>Ko Nyein Mdy short story 1

>

မခူးဖြစ်သေးတဲ့ စပျစ်သီးများ

ကိုငြိမ်း(မန္တလေး)

စက်တင်ဘာ ၃၊ ၂၀၀၈

ကျွန်ုပ် နောက်ဆုတ်လိုက်သောအခါ ရှေ့ကို ရောက်ရောက်သွားတော့၏။

လူအဖွဲ့အစည်းကြီးထဲမှာ … ‘ကုန်တင်ရထားကြီး…’ တွေနဲ့ ‘ရေနံတင်သင်္ဘောကြီး’တွေ ဖြတ်သန်း ခုတ်မောင်းနေကြပါတယ်။

ကျနော်ဟာ ကုန်တင်ရထားဖြစ်ပါတယ်။ ဒါကလည်း ကျနော့်ရွေးချယ်မှု ဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် ကုန်တင်ရထားအဖြစ် ရွေးချယ်ပြီးမှ ရွေးချယ်ပုံမှားကြောင်း ကျနော် သိခဲ့။ ဒါကြောင့် ကျနော် အခု ကုန်တင်ရထား မဖြစ်ချင်တော့ပါ။

ကုန်တင်ရထားဆိုတာ သံလမ်းပေါ် အတားအဆီးတခုတွေ့ရင် … လုံးဝ ပြန်လှည့်မပြေးနိုင်ပါ။ ကြီးမားတဲ့ အရှိန်ကြောင့် ရုတ်တရက် ရပ်တန့်ဖို့လည်း မဖြစ်နိုင်ပါ။ ဘရိတ်အုပ်ပြီးတဲ့နောက်မှာတောင် တမိုင်လောက်အထိ အရှိန်မသေဘဲ ဆက်သွားလေ့ရှိတယ်။ အဲဒီတမိုင်ဟာ အန္တရာယ်ဆီကို အထိန်းအကွပ်မဲ့ သွားနေခြင်းဖြစ်…။ ရှေ့တမိုင်မှာ … အန္တရာယ်ရှိကြောင်း ကြိုသိပြီးတာတောင် အန္တရာယ်ဆီ မျက်လုံးမှိတ် ပြေးနေရတဲ့ဘ၀…။

ဒါကြောင့် အခု ကျနော် ရေနံတင်သင်္ဘောဘ၀ကို ပြောင်းလိုက်တယ်။ ကျနော်က ကုန်တင်ရထားလူထွက် ရေနံတင်သင်္ဘောပေါ့။

ဘရိတ်အုပ်ပြီးတာတောင် တမိုင်လောက်ရှိတဲ့ နေရာက အန္တရာယ်ဆီသွားတဲ့ဘ၀ကို သံလမ်းပေါ် ကျနော် ထားခဲ့ပြီး၊ ကျနော် အဲဒါတွေ သံလမ်းပေါ် ထားခဲ့ပြီ။ ခု …ကျနော် ရေနံတင်သင်္ဘော…။ ကျနော် ပင်လယ်ပြင်မှာ ခုတ်မောင်းနေတယ်။ ရွှေမည်းတွေ ၀မ်းဗိုက်နဲ့ လွယ်ရင်း။ ကျနော်တို့သာ ဒီလို ရွှေမည်းတွေကို သယ်ပို့မပေးဘူး ဆိုရင် … လူ့အဖွဲ့အစည်းက ကျောက်ခေတ်ဆီ ပြန်လှည့်ပြေးမှာ သေချာတယ်။ ဒီလိုမပြေးအောင် ကျနော်တို့က လူ့အဖွဲ့အစည်းကို ကိုင်ထားလိုက်ကြတယ်လေ။ ဒါကြောင့် ရေနံတင်သင်္ဘောဘ၀ကို ကျနော် ကြိုက်တယ်။

ဒါပေမယ့် တကြိမ်မှာတော့ ပင်လယ်ပြင်မှာ ကျနော် ခုတ်မောင်းနေတုန်း … သင်္ဘောရပ်ဖို့ အခြေအနေတခု ပေါ်ပေါက်လာတယ်။ ဒါကြောင့် စက်သတ်ပြီး ရပ်လိုက်တယ်။ အဲဒီမှာ ကျနော် ဗဟုသုတတခု တိုးတော့တာပဲ။ ကျနော်ဆိုတဲ့ သင်္ဘောက စက်သတ် ရပ်လိုက်တာတောင် အရှိန်ကြောင့် သင်္ဘောက ရေမိုင် ငါးမိုင်လောက် ဆက်သွားနေတာ တွေ့ရတယ်။

ကုန်တင်ရထားဘ၀နဲ့ အထိန်းအကွပ်မဲ့ တမိုင်ကြောက်လို့ ရေနံတင်သင်္ဘော လာလုပ်ပါတယ်၊ အခုတော့ အထိန်းအကွပ်မဲ့ ငါးမိုင်နဲ့ လာတိုးနေရတယ်လေ။ ဒါပေမယ့် ကျနော် စိတ်ဓာတ်မကျဘူး။ ရေနံတင်သင်္ဘောဘ၀ကိုပဲ ဆက်ရွေးချယ်ပါတယ်။ ခေတ်ကလည်း ဉာဏ်ပညာခေတ် မဟုတ်လား။ ကြောက်စရာ မရှိပါဘူး။

ဒီလိုနဲ့ ကျနော်ဟာ ရေနံတင်သင်္ဘော ဘ၀မှာပဲ ဆက်ရှိနေတယ်။ ဒီတော့ ကျနော်ဟာ ပင်လယ်ပြင်မှာ ဆက်ပြီး ခုတ်မောင်းနေတာပေါ့။ အခုလို အန္တရာယ်ပိုကြီးတဲ့ ရေနံတင်သင်္ဘောဘ၀ကို ပြတ်ပြတ်သားသား ရွေးချယ်တာကလည်း အကြောင်းရှိပါတယ်။ သင်္ဘောက အခက်အခဲကြုံရင် ရထားထက် ပိုပြီး အန္တရာယ်ကို ရှောင်ကွင်းတဲ့အခွင့်အရေး ပိုပြီး ရှိလို့ပါ။ ဥပမာ … ရထားတစင်းဟာ သတ်မှတ်ထားတဲ့ သံလမ်းကျဉ်းကလေးပေါ်မှာပဲ သွားရတယ်။ သံလမ်းပေါ် အန္တရာယ်တွေ့လို့ ရှောင်ကွင်းပြီး သံလမ်းအောက် ဆင်းမောင်းလို့လည်း ရတာမဟုတ်ဘူး။ သင်္ဘောကတော့ ရေပြင်မှာ အန္တရာယ်တွေ့ရင် … ရေပြင်ကျယ်ကြီးမှာ ကြိုက်သလိုခုတ်၊ နောက်ပြန်ခုတ်ဦးမလား ရတယ်။

ဒါက ကျနော် ထင်ထားတာတွေပါ။ တကယ့်လက်တွေ့ကျ တမျိုး။ တရက်မှာ အရေးပေါ်အခြေအနေကြောင့် သင်္ဘောကို နောက်ဆုတ်မယ် ဆိုပြီး သင်္ဘောကို နောက်ပြန်ခုတ်ပစ်လိုက်တယ်။ ဒါပေမယ့် သင်္ဘောက နောက်ပြန်မသွားဘူး။ ရှေ့ကိုပဲ ဆက်ရွေ့နေတယ်။ ခုတ်မောင်းလာတဲ့ အရှိန်ကြောင့် သင်္ဘောက နောက်ပြန်ခုတ်ပေမယ့် ရှေ့ဆက်သွားနေတာ ကြုံလိုက်ရတယ်။ နှိုင်းယှဉ်ကြည့်ရင် စက်သတ်ပြီး လုံးဝ ရပ်ပစ်လိုက်တုန်းက ငါးမိုင်အထိ ဆက်သွားပြီး အခုလို နောက်ပြန်ခုတ်လိုက်တဲ့အချိန်မှာတော့ သင်္ဘောက ‘နှစ်မိုင်’ အထိ ဆက်ရွေ့နေတာကို တွေ့ရတယ်။

အခုတော့ ကျနော် ‘တူ … တူ … ဂျုံးဂျက်ဂျုံးဂျက် …’ ပဲ အော်ရဲတော့တယ် … အော်ရဲတော့တယ်။ ‘တူ … တူ …’။

အတင်းအဖျင်းကဏ္ဍ

“ကျနော် …” အင်္ဂလိပ်သီချင်းတပုဒ်ကို လေချွန်လိုက်တယ်။

“ဂျွန်ပီးလ် x x x လာနေပြီ x x x ကုတ်အင်္ကျီက ခပ်နီနီ x x x”

“သူ …” အကုန်လုံးနဲ့ လမ်းခွဲလိုက်တယ်။ သူ လျှောက်မယ့် ခြေလှမ်းအားလုံးကိုလည်း ကိုယ့်စည်းချက်နဲ့ကိုယ်ပဲ လှမ်းတော့မယ်လို့ သူဆုံးဖြတ်တယ်။ လူတယောက်ဟာ တခြားလူတွေနဲ့ ခြေလှမ်းချင်း မတူတော့ဘူးဆိုရင် … ပြီးတော့ သူကြားနေတဲ့ ‘ဘင်သံ…’ကလည်း အများကြားတဲ့ အသံမျိုး မဟုတ်ဘဲ အခြားအသံတသံ ဖြစ်နေမှာပဲ သူ ယုံကြည်တယ်။ ဒီတော့ သူက တခြားလူတွေနဲ့ ခြေလှမ်းချင်း ညီအောင် လိုက်လုပ်နေစရာ မလိုတော့ ကိုယ့်ခြေလှမ်းကပဲ ‘ဘင်သံအသစ်’တွေ မြည်စေမယ်…။ ဒါကြောင့် သူ အားလုံးကို လမ်းခွဲလိုက်တယ်။

ကျနော် … အင်္ဂလိပ်သီချင်းတပုဒ်ကို လေချွန်လိုက်တယ်။

“ဂျွန်ပီးလ် x x x လာနေပြီ x x x ကုတ်အင်္ကျီက ခပ်နီနီ x x x”

သူတောင်းပန်တယ်။ ဒါပေမယ့် သူတောင်းပန်ပုံက … လက်ဖက်ရည်ဖိတ်ကျတဲ့အခါ နဲ့ တံခါးအထွက်မှာ မတော်တဆ လူချင်းဝင်တိုက်မိတဲ့အခါမျိုးမှာပြောတဲ့ သာမန် ၀တ်ကျေတန်းကျေစကားထက် ဘာမှ မပို။

ကျနော် … အင်္ဂလိပ်သီချင်းတပုဒ်ကို လေချွန်လိုက်တယ်။

“ဂျွန်ပီးလ် x x x လာနေပြီ x x x ကုတ်အင်္ကျီက ခပ်နီနီ x x x”

သူ … ဒေါသဖြစ်သွားပြီး … ‘ကွင်းဘာရီစည်းကမ်း …’ လို့ ခေါ်တဲ့ နှစ်ယောက်ချင်း သတ်ပွဲတွေမှာ လိုက်နာရမယ့် စည်းကမ်း ကလနားတွေကို ခေါင်းထဲက မောင်းထုတ်ပစ်လိုက်တယ်။

ကျနော် … အင်္ဂလိပ်သီချင်းတပုဒ်ကို လေချွန်လိုက်တယ်။

“ဂျွန်ပီးလ် x x x လာနေပြီ x x x ကုတ်အင်္ကျီက ခပ်နီနီ x x x”

သူက ချောတော့ ချောပါရဲ့။ ဒါပေမယ့် အင်္ကျီရောင်းတဲ့ စတိုးဆိုင်ရှေ့မှာ အင်္ကျီကြော်ငြာဖို့ ထောင်ထားတဲ့ ကော်ရုပ်လိုပဲ။ ပြီးတော့ အရေပါးကလေးနဲ့ မွေးလာသလား မသိဘူး။ သူ့ကို ထိလိုက်တာနဲ့ တပြိုင်နက် ရှက်နေတော့တာပါပဲ။ သူ့ကို အရွဲ့တိုက်ပြလိုက်တဲ့အခါဆို … သူဟာ လန့်ဖျပ်ပြီး သူ့ဥခွံလေးထဲ သူ လျှောကနဲ ပြန်ဝင်သွားလိုက်တာ တော်တော်နဲ့ ထွက်မလာတော့ဘူး။

ကျနော် … အင်္ဂလိပ်သီချင်းတပုဒ်ကို လေချွန်လိုက်တယ်။

“ဂျွန်ပီးလ် x x x လာနေပြီ x x x ကုတ်အင်္ကျီက ခပ်နီနီ x x x”

သူဟာ ‘ကောင်လေး…’ ကို ဂီတပညာ သင်မပေးသူ။ သူဟာ ကောင်လေးကို ကားမောင်းသင်မပေးသူ။ သူဟာ ကောင်လေးကို ကောင်လေးကန်ဖို့ ဘောလုံးကို တခါမှ ပစ်မပေးဖူးသူ။ သူဟာ … ကောင်လေးကို ကောင်မလေးတွေနဲ့ တခါမှ မ စဖူး မနောက်ဖူးသူ။ သူဟာကောင်လေးကို နားရင်းအုပ်ရမယ့် အချိန်ကလည်း နားရင်းမအုပ်ခဲ့သူ…။

ကျနော် … အင်္ဂလိပ်သီချင်းတပုဒ်ကို လေချွန်လိုက်တယ်။

“ဂျွန်ပီးလ် x x x လာနေပြီ x x x ကုတ်အင်္ကျီက ခပ်နီနီ x x x”

“ဂျွန်ပီးလ် x x x လာနေပြီ x x x ကုတ်အင်္ကျီက ခပ်နီနီ x x x”

“ဂျွန်ပီးလ် x x x လာနေပြီ x x x ကုတ်အင်္ကျီက ခပ်နီနီ x x x”

ခွကျတဲ့ အမှန်

တခါကတော့ သူ့ကိုယ်သူ ‘ဂျော့ဗားနတ်ရှော…’လို့ ထင်နေတဲ့ စိတ်ဝေဒနာရှင် တယောက်က လူစည်စည်မှာ ဒီလိုပြောတယ်။ သူက လူတွေရဲ့ မေးခွန်းတွေကိုလည်း ဗားနတ်ရှောအစစ်လို ခွကျကျနဲ့ မှန်အောင် ပြန်ဖြေတတ်ပါတယ်။

လွတ်လပ်ရေးရတဲ့လူဆိုတာ … ဘယ်လိုလူမျိုး ခေါ်ပါသလဲ ဆိုတဲ့ မေးခွန်းကို ဗားနတ်ရှောအတုက …

“အမှန်တော့ အချိန်ကာလ နေရာမရွေး ကိုယ်ထင်တာ ကိုယ်လုပ်နိုင်သူ၊ ဘာမှ မလုပ်ချင်လည်း ဘာမှမလုပ်ဘဲ နေနိုင်တဲ့ … လူ”

လူ့ဘ၀ အနာဂတ်နဲ့ ပတ်သက်တဲ့ မေးခွန်းကိုတော့ ဗားနတ်ရှောအတုက ဒီလို ‘ခွ’ ပြန်ပြောတယ်။

“မင်းတို့ စဉ်းစားဖို့က မင်းတို့ဟာ တနေ့ ၈နာရီ အလုပ် လုပ်ပြီးတော့ အသက် ၄၅ နှစ်ကျရင် အလုပ်မလုပ်ဘဲ အနားယူပြီး ၀င်ငွေရိက္ခာကို ယူမလား … ဒါမှမဟုတ် တနေ့ကို ၄ နာရီကျနဲ့ အသက် ၇၀ အထိ အလုပ်လုပ်ကြမလား စဉ်းစားကြပါ လို့ ပြောတယ်။ ဒီတော့ လူအချို့က ဒီလို ပြန်မေးကြတယ်။

“အဲဒီ ၂ ခုအနက် တခုခုကို ပြောပြီး အဖြေကို ဆရာကြီးဆီ ပို့ရမှာလား…”

အဲဒီတော့ ဗားနတ်ရှောအတုက ဘာပြန်ပြောသလဲဆိုတော့

“အဲဒီအဖြေက ငါ့ဆီ ပို့ရမှာမဟုတ်ဘူး၊ မင်းတို့မယားတွေဆီ ပို့ရမှာ …”

ဟုတ်ပါရဲ့ ဗားနတ်ရှောအစစ်တောင် … အတုလောက် ‘ခွ’ နိုင်မလား မသိဘူး။

လီချုံး

လီချုံး … သူက သာမန် ကုန်စုံဆိုင်ရောင်သူတယောက်ထက် ပိုတယ် … သူဟာ ‘အကောင်းရဲ့ ကြီးကြပ်မှုခံ မကောင်းဆိုးဝါး…’ ဆိုတဲ့ သင်္ကေတအဖြစ် ဖော်ညွှန်းခံရသူ … သူ လီချုံး။

တရုတ်ဒဿနပညာရှင် လောင်စူရဲ့ ဆုံးမပဲ့ပြင် ထိန်းကျောင်းမှုတွေနဲ့ သူ့ခရီးလမ်းကြောင်းအတိုင်း လှည့်ပတ်သွားနေတဲ့ ‘အာရှဂြိုဟ်တလုံး’ ဖြစ်လာခဲ့သူ … သူ လီချုံး။

အဲဒီလို … အာရှဂြိုဟ်တလုံးဖြစ်ရာကနေ တရုတ်ပေသီးခွက်နဲ့ ငွေသေတ္တာရဲ့ ဆွဲငင်အားကြောင့် လောင်စူရဲ့ ကြီးကြပ်မှုအောက်က လွတ်ထွက်သွားကာ သွားနေကျလမ်းကြောင်းပေါ်မှ ဖဲ့ကာဖဲ့ကာ ဝေးရာ ဝေးရာ ရောက်သွားသူ … သူ လီချုံး။

သူ့ဘိုးအေရဲ့ အရိုးတွေနဲ့ဆိုရင် … သေချာပေါက် နူးညံ့သိမ်မွေ့လာမယ့်သူ … သူ လီချုံး။ အခုတော့ သူဟာ ‘ပဲဘူးတဘူး’ အတွက်တောင် ခက်ထန်မာကြောသူ … သူ လီချုံး။

‘အကောင်း…’ ရဲ့ ကြီးကြပ်မှုအောက်က မကောင်းဆိုးဝါးနဲ့ ‘မကောင်း…’ ရဲ့ ကြီးကြပ်မှုအောက်က မကောင်းဆိုးဝါး … ဘယ်ဟာက ပိုပြီး မကောင်းဆိုးဝါးဖြစ်နိုင်မလဲ …။

မခူးဖြစ်သေးတဲ့ စပျစ်သီးများ

“ဒဏ်ရာရနေတဲ့အကောင်ကို၊

ဘာလို့ အလေးခံ သယ်နေရတာလဲ

ကိစ္စတုံးပစ်လိုက်၊ အဲ … ဒီကောင့်ခြေထောက်က

‘သိုးမွေးခြေအိတ်…’ ကောင်းသေးရင် ချွတ်ယူခဲ့ …”

(ဂျစ်ပစီချင်း တိုက်ပွဲတခုအတွင်းက … အမိန့်ပေးသံတခု)

ကျွန်တော် နောက်ကို ဆုတ်လိုက်တဲ့အခါ … ကျနော့်ရှေ့ကို ရောက်… ရောက်သွားနေတယ်။ ကျနော့်မှာ သိုးမွေးခြေအိတ်ကောင်းကောင်း မရှိ။

ဒါကြောင့် လူ့အဖွဲ့အစည်းထဲမှာ သိုးမွေးခြေအိတ်ကောင်းကောင်း မရှိတဲ့ ကျနော်ဟာ ကုန်တင်ရထားဘ၀ကို ရွေးခြယ်ရတာ မဆန်းဘူး။ ဒီလိုဘ၀မျိုးတောင် ပြေးလမ်းတွေမှာ သံလမ်းနဲ့ဘာနဲ့ ကျကျနန ပြေးခဲ့ရတာမျိုး သိပ်မရှိပါဘူး။ ရထားဖြစ်ပြီး ဘ၀မှာ သံလမ်းအောက်ကသာ အပြေးများခဲ့သူမို့ ချွေးတွေနဲ့ ခုတ်မောင်းတာတောင် မျက်လုံးတိမ်းစောင်းပြီး မျက်ရည်တွေ ဖိတ်ကျကုန်တဲ့ အကြိမ်တွေလည်း မနည်းလှဘူး။

အို … မီးနီကလေး … ဘ၀ရဲ့ ဘူတာဟာ ဘယ်မှာလဲ …။ ရပ်နားခွင့်အမှတ်အသား မီးနီကလေးရေ … ဇလီဖားတုံးတွေကတောင် ကျနော့်ကို ထမ်းထားဖို့ ငြင်းဆိုနေကြပြီ …။ ဘူတာမဲ့ရထားအတွက် နားခွင့်ဖြစ်တဲ့ မီးနီပြမယ့်လူ အလံနီပြမယ့်လူ လူ့ဘ၀ထဲကို မရောက်သေးဘူးလား။ မမွေးဖွားသေးဘူးလား။ ဒါမှ မဟုတ်ရင် လူ့အဖွဲ့အစည်းအတွင်းမှာ “လိင်သီလတွေ…” ပျက်ပြားကုန်လို့လား။ ကျနော့်ဘ၀မှာ … အသံစိမ်းများရဲ့နေ့နဲ့ မီးစိမ်းများရဲ့ည ဒါတွေပဲ ရှိခဲ့။ အရမ်းကို စိမ်းရက်တယ်။ စိမ်းရက်ပုံများ ဘယ်လောက်စိမ်းသလဲဆိုတော့ တခါက ဘ၀သံလမ်းပေါ်က ချော်ကျပြီး သံလမ်းဘေးက ကျောက်တောင်ပေါ် ထိုးတက်ပြီး ရပ်သွားချိန်မှာတောင် မီးအစိမ်းက စိမ်းဖြစ်အောင် စိမ်းခဲ့သေးတယ်လေ။ ဒီမောင်းနှင်ခြင်းအစိမ်းတွေကြောင့်ပဲ ကျနော့်မှာ အရှိန်များပြီး သိက္ခာလေး နည်းနည်း ချော်သွားရာကနေ သိက္ခာစောင်းသွားကာ … နောက်ဆုံး သိက္ခာတခုလုံး သံလမ်းဘေးမှာ တုံးလုံး လဲကျသွားတော့တာပါပဲ။

ကျနော်က လူကောင်းတယောက်ပါ။ အဲသလို နာကျင်ချိန်မျိုးမှာတောင် လူ့အဖွဲ့အစည်း ကျောက်ခေတ် ပြန်ရောက်မသွားအောင် ကျနော် ရေနံတင်သင်္ဘော ပြန်လုပ်ရရင် ကောင်းမလား မသိဘူး ဆိုတဲ့ အတွေးမျိုး ၀င်လာတတ်ပါသေးတယ်။ ကျနော်က လူ့အဖွဲ့အစည်းကို သံယောဇဉ်ဖြစ်နေတဲ့ အကောင်လေ။

ဒါပေမယ့် ရေနံတင်သင်္ဘောဘ၀ကို ကျနော် စိတ်နာတယ် သိလား။ ဘယ့်နှယ်ဗျာ … နောက်ပြန် အချိန်မီ ဆုတ်တာတောင် ရှေ့တမိုင် သွားနေသေးတယ် ဆိုတော့ သေပြီဗျာ။ ပြောသာ ပြောရတာ ကျနော်ကတော့ ‘တူ… တူ… ဂျုံးဂျက်…’ နဲ့ပဲ တော်ပါတယ်။ ရထားဖြစ်မှတော့ ဘ၀မှာ ‘ဘူတာ’ ဆိုတာ ရှိလာမှာ မလွဲပါဘူး။ ဘူတာကလေး ရောက်ခဲ့ရင် ကျနော် လေချွန်မှာပေါ့။

xxx ဟိုမှာ ဂျွန်ပီးလ် လာနေပြီ x x x ကုတ်အင်္ကျီက ခပ်နီနီ x x x

xxx ဒီမှာ ဂျွန်ပီးလ် လာနေပြီ x x x ကုတ်အင်္ကျီက ခပ်နီနီ x x x

xxx ဟော … ဘင်သံတွေ ကြားနေရပြီ x x x ကုတ်အင်္ကျီက ခပ်နီနီ x x x

ဂျွန်ပီးလ် ဆိုလို့ ပြောရဦးမယ် … ။ ဂျွန်ပီးလ် ဆိုတာ ‘လီချုံး’ မဟုတ်ဘူး။ ဂျွန်ပီးလ်က သူ့ရဲ့ ကုတ်အင်္ကျီ ခပ်နီနီလေးကို လီချုံးရဲ့ … ပဲဘူး တဘူးနဲ့ ဘယ်တော့မှ မလဲဘူး။ ဂျွန်ပီးလ်က ကလေး ဆိုတော့ ‘လောင်စူ’ ကိုလည်း မသိဘူး။ ဂျော့ဗားနတ်ရှောလည်း မသိဘူး။ ပြီးတော့ ဂျွန်ပီးလ်ဟာ … မသာက သိုးမွေးခြေအိတ်ကိုလည်း ချွတ်ယူမယ့်သူမျိုးမဟုတ်ဘူး။ ဒါကြောင့်မို့လည်း ကျနော် ဘူတာရောက်ရင် ဂျွန်ပီးလ်နဲ့ပဲ အဆင်ပြေအောင် နေတော့မယ်။

ကျနော်က ဂျွန်ပီးလ်ကို ဂီတပညာသင်ပေးတော့ ဂျွန်ပီးလ်က ကျနော်ကို ကားမောင်းပြန်သင်ပေးပေါ့။ ကျနော်က ဂျွန်ပီးလ် ကန်ဖို့ ဘော်လုံးလေး ပစ်ပေးလိုက်တဲ့အခါ ဂျွန်ပီးလ်က ကျနော့်ကို ကောင်မလေးတွေနဲ့ စမယ် ဆိုရင် … လမ်းပေါ်က ဟာလေးတွေနဲ့ မဟုတ်ဘဲ ‘အမှန်အကန်လေးတွေ…’ နဲ့ပဲ စဖို့ ဂျွန်ပီးလ်ကို ကြိုပြောထားရဦးမယ်…။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts