ကဗျာ

မောင်စိုးချိန် – ကိုယ်တပိုင်းသေ ရုန်းဆွဲနေတဲ့ခေတ်

ကိုယ်တပိုင်းသေ ရုန်းဆွဲနေတဲ့ခေတ်
မောင်စိုးချိန်
မေ ၂၈၊ ၂၀၁၄

ပြိုကျ
လူတွေပေါ်ပိကျခဲ့။

မိစ္ဆာအုပ်စု
သူတို့အတွက်အကောင်းဆုံးတည်ဆောက်
တိုင်းပြည်ကိုဖြိုချ
ပြိုကျလာတဲ့ အစိတ်အပိုင်းများ
မတရားမှု ဖိနှိပ်နင်းချင်းမှု
ချေမှုန်း ခြယ်လှယ်မှု
အဲဒီ အစိတ်အပိုင်းများအောက်မှာ
အရှင်လတ်လတ် စပါးကြီးမြွေ အမြိုခံရ
ယုန်တွေလို ကြွက်တွေလို
လူတွေ မချိမဆန့် အလူးလူး အလဲလဲ။

၈၈ သပိတ်စခန်းတွေ
ဖြိုလို့ ပြိုတော့
သတ်ဖြတ် ချေမှုန်းခံရတဲ့ထဲ
သွေးအိုင်ထဲ အသက်ငင်ရုန်းဆွဲ
သပိတ်တပ်သားလို
လူတွေ အဲဒီအတိုင်း
ရှင်လျက်က အသက်ငင်
ပြာပူထဲက ငါးအရှင်လို။

ဒီခေတ်ထဲက လူ
ကဗျာဆရာ့ စိတ်ကူးရုပ်ပုံအတိုင်း
မုန်တိုင်းထဲက သစ်ရွက်ခြောက်တွေလို
ဂျွမ်းထိုး မှောက်လှန်
ရုန်းရင်းဆန်ခတ် ဒီထက်မက
မတည်မငြိမ် ကတိမ်းကပါးလူ့ဘဝ။

ဆယ့်ငါးတန် ကားကြီး ဖြတ်နင်းခံရ
ခါးတပိုင်းပိကြေ ခွေးလို
မသေသေးတဲ့ အသက်
မကြေသေးတဲ့ စိတ်ဓါတ်
ရုန်းထွက်လမ်းပေါ်မှာ
ဒီလိုပါပဲ ဒရွတ်ဆွဲ
ခေတ်အရိုင်းကို ဆန့်ကျင်
ဖိနှိပ်မှုအောက်က ရုန်းထွက်
နက်ဖန် လွတ်လပ်ရေး ပျားရည်အိမ်မက်
အသက်ထက်လှပ ချိုမြ
မရမက အရယူဘို့လေ။

လူဆိုတာ ဒါပဲဖြစ်ရမယ်
ယနေ့ခေတ် သမိုင်း
ကိုယ်တပိုင်းသေ ရုန်းကန်တဲ့ခေတ်။

မောင်စိုးချိန်
မေ ၆ ၊ ၂၀၁၄


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts