွယ်အကောင်းဆုံး ကမ္ဘာ့မှတ်တမ်းဝင် တခု ဖြစ်ပါတော့သည်။

ဒိုင်အာခီလက်သစ်

နအဖ၏ ဒိုင်အာခီအုပ်ချုပ်ရေးတွင် အာဏာတစိတ်တဖဲ့ ရလိုရငြား နောက်မြီးဆွဲ လိုက်နေကြသော အနှီပုဂ္ဂိုလ်များမှာ အလွန်သနားစရာ ကောင်းလှပါတော့သည်။ အဘယ်ကြောင့်ဆိုသော် ၄င်းတို့မှာ နအဖအတွက် ကျရာနေရာမှ ပါဝင်အသုံးတော်ခံပြီး `ရင်းစား´ ပေးနေရသလောက်၊ သူတို့ တကယ် ပြန်ရနေသည်က ပြည်သူလူထု၏ `အမုန်း´ နှင့် `သမိုင်းတရားခံ´ ဆိုသည့် ဂုဏ်ပုဒ်သာဖြစ်နေ၍ ဖြစ်သည်။

နအဖက အခြေခံဥပဒေ ရေးဆွဲသည့် ဖြစ်စဉ်တွင် `ဒါ ငါတို့သဘောထား´ ဟူ၍ ပြောင်ပြောဝံ့သည့် သတ္တိ မရှိပါ။ အငှားလူမိုက်များကို ခေါင်းခေါက်ရွေးထုတ်၍ ညီလာခံတွင် စာရွက်ဖတ်ခိုင်းပြီး သူ့စကားကို ညီလာခံကိုယ်စားလှယ်များ စကားအဖြစ် ဖော်ပြနေခြင်း ဖြစ်သည်။ နောင်တချိန် သမိုင်းတရားခံရှာပါက ညီလာခံ ကိုယ်စားလှယ်များ, ဥပဒေရေးဆွဲသူများသာ လက်ညှိုးထိုးခံရအောင် လုပ်ထားခြင်း ဖြစ်ပါသည်။ ထိုသို့ နအဖအလိုကျ လက်ညှိုးထောင် ခေါင်းညိတ် အသုံးတော်ခံခဲ့ကြသည့် ညီလာခံကိုယ်စားလှယ် အချို့နှင့် ညီလာခံတက်ပါရစေဆိုသော `ဖိုးပါချင်´အချို့က ယခုအခါ “ဥပဒေ မရှိတာထက် ရှိတာက ပိုကောင်းတယ်” ဟူ၍ ကြွေးကြော်နေကြပါသည်။

“By the Man အစား By the Law ကိုပဲ လိုချင်တယ်” ဟု ဆိုပါသည်။ ထိုစကားအရ ယခု အုပ်ချုပ်နေပုံသည် `လူက အထက်-ဥပဒေက အောက်´ ဖြစ်နေသည်ဟု ဖော်ပြနေပါသည်။ နောင်တွင် `ဥပဒေက အထက်´ ဖြစ်လာမည် မသေချာသော်လည်း `စစ်ဗိုလ်က အထက်´ ဖြစ်လာမည်မှာတော့ သေချာနေပါသည်။ နအဖ ရေးထားသည့် ဥပဒေမှာ `အိမ်ကြီးပေါ် အိမ်လေးဆောက်´ ထားသည့် ဥပဒေ ဖြစ်နေပါသည်။ ထိုအိမ်လေးတွင် စစ်တပ်ကနေပြီး ကာကွယ်ရေးဦးစီးချုပ်က မိန့်မိန့်ကြီး အုပ်ချုပ်မည် ဖြစ်သည်။

ဥပဒေပြဋ္ဌာန်း အုပ်ချုပ်သည့်စနစ် ဆိုသည်မှာ လူယဉ်ကျေးတို့၏ ဓလေ့ ဖြစ်ပါသည်။ လူယဉ်ကျေးတို့မည်သည် မိမိကိုယ်တိုင် လိုက်နာကျင့်သုံးရန် မဖြစ်နိုင်သော ဥပဒေကို ပြဋ္ဌာန်းရိုး မရှိပါ။ ကိုယ်တိုင်လည်း ကျင့်သုံးနိုင်, အများလည်း လိုက်နာကျင့်သုံးနိုင်သည့် တရားမျှတသော ဥပဒေကိုသာ ပြဋ္ဌာန်းကြပါသည်။ နိုင်ငံ၏ အထွတ်အထိပ်, အစိုးရအဖွဲ့ ခေါင်းဆောင်ဆိုသည့် သမ္မတက၊ မိမိထက် လုပ်ပိုင်ခွင့်အာဏာ ပိုကြီးနေသော ကာကွယ်ရေးဦးစီးချုပ်ကို မည်သို့ ခန့်အပ်ရပါမည်နည်း။

ထိုကိစ္စမှာ `တုတ်ပါကောက်ခဲ့´ ဆိုသည့် စကားလို ဖြစ်နေပါသည်။ အချို့လူကြီးများက ကလေးကို ရိုက်ဆုံးမလိုသည့်အခါ – ဒီကိုလာစမ်း၊ တုတ်ပါကောက်ခဲ့ – ဟု ပြောလေ့ ရှိတတ်ကြပါသည်။ ကလေးက ကိုယ်အရိုက်ခံရမည့် တုတ်ကို၊ ကိုယ်တိုင်ကောက်၍ ရိုက်မည့်သူလက်ထဲ ထည့်ရမည့်အလုပ် ဖြစ်သည်။ ကလေးတယောက်အဖို့ တုတ်ကောက်သည့်ကိစ္စက ဖြစ်နိုင်ပါလိမ့်မည်။ သမ္မတက တိုင်းပြည်အာဏာကို ကောက်၍ ကာကွယ်ရေးဦးစီးချုပ်လက်ထဲ ထည့်ပေးရမည့်ကိစ္စမှာ ဘယ်လိုမှ မဖြစ်နိုင်ပါ။

ဒိုင်အာခီလက်သစ်များက အခြေခံဥပဒေအရ ဖြစ်ပေါ်လာသည့် လွှတ်တော်အတွင်းမှ နေ၍ စစ်တပ်၏ အခန်းကဏ္ဍကို တဖြည်းဖြည်း ဖယ်ထုတ်သွားနိုင်မည်ဆိုသည့် မဟာဗျူဟာကြီးကို ခင်းကျင်းပြနေကြပါသည်။ ထိုဗျူဟာမှာ ၂၁ ဦး ဒိုင်အာခီအမတ်များ ပြောခဲ့သည့် ဥပဒေတွင်း တိုက်ပွဲ ပူးသတ်နည်းပင် ဖြစ်ပါသည်။

လွတ်မြောက်ရေး လှုပ်ရှားမှု အချိန်ကြာလာလျှင် အာဏာလက်ကိုင်ရှိသူကို ပူးသတ်ရမည် ဆိုသည့် အယူအဆ ပေါ်လာတတ်ပါသည်။ ဆန့်ကျင်လှုပ်ရှားမှုကြောင့် သိသာထင်ရှားသည့် ရလဒ်တွေ ထွက်ပေါ်မလာလေ ပူးသတ်ဝါဒက ပိုမိုကျယ်လောင်လာလေ ဖြစ်တတ်ပါသည်။ စိတ်အားလျော့ခြင်းနှင့် မျှော်လင့်ချက် နည်းလာခြင်းတို့ကလည်း ပူးသတ်ဝါဒကို တွင်ကျယ်လာစေတတ်ပါသည်။

နိုင်ငံရေးကို အာဏာသက်သက်ထောင့်မှ ကြည့်လျှင် ပူးသတ်သူများကို မှားသည်ဟု မဆိုသာပါ။ အဘယ်ကြောင့်ဆိုသော် သူတပါးလက်ထဲမှ အာဏာကို တောင်းယူ, တိုက်ယူတာက ပင်ပန်းသည်။ ကြာသည်။ ကာရန်မသင့်လျှင် အသက်ပါစွန့်ရသည်။ အာဏာရှိသူနှင့် ပေါင်းလိုက်တော့ အာဏာမြန်မြန်ရသည်။ အပြည့်အ၀တော့ မဟုတ်။ တစိတ်တဖဲ့။ ကိစ္စမရှိ။ ရသလောက်နှင့် ကျေနပ်လျှင် ပေါင်းလိုက်တာက အလွယ်ဆုံးဖြစ်သည်။

သို့သော် မြန်မာ့နိုင်ငံရေးမှာ အာဏာသက်သက်အတွက် အားပြိုင်နေသည့် အာဏာကစားပွဲ မဟုတ်တော့ ခက်နေသည်။ မြန်မာ့နိုင်ငံရေးမှာ အာဏာကစားပွဲအဆင့်သို့ ရောက်ကိုမရောက်သေး။ တရားမျှတသည့် ကစားပွဲတခုဖြစ်အောင် ခင်းကျင်းနေရဆဲသာ ရှိသေးသည်။ ဤလိုကာလတွင် တရားမျှတမှုကို လျစ်လျူပြုပြီး အာဏာကို ဦးစားပေးခြင်းမှာ ကိုယ်ကျိုးစီးပွား ဆန်နေပါသည်။

ပူးသတ်ဝါဒသည် အာဏာနှင့် ပတ်သက်၍ တွင်ကျယ်သည့် နည်းလမ်းတခုဖြစ်သော်ငြား ပူးသတ်ခြင်းကြောင့် လူထုလွတ်မြောက်ရေး အောင်မြင်ခဲ့သည့် အထောက်အထား အလွန်ရှားပါသည်။ ဖြစ်လေ့ဖြစ်ထ ရှိသည်မှာ `ပူး´ သူများသာ `အသတ်´ခံတတ်ရပြီး နိဂုံးချုပ်သွားလေ့ ရှိခြင်းပင်။

လွှတ်တော်အတွင်းမှနေ၍ စစ်တပ်ကဏ္ဍကို တဖြည်းဖြည်း ဖယ်သွားရေး ဆိုသည်မှာ စိတ်ကူးယဉ်ချက် သက်သက်သာ ဖြစ်ပါသည်။ အပြောင်းအလဲအတွက် သတ်မှတ်ထားသည့် အချိန်ကာလတခု မရှိဘဲ – ပြောင်းသွားကြတာပေါ့ – ဆိုသည်မှာ အလွန် မသေချာ မရေရာသည့် ကိစ္စဖြစ်ပါသည်။ ထိုအယူအဆမှာ – ပျားနှင့်တကွ ပျားအုံကို ဆွတ်ယူ၊ ပြီးမှ ပျားကို တကောင်ချင်း ဖယ်ထုတ် – ဆိုသလို ဖြစ်နေပါသည်။ ပျားတကောင်ကို ဖယ်သည့်အခိုက် ကျန် ပျားတွေက မကိုက်ဘဲ ငြိမ်နေမတဲ့လား။ ဥပဒေထဲက အချက်တခုခုကို ဖယ်ထုတ်ဖို့ ပြင်လိုက်တိုင်း အခြား အချက်တခုခုနှင့် ငြိနေအောင် ပိုက်စိတ်တိုက် ချယ်မှုန်းထားတာ သိသာလှပါသည်။ ပျားရည်ကို လိုချင်လျှင် ပျားအုံရှိ ပျားအားလုံးကို အလျင် မောင်းထုတ်ရမည်သာ ဖြစ်ပါသည်။

ဗြိတိသျှခေတ် ဒိုင်အာခီအုပ်ချုပ်ရေးသည် မြန်မာ့သမိုင်းတွင် အမည်းစွန်း ထင်ခဲ့သည်ကို ယနေ့ ဒိုင်အာခီလက်သစ်များက မျက်ကွယ်ပြုနေကြသည်။ ဒိုင်အာခီခေတ် ဆယ့်လေးနှစ်တွင် ပါဝင်ခဲ့သော နိုင်ငံရေးသမားများအဖို့ အုပ်ချုပ်ရေးဆိုင်ရာ အတွေ့အကြုံ ရရုံမှတပါး တိုင်းပြည်နှင့် လူမျိုးအတွက် ဘာမျှ ထိထိရောက်ရောက် မဆောင်ရွက်နိုင်ခဲ့ပါဟု သမိုင်းဆရာများက မှတ်တမ်းတင်ခဲ့ပြီး ဖြစ်သည်။ ထို ဒိုင်အာခီအုပ်ချုပ်ရေး ပြိုလဲသွားရသည်မှာ ဒိုင်အာခီအမတ်များကြောင့် မဟုတ်ဘဲ အမျိုးသားရေးဝါဒီများနှင့် လူငယ်ကျောင်းသားများ၏ တက်ကြွလှုပ်ရှားမှုကြောင့် ဖြစ်ကြောင်း သမိုင်းသင်ခန်းစာ ယူရမည် ဖြစ်ပါသည်။

အဆံချောင်

ယနေ့အခါတွင် အာဏာနောက်မြီးဆွဲသမားတို့နှင့် မနီးရိုးစွဲလိုက်သူ, ဟိုဘက်ကလည်း မဟုတ်, ဒီဘက်ကလည်း မဟုတ် ဆိုသူများလည်း လှုပ်လှုပ်ရှားရှား ဖြစ်နေကြပါသည်။ မိမိ ယုံကြည်ရာ အယူအဆအတိုင်း ရပ်တည် ဖော်ပြကြသည်ကို အထူးအထွေ ပြောနေစရာ မရှိပါ။ သီအိုရီ အဖုံဖုံ နည်းလမ်းအသွယ်သွယ် ရှုထောင့်အထွေထွေမှ ဝေဖန်ဆန်းစစ်ကြသည်ကိုလည်း ကြိုဆိုရမည် ဖြစ်ပါသည်။ သို့ရာတွင် `ဉာဏ်ကြီးရှင်´ ဆိုသည်မှာ ခေါင်းဆောင်မဟုတ် ဆိုသည့်အချက်ကို သတိပြုရမည် ဖြစ်ပါသည်။

လေ့လာဆန်းစစ်သူ အချို့က ထိုပုဂ္ဂိုလ် ထိုအစု ထိုအသင်းများကို `တတိယအုပ်စု´ ဟု နေရာ တနေရာပေး၍ ရှုမြင်လာကြပါသည်။ တတိယအုပ်စုဝင်များက တတိယနည်းလမ်းများကို အခါအားလျော်စွာ ကြံဆ ဖော်ပြလေ့ ရှိကြပါသည်။ ထူးခြားသည့် အမြင်များ, ဆန်းသစ်သည့် နည်းလမ်းများ တွေ့ရတတ်၍ စိတ်ဝင်စားဖို့တော့ ကောင်းပါသည်။ သို့သော် ထိုနည်းပရိယယ်များကို လက်တွေ့ အသုံးပြုရမည့်သူများမှာ ၄င်း တတိယအစုဝင်များ မဟုတ်ဘဲ ပထမနှင့် ဒုတိယအစုဝင်များ ဖြစ်နေသည်ကိုလည်း သတိပြုရမည် ဖြစ်ပါသည်။

ဆိုလိုသည်မှာ တတိယအုပ်စု၏ သဘောထားနှင့် နည်းလမ်းများသည် စဉ်းစားစရာ, ဆွေးနွေးစရာ အချက်အလက်များ ဖြစ်ကောင်းဖြစ်နိုင်ပါသည်၊ သို့သော် ဆုံးဖြတ်ချက်များတော့ မဖြစ်နိုင်ပါ။ တတိယအုပ်စုသည် ပဋိပက္ခအတွင်း ကိုယ်တိုင်ပါဝင် လုပ်ဆောင်သူ မဖြစ်လာမချင်း ဆုံးဖြတ်ချက်ချသူ ဖြစ်လာနိုင်စရာအကြောင်း မရှိပါ။

အခြေခံဥပဒေ အတည်ြ့ပုရေး ဆန္ဒခံယူပွဲ၏ ရလဒ်ကို ကြိုတင်ခန့်မှန်းရာတွင် တတိယအစု အင်အားကို အလေးထား တွက်ဆသင့်ကြောင်း အချို့က ဆွေးနွေးကြပါသည်။ အဆိုပါ အလေးထားသင့်ကြောင်း ဆွေးနွေးချက်ကို အငြင်းပွားစရာ မရှိပါ။ တကယ် ရှိနေသမျှ အကြောင်းအချက် အားလုံးကို အလေးထား စဉ်းစားခြင်းက ရလဒ်အမှန်ကို အနီးစပ်ဆုံး ခန့်မှန်းနိုင်မည် ဖြစ်ပါသည်။

သို့ရာတွင် ထို တတိယအစုဝင်များ ကိုယ်တိုင်က မိမိတို့ သဘောထားကို ပြည်သူလူထုအတွင်း ပြန့်နှံ့လွှမ်းမိုးစေလိုသည့် ဆန္ဒသဘောထား ရှိမရှိက သော့ချက် ဖြစ်ပါသည်။ အကယ်၍ ဆန္ဒရှိခဲ့လျှင် မိမိတို့သဘောထား လူထုအတွင်း ပြန့်နှံ့အောင် လက်တွေ့ လုပ်ဆောင်ရပါမည်။ လက်တွေ့ လုပ်ဆောင်မှု မရှိလျှင် ထိုသဘောထားသည် အနည်းစုကိုသာ ကိုယ်စားပြုနိုင်ပါလိမ့်မည်။ လျှို့ဝှက်ကွန်ရက်ဖြင့် ဖြန့်ကျက်ထားသည် ဆိုလျှင်လည်း မြန်မာပြည် အနေအထားနှင့် လက်တွေ့သိပ်မကျလှပါ။

မြို့နေ ပညာတတ်များနှင့် စီးပွားရေးသမားများက တတိယအုပ်စု သဘောထားနှင့် နီးစပ်နိုင်သည်ဟု တွက်ဆတာလည်း ရှိပါသည်။ ယခုထက် ပိုမိုသက်သာမည့် အခြေအနေကို လိုလားကြသည်ဟု ဆိုတာလည်း ရှိပါသည်။ တဖန် နအဖဘက်က ဘာမှ လိုက်လျော ပြောင်းလဲမှာ မဟုတ်တဲ့အတွက် လူထုကပဲ လျော့ပေးလိုက်တာ အကောင်းဆုံးဟု ဆိုတာလည်း ရှိပါသည်။ ဤသဘောထားများကို မြန်မာ့သမိုင်းနှင့် ယှဉ်၍ သတိပြုသင့်ပါသည်။ ဒိုင်အာခီ အုပ်ချုပ်ရေး, ၉၁ ဌာနအုပ်ချုပ်ရေးများကို ဗြိတိသျှက တီထွင်ပေးခဲ့သော်လည်း အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုများက ရပ်တန့်သွားခဲ့သည် မဟုတ်ပါ။ ထိုအုပ်ချုပ်ရေးများကြောင့် ပိုမိုသက်သာသည့် အခြေအနေတရပ် ဖြစ်ပေါ်လာသည်မဟုတ်ဘဲ ပိုမိုပြင်းထန်သည့် လွတ်မြောက်ရေး လှုပ်ရှားမှုများသာ တိုး၍တိုး၍ ဖြစ်လာခဲ့သည်ကို သတိပြုသင့်ပါသည်။

တတိယအုပ်စုဆိုသည်မှာ ထီထိုးပြီး ပေါက်ဂဏန်း ထိုင်စောင့်နေသူများနှင့် တူနေပါသည်။ အနာဂတ် ဖြစ်လာနိုင်ချေတခုကို မှန်းဆတွက်ချက်၍ ကိုယ့်အချင်းချင်း ဖလှယ်ထားကြပြီး၊ တကယ်ဖြစ်လာတာနှင့် ဘယ်လောက် ကိုက်ညီသလဲ နီးစပ်သလဲ အဖြေရှာနေသူများသာ ဖြစ်ပါသည်။ ၄င်းတို့၏ ဆောင်ရွက်ချက်က လေ့လာဆန်းစစ်မှုအတွက် ပညာရေးဆိုင်ရာ အကျိုးပြုမှုများ ဖြစ်လာနိုင်ပါသည်။ သို့သော် လူထုလွတ်မြောက်ရေးအတွက်တော့ အားကိုးဖွယ်ရာဟု မမြင်ပါ။

ဟိုဘက်လည်း မဟုတ်, ဒီဘက်လည်း မဟုတ်ဟု ဆိုလျှင် ဟိုမရောက် ဒီမရောက်ဟု ပြောနိုင်ပါသည်။ ဟိုမရောက် ဒီမရောက်သူများကို ခေတ်စကားဖြင့် `အဆံချောင်´ ဟု ပြောလေ့ရှိပါသည်။

ကြက်ကြောက်အိတ်

တော်လှန်ရေးကောင်စီနှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်က `ကြက်ကြောက်အိတ်´ ဆိုသည့် စကားလုံးတလုံး ပေါ်ခဲ့ဖူးပါသည်။

ထိုခေတ်က ပါတီ ကောင်စီ ဆိုသည့် ပုဂ္ဂိုလ်ကြီးငယ်များသည် အပေါ့စား လက်ဆွဲအိတ်များကို ကိုင်ဆောင်လေ့ ရှိကြသည်။ ဖျင်အမာစား, မိုးကာသား, တာလပတ် အပျော့စားတို့ဖြင့် ပြုလုပ်သည့် ထိုဆွဲအိတ်များကို အစိုးရက ကြီးမှူးကျင်းပသည့် ညီလာခံ, အစည်းအဝေးများသို့ တက်ရောက်ရသူ ကိုယ်စားလှယ်များအား ပေးလေ့ရှိသည်။ အိတ်ပေါ်တွင် အထိမ်းအမှတ်အဖြစ် စာတမ်းတံဆိပ် ခတ်နှိပ်ပေးလိုက်သဖြင့် ထိုအိတ်ကို ကိုင်သွားသည်နှင့် ဘယ်ညီလာခံကိုယ်စားလှယ် ဖြစ်ကြောင်း ဖော်ပြပြီးသား ဖြစ်သွားသည်။ ထိုအိတ်နှင့် ပါတီ ကောင်စီ ပုဂ္ဂိုလ်တို့မှာ ခွဲမရသော အရာများ ဖြစ်လာကြသည်။

ပါတီ ကောင်စီ ပုဂ္ဂိုလ်ကြီးငယ်များမှာ ကျေးရွာဒေသများသို့ သွားရောက်၍ ဆိုရှယ်လစ် စီမံကိန်းများကို စစ်ဆေး ကြည့်ရှု လမ်းညွှန်ကြရသည်။ ကွင်းဆင်းသည့် အလုပ်ကို အုပ်စုလိုက် တပင်တပန်း လုပ်ကိုင်ကြရသူ ထိုလူကြီးမင်းတို့အတွက် ကျေးရွာများက စားရေးသောက်ရေး စီစဉ်ပေးရသည်။ လူကြီးတွေဆိုတော့ အသားဟင်းတခွက်တော့ ပါရမြဲ။ နောင်တော့ ပါတီ ကောင်စီများ ဆွဲအိတ်တွေ တကားကားနှင့် ရွာထဲဝင်လာတာနှင့် ကြက်တွေ ကြောက်ပြီး ထွက်ပြေးကုန်ကြတော့သည်… ဟူသတတ်။

သို့နှင့် ဆိုရှယ်လစ်ခေတ်၏ သင်္ကေတသည် ကြက်ကြောက်အိတ် ဖြစ်သွားတော့သည်။ မဆလ စစ်တပ်ပါတီတွင် အရိပ်ဝင်ခိုကာ အာဏာနောက်မြီးဆွဲခဲ့သူများကို ပြည်သူလူထုက ကြက်ကြောက်အိတ် အဖြစ် ရှုမြင်ခဲ့သည်။ စစ်တပ်ဦးဆောင်သည့် ပါတီ ကောင်စီဆိုလျှင် လူမပြောနှင့် ကြက်ကတောင် ရွံသည့် သူများ ဖြစ်ခဲ့သည်။

ဒိုင်အာခီခေတ်မှ အစပြုခဲ့သည့် အာဏာနောက်မြီးဆွဲသမားတို့သည် အခွင့်ရတိုင်း တချီတမောင်း ထထလာတတ်သော်လည်း နောက်ဆုံးတွင် နိုင်ငံရေးဇာတ်ခုံပေါ်မှ ကုပ်ကုပ်လေး ဆင်းသွားကြရသည်သာ ဖြစ်ပါသည်။ ကြက်ကြောက်အိတ်သမားတို့လည်း မရှုမလှ နိဂုံးချုပ်သွားခဲ့ရပြီး ဖြစ်ပါသည်။

ယခုတဖန် ဒိုင်အာခီလက်သစ်များသည် သေနတ်ပြောင်းဝမှ အာဏာ အကပ်အသပ်ကို အငမ်းမရ လျက်ရန် ကြက်ကြောက်အိတ်ထဲမှနေ၍ ပြူတစ်ပြူတစ် လုပ်နေကြလေသည်။ ထိုအိတ်ထဲတွင် အဆံချောင်အချို့လည်း ရှိနေနိုင်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts