>May – Poem

>

ယုံကြည်မှုနဲ့ ဒီပြဇာတ်
မေ
ဇန်န၀ါရီ ၁၂၊ ၂၀၁၂


ယုံကြည်မှုကိုတည်ဆောက်
သံသယကိုဖျောက်ကြတဲ့
ရှေးလူကြီးတို့ဆိုရိုး
ကိုယ်လေ တကယ်ပဲ ရိုကျိုးပါရဲ့
ယုံကြည်မှုကို ခိုင်မြဲ
သံသယဆိုတာကြီးကို ပယ်မဲပေးချင်တာလေ ….။

ဒါပေမယ့်လဲ လောကရဲ့အလယ်
အပြောကျယ်ကျယ်မှာ
ယုံချင်ယုံ မယုံချင်နေ
ယုံကြည်မှုဆိုတာကြီးကို ကိုယ်ကကြောက်တဲ့လူ ….။

ယုံကြည်မှုဆိုတာ တန်ဖိုးသိသူအတွက်တော့
လေးလံတဲ့နှောင်ကြိုးလို တာဝန်တွေအထပ်ထပ်
မလပ်အောင် ရစ်ပတ်နှောင်ဖွဲ့မယ့်
သံကြိုးတွေလိုပါပဲ ….

မိသားစုရဲ့ ယုံကြည်မှု
အသိုင်းအ၀ိုင်းရဲ့ ယုံကြည်မှု
လူမျိုးနိုင်ငံရဲ့ ယုံကြည်မှု
ဒီယုံကြည်မှုတွေနဲ့ရစ်ပတ် ကိုယ်လေ တကယ်ပဲမွန်းကြပ်မိပါရဲ့ ….

ယုံကြည်မှုလွန်ဆွဲတဲ့နှလုံးသား
ဘယ်ဖက်ကိုတိမ်း ကိုယ်လိုရာကို ယိမ်းဖို့လဲမတတ်
နှောင်ကြိုးအထပ်ထပ် အဆက်ဖြတ်ကာ ဥပက္ခာပြု
မမှုလို့ကလဲမဖြစ် တကယ်ကိုခက်တာ ….

ယုံချင်ယုံ မယုံချင်နေ
ယုံကြည်မှုဆိုတာ အသုံးချချင်သူအတွက်တော့
အခွင့်မျှော်ချင်စရာ တကယ်တော်တဲ့ခွင်ကိုရှာ
ဆုလာဘ်ကြီးတပါး တ၀ါးဝါး တဟားဟားရယ်နဲ့ပေါ့ ….

ယုံကြည်မှုကို ခုတုံးလုပ်သူဟာလေ အမြတ်ထုတ်သူ
ယုံကြည်မှုကို ဖန်ထိုးသူဟာလေ အမျိုးမျိုးညစ်သူ
ယုံကြည်မှုကို ပျက်ရယ်ပြုသူဟာလေ လုံးလုံးမမှုသူ
ယုံကြည်မှုကို လောင်းစားသူဟာလေ အကောင်းစားတွေကိုယူ

ဒီလိုလူစား ယုံမိတာမှားရချည်ရဲ့
တလွဲနဲ့တချော် မျှော်ကာပြန်တွေးလဲမရ
တစုတ်စုတ် တသတ်သတ် တဆွေးဆွေး တမြည့်မြည့်
ဘာတွေအကျိုးရှိမလဲ

ယုံချင်ယုံ မယုံချင်နေ
ယုံကြည်မှုဆိုတာ လူတိုင်းနဲ့ ထိုက်တန်တဲ့အရာမဟုတ်
အများက ရယ်သွမ်းသွေး တကယ်စိတ်လေးရတဲ့
ယုံလွယ်သူ ကိုယ်မဖြစ်ချင်ခဲ့
သံသယဆိုတာ တကယ်တော့ အရေးပါလှပေါ့
အခွင့်မျှော်သူ သင့်တော်သူ ဟိုလူတစုအတွက်
ယုံကြည်မှုနဲ့ သံသယ ချိန်ထိုးတဲ့ ဒီပွဲမှာ …..


(အမေ ဒေါ်အောင်ဆန်းစုကြည်သို့ ဂါဝပြုလျှက်)
(ကိုမင်းကိုနိုင်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးသို့ ….)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts