>lucky editor and a couple’s spilit

>

မိုးမခတောထဲက သတင်းအပိုင်းအစများ
ကံကောင်းတဲ့အယ်ဒီတာနှစ်ယောက် ရန်ဖြစ်တဲ့အခါ
အဝေးကြည့်မှန်ပြောင်း
အောက်တိုဘာ ၁၉၊ ၂၀၀၈


ကံကောင်းတဲ့အယ်ဒီတာ
မနေ့တုန်းက ကြေးမုံသတင်းစာမှာ နိုင်ငံတော်အကြီးအကဲ မင်းတြားကြီးသန်းရွှေနဲ့ သံအမတ်၂ယောက် တွေ့ဆုံခြင်းသတင်း မျက်နှာဖုံးပြည့်ပါလာပါတယ်။ သံအမတ်တွေနဲ့တဲ့ဟေ့၊ မျက်နှာဖုံးပြည့်ဆိုပါလား၊ ထူးခြားသဟ ထင်ပြီး သွားဖတ်ရင်လည်း ဖတ်ပေါ့။ မဖတ်အားလို့ ဘာတွေရေးထားလဲ အကျဉ်းချုပ်ပြောပြပါ ဆိုရင် သံအမတ် ၂ယောက်ရဲ့ ခန့်အပ်လွှာ လက်ခံတာပါပဲ၊ ပုံကြီးကြီး ၂ပုံ ထည့်ထားတယ် လို့ တကြောင်းတည်း ဆိုရပါမယ်။ ဒါပါပဲ။ တူရကီသံအမတ်ကြီးက အပေါ်ပုံ၊ အိန္ဒိယသံအမတ်ကြီးပုံက အောက်ဘက်မှာ။

သံတမန်လောကအတွက်တော့ ဒီမျက်နှာဖုံးက အဓိပ္ပာယ်တမျိုးကို ဆောင်ပါလိမ့်မယ်။ အိန္ဒိယကို နှိပ်ကွပ်လိုက်သလား ဆိုပြီး။ နိုင်ငံတော်အဆင့် ဘာပွဲညာပွဲတွေမှာ သံအမတ်တွေက အိမ်ရှင်အကြီးအကဲနဲ့ အနီးကပ်၊ ပြီးတော့ ဘယ်ဘက်မှာဆိုလား ညာဘက်ဘက်မှာဆိုလား ထိုင်ခွင့်ရမှ စိတ်ချမ်းသာသတဲ့။ သံအမတ်ဟာ နိုင်ငံတခုကို ကိုယ်စားပြုတယ်၊ ဒီသံအမတ်အပေါ် ပြုမူပုံကိုကြည့်ရင် သူ့နိုင်ငံအပေါ် ဘယ်လိုသဘောထားတယ်ဆိုတာကို ပြသပါသတဲ့။

မျက်နှာဖုံးအကြောင်း ပြန်ဆက်ရရင် ကြေးမုံသတင်းစာ အယ်ဒီတာများကတော့ ဒီလိုမျက်နှာဖုံးမျိုးကို ကြိုက်ကြမှာပါ။ နိုင်ငံတကာမှာတော့ ဖောင်ပိတ်ချိန်နီးတဲ့ညသန်းခေါင်မှာ အယ်ဒီတာတွေက မျက်နှာဖုံးအတွက် သတင်းရေးဖို့၊ သတင်းရွေးဖို့ အပျင်းကြီးတဲ့နေ့ဆိုရင် ဓာတ်ပုံတွေကို ခပ်ကြီးကြီး ထည့်ခိုင်းလိုက်ကြတာ ထုံးစံပါပဲ။ မျက်နှာဖုံးကို မင်းတြားကြီးရဲ့ သတင်း ၂ပုဒ်၊ ပုံ ၂ ပုံနဲ့ အဆုံးသတ်လိုက်ရတဲ့အတွက် အယ်ဒီတာများ အချိန်ကုန်လူပမ်း သက်သာလိုက်မယ့်ဖြစ်ခြင်း။

နှစ်ယောက်ရန်ဖြစ်တဲ့အခါ

ကမ္ဘောဒီးယားနိုင်ငံက စိတ်ကြီးသူနှစ်ယောက်အကြောင်း ကြားပြီးကြပလား။ ကြားပြီးရင်လည်း ပုံကြည့်ရအောင် တင်ပေးလိုက်ပါပြီ။ Prey Veng ပြည်နယ်က လင်မယားတစုံ လမ်းခွဲပြီးသကာလ ပိုင်ဆိုင်မှုတွေကို ခွဲဝေတဲ့အခါ အိမ်ကိုပါ လွှနဲ့တိုက်ပြီး ခွဲဝေယူကြတဲ့သတင်း ဖြစ်ပါတယ်။ (photo: AFP)
ခြံမြေကိုတော့ လေးပိုင်း ပိုင်းပြီး ကလေးတွေနဲ့ သူတို့ လင်မယားနှစ်ယောက် ခွဲဝေယူလိုက်ပါသတဲ့။

ခင်ပွန်းဖြစ်သူက သူဖျားနာနေတုန်းက ဇနီးသည်ရဲ့ ဂရုစိုက်မှုကို မရခဲ့တဲ့အတွက် ဒေါသထွက်ခဲ့တယ်၊ ဒါနဲ့ သူ့ဘော်ဒါတွေကို ခေါ်ပြီး ပိုင်ဆိုင်မှုတွေကို ထက်ခြမ်းခြမ်း၊ အိမ်ကိုလည်း လွှတွေနဲ့ ထက်ခြမ်းခြမ်းလိုက်ပြီး ပြောင်းရွှေ့သွားတယ်လို့ ရွာသူကြီးနဲ့အိမ်နီးချင်းတွေက ဆိုပါတယ်။ ဒီနေ့အချိန်မှာ ခင်ပွန်းသည်က မိဘအိမ်ပေါ် တက်နေတယ်၊ ဇနီးဖြစ်သူကတော့ တခြမ်းပဲ့အိမ်မှာပဲ ဆက်နေတယ်လို့ သတင်းတွေမှာ ရေးထားပါတယ်။

လင်မယားကွာရှင်းတဲ့အမှုတွေကို တရားရေးဝန်ထမ်းတွေက နှစ်နဲ့ချီပြီး စီရင်တတ်တဲ့အတွက် ဒီလမ်းကြောင်းကို ရွေးလိုက်တာဖြစ်တယ်လို့လည်း ရေးသားကြပါတယ်။ ပိုင်ဆိုင်မှုကို အဲသလိုခွဲဝေတာ ဥပဒေနဲ့ မဆန့်ကျင်ပေမယ့် ကွာရှင်းမှုကိုတော့ ခွင့်မပြုနိုင်သေးဘူး၊ ထုံးစံအတိုင်း တရားရုံးတော်မှာ နှစ်ပေါင်းများစွာ ဖြတ်သန်းရဦးမယ်လို့ ဆိုပါတယ်။

မိုးမခ အယ်ဒီတာမင်းတို့ရဲ့မဟေသီများက ဒီသတင်းဖတ်ပြီးကြရင် ခင်ပွန်းသည် ဖျားနာတဲ့အခါ အထူး ဂရုစိုက်လာလိမ့်မယ်လို့ ယူဆစရာပါပဲ။ ပုရိသများက စိတ်ဆတ်ကြတယ်မဟုတ်လား။ လင်မယား ရန်ဖြစ်ပြီး အိမ်ကို လွှနဲ့ဖြတ်လိုက်မှဖြင့်၊ အင်း – အိမ်ပိုင်ရှင်ကို မနည်းမနော လျော်ရတော့မှာပေါ့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts