>ပဥင်္မူမန်မာနိုင်ငံတော်တည်ထောင်ခန်း (၁၂)


>

ပဉ္စမမြန်မာနိုင်ငံတော် တည်ထောင်ခန်း(၁၂)
အောင်ဝေး
အောက်တိုဘာ ၁၈၊ ၂၀၀၈


‘ပဲဟင်းကို ရှုပ်ချင်သည်၊ နှုတ်ခမ်းမွှေးကို၊ အနုတ်ခံဝံ့ မခံဝံ့။ မှိုနှင့်မျှစ်ကို နုတ်ချင်သည်၊ ကျဉ်တုတ်ခံဝံ မခံဝံ’
ကျည်းကန်ရှင်ကြီးနန္ဒဓဇရဲ့ မေတ္တာစာ တပိုဒ်ကို သတိရမိတဲ့အချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဧရာဝတီခရီးစဉ်သင်္ဘောက လပွတ္တာမြို့ကို ဝင်ရောက်လာနေခဲ့ပါပြီ။ ရွေးမြစ်ပေါ်မှာ နေနီ ရေသောက်ဆင်းလုလုအချိန် ဆိုပါတော့။

သင်္ဘောဦးခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ကို ခေါ်ပြီး တွေ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က အားလုံးကို ဒီမိုကရက်တစ်ဖြစ်ဖို့၊ ဒီမိုကရက်စိတ်ထားရှိဖို့ လမ်းညွန်ပါတယ်။ ဒီမိုကရက်ဖြစ်တယ်ဆိုတာ လွယ်လွယ်ပြောရရင် ကိုယ်နဲ့မတူတာ၊ မတိုက်ဆိုင်တာတွေကို နားလည်လက်ခံပေးနိုင်တာပါပဲ။ တနည်းဆိုရရင် ကျယ်ပြန့်စွာ မဟာမိတ်ပြုရတဲ့ သဘောပါ။ ၈၈- အရေးတော်ပုံအလွန်၊ ၈၉- တိန်အန်မင်အလွန်၊ ၉ဝ-ဂေါ်ဘာချက်အလွန် ကမ္ဘာကြီးဟာ ဗဟုဝါဒခေတ်ပဲမဟုတ်လား။

အန်ကယ်ဦးကြည်မောင်ကလည်း ကျွန်တော်တို့ကို flexible ဖြစ်ဖို့၊ mobile ဖြစ်ဖို့ မှာကြားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီခရီးစဉ်မှာ ကျနော်တို့အားလုံး ရန်သူရဲ့ စက်သေနတ်ပြောင်းတွေကြားက သွားနေရတာဖြစ်တယ်။ ဒီတော့ ကျနော်တို့ ပျော့ပျောင်း ညင်သာဖို့ လိုတယ်၊ ညွှတ်နိုင်ကွေးနိုင်ဖို့လိုတယ်။ မြစ်ဝကျွန်းပေါ်က မိုးမခပင်တွေက လေပြင်းတိုက်ရင်ညွှတ်ပြီး ကွေးခံတယ်။ ဘယ်တော့မှ အရှုံးမပေးဘူး၊ ကျိုးမသွားဘူး။ ဟော- လေလည်းအား ပျော့သွားရော သူက ပြန်မတ်ပြီး မုန်တိုင်းကို ကြံ့ကြံ့ခံ စိန်ခေါ်နေပြန်တော့တာလေ။

ပြီးတော့ ကျနော်တို့ဟာ ရန်သူရဲ့ ဗျူဟာကြားမှာ ကိုယ့်သဘောထား၊ ကိုယ့်အမြင်ကို တရားသေ ကျောက်ချ ဆုပ်ကိုင်ထားလို့ မရဘူး။ အခြေအနေ အချိန်အခါအရ ကျနော်တို့ဘက်က ဆုတ်သာ တက်သာ ရှိရမယ်၊ ရွှေ့လွယ် ပြောင်းလွယ် ရှိရမယ်။ အဲဒါ flexible ဖြစ်ဖို့၊ mobile ဖြစ်ဖို့ အန်ကယ်လ်ဦးကြည်မောင်က သူ့အတွေ့အကြုံထဲကနေ သင်ကြားပေးလိုက်တာပါ။

သဘောတရားနဲ့လက်တွေ့၊ သင်ခန်းစာ ‘တစ်’ ဟာ လပွတ္တာမြို့အဝင်က စတော့တာပါပဲ။

ကျနော်တို့ ‘မြတ်မေတ္တာ’ သင်္ဘောဟာ ဗိုလ်ချုပ်အောင်ဆန်းသီချင်း တို့ဗမာသီချင်း၊ နဂါးနီသီချင်း၊ သုံးရောင်ခြယ်သီချင်း၊ နိုင်မြန်မာရဲ့ ကမ္ဘာမကြေဘူးသီချင်း စသည်ဖြင့် သီချင်းတွေ ဖွင့်ပြီး မြို့တွေ ရွာတွေ ဆိပ်ကမ်းတွေကို ဝင်လာတတ်ပါတယ်။ ကျနော်တို့ သီချင်းနဲ့ ထိုးစစ်ဆင်တဲ့ သဘောပါပဲ။

လပွတ္တာကို ရောက်တဲ့အခါမှာတော့ ကျနော်တို့ဟာ တန်ပြန်ထိုးစစ်ကို ရင်ဆိုင်ရပါတော့တယ်။ လပွတ္တာမြို့ ရွေးမြစ်ကမ်းတလျှောက် နဝတရဲ့ လော်စပီကာ အလုံးပေါင်း တထောင်လောက်ဟာ စစ်ချီတေး၊ စစ်သည်တေးတွေ ပြိုင်တူဖွင့်ပြီး ကျနော်တို့ သီချင်းသံကို ဖုံးအုပ်ပစ်လိုက်တာပါပဲ။

ကျနော်တို့ဘက်က သီိချင်းသံပိတ်လိုက်ပြီး သင်္ဘောကို အသံတိတ် ကမ်းကပ်လိုက်ပါတယ်။ သေနင်္ဂဗျူဟာ အနိုင်တိုက်နိုင်ဖို့ တခါတရံမှာ ဒီလိုပဲ နည်းပရိယာယ်ရေး အရှုံးပေးကောင်း ပေးရတယ်မဟုတ်လား။

သင်္ဘောဆိပ်မှာ ထိပ်ဆုံးက မှန်ပြောင်းတလက်နဲ့ ဟိုကြည့်ဒီကြည့်လုပ်ပြီး ကြိုဆိုနေသူကတော့ လပွတ္တတာမြိုနယ် မဝတ ဥက္ကဌ ဗိုလ်မှူးခင်ရွှေ ကိုယ်တိုင်ပါပဲ။ ကျနော် သူနဲ့ ညှိနှိုင်းပြီး လမ်းကြောင်းတောင်းပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ ‘အောင်တော်မူ’ ဘုရားဖူးမယ်။ NLD ရုံးမှာလူထုနဲ့ တွေ့မယ်။ လူ့ဘောင်သစ်ပါတီရုံးကို သွားမယ်။ (ဒီခရီးစဉ်မှာ လူ့ဘောင်သစ် ဥက္ကဋ္ဌ ကိုမိုးဟိန်းလည်း အတူ လိုက်ပါလာပါတယ်။)

အဲဒီနေ့က ကမ်းတလျှောက်မှာ လပွတ္တာမြို့လူထုက ဒေါ်အောင်ဆန်းစုကြည်ကို ထွက်ပြီး ကြိုဆိုကြပါတယ်။ သို့သော် သူတို့ခမျာ အသံတိတ်ပဲ ကြိုဆိုခွင့်ရကြရှာပါတယ်။ စစ်တပ်က လပွတ္တာမြို့အနှံ့ တပ်စွဲ နေရာယူထားတာပါ။ ဒေါ်အောင်ဆန်းစုကြည်က သူရဲ့ တည်ကြည် လေးနက်ခိုင်မာတဲ့ အပြုံးနဲ့ လပွတ္တာမြို့သူ မြို့သားတွေကို ပြန်ပြီး နှုတ်ဆက်အားပေးပါတယ်။

ဘုရားပရိဝုဏ်ကို ရောက်တော့လည်း အဆင်တပြေပါပဲ။ NLDရုံးမှာ ဒေါ်အောင်ဆန်းစုကြည် လူထုနဲ့တွေဆုံပြီး မိန့်ခွန်းပြောတော့လည်း အဆင်တပြေပါပဲ။

နောင်တချိန် ၁၉၉ဝ မေလရွေးကောက်ပွဲမှာ အမတ်တွေဖြစ်လာကြတဲ့ လပွတ္တာမြို့နယ် အန်အယ်လ်ဒီစည်း အဖွဲက ဒေါက်တာအေးကြူနဲ့ ရှေ့နေကြီး ဦးကြည်ဝင်း၊ ပြီးတော့ ဆရာမ ဒေါ်ခင်ဝိုင်းမော်၊ ဒါ့အပြင် လူ့ဘောင်သစ်ပါတီက ကျောင်းသားရဲဘော်တွေဟာ စစ်တပ်က ပိတ်ဆို့ ဟန့်တားထားတဲ့ ကြားကပဲ အစီအစဉ်တွေကို စနစ်တကျ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။

တနည်းအားဖြင့် လပွတ္တာမြို့လူထုဟာ အသံတိတ် ဆူညံပေးခဲ့ကြတာပဲ မဟုတ်လား။

လူ့ဘောင်သစ်ပါတီရုံးကို ရောက်တဲ့အခါမှာတော့ အဖုအထစ်ကလေးတခု ဖြစ်ပွားခဲ့ပါတယ်။ အချိန်ကလည်း မိုးချုပ်စ ပြုနေပါပြီ။

မဝတ အတွင်းရေးမှူး ဗိုလ်ကြီးမင်းသူက ကျနော်တို့ ခရီးစဉ်မှာ လိုက်ပါလာတဲ့ ပုသိမ်မြို့ NLDတိုင်းရုံးက လူငယ်ခေါင်းဆောင် ကိုသက်နိုင်ကို ဖမ်းဖို့ဆီးဖို့ အတင်းဝင်ကြမ်းလာတဲ့ ကိစ္စပါပဲ။ အကြောင်းတခုခု ရှိပါလိမ့်မယ်။ ဒါပေမဲ့ ကျနော်တို့ဘက်က အခုလို လမ်းခုလပ်ကြီးမှာ ဘယ်လိုနည်းနဲ့မှ ကိုယ့်အဖွဲ့ဝင် တယောက်ကို လက်လွှတ်ဆုံးရှုံးမခံနိုင်ပါဘူး။ ဒီတော့ ဗိုလ်ကြီးမင်းသူကို သူကျေနပ်တဲ့အထိ ကျနော်တို့ ဝိုင်းပြီး တောင်းပန်လိုက်ကြပါတယ်။

ဖြစ်ချင်တော့လည်း နောင် ၁၉၈၉ ဇူလိုင်လ အာဇာနည်နေ့အရေးအခင်းနဲ့ ကျနော် ပုသိမ်ထောင်ထဲ ပြန်ရောက်ပြီး၊ လက်ပါးတိုက်မှာ တယောက်တည်း အပိတ်ခံထားရတဲ့အချိန်၊ ဗိုလ်ကြီးမင်းသူကို အကျဉ်းသားတယောက်အဖြစ်နဲ့ ထောင်ဆေးရုံမှာ ကျနော် ပြန်ဆုံတွေ့လိုက်ရတာပါပဲ။

လပွတ္တာမှာတုန်းက ကျနော် သူ့ကိုတောင်းပန်ခဲ့တယ်။ အခု ပုသိမ်ထောင်ထဲမှာ သူက ကျနော့်ကို ပြန်ပြီးတောင်းပန်နေပါတယ်။ ကျနော် သူ့ကိုခွင့်လွှတ်ကြောင်း ပြောခဲ့ပါတယ်။ သူတို့ ကျနော်တို့ဟာ ရန်သူတွေမှ မဟုတ်ကြတာပဲ။

တပ်မတော်သားတွေ ဗိုလ်မှူးချုပ်ကျော်ဇော တိုက်တွန်းသလို ‘တပ်မတော်သာအမိ၊ တပ်မတော်သာအဖ’ မဟုတ်ဘဲ ‘ ပြည်သူသာအမိ ၊ ပြည်သူသာအဖ’ လို့ အပြည့် အ၀ နှလုံးသွင်းနိုင်တဲ့နေ့ဟာ ကျနော်တို့ ဒီမိုကရေစီတော်လှန်ရေး အောင်ပွဲခံတဲ့ နေ့ပါပဲ။

ရွေးမြစ်ကြီးကတော့ တသွင်သွင် စီးဆင်းနေတုန်းပါ။

ရွေးမြစ်ကမ်းမှာ ၁၉၈၉ ခုနှစ်တုန်းက ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ် သေနတ်ပြောင်းတွေ ကြားကနေ မကြောက်မရွံ့ ကြိုဆိုခဲ့တဲ့ လပွတ္တာ၊ ပြီးခဲ့တဲ့ ၂ဝဝ၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးကြီးတုန်းက ရန်ကုန်ကို လူထုစစ်ကြောင်းချီဖို့ ကြိုးပမ်းခဲ့တဲ့ လပွတ္တာ၊ အခုအချိန်မှာတော့ နာဂစ်မုန်တိုင်းဘေး၊ နာဂစ်ထက်ဆိုးတဲ့ သန်းရွှေမုန်တိုင်း ဘေးတွေကြောင့် ဒုက္ခပင်လယ်ဝေနေရတဲ့ လပွတ္တာ၊ ဒီလပွတ္တာဟာ ဟိုလွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းကလို ကျဉ်တုတ်ခံဝံ့တဲ့ သတ္တိနဲ့ အသံတိတ် ဆူညံပေးနေဦးမှာပဲ မဟုတ်ပါလား။ ။

(မူရင်း – Radio Free Asia, Burmese Service )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts