>After Nargis, people still restless

>

မိုးကုန်ပိုင်း မုန်တိုင်းလန့်သူများ ဆောက်တည်ရာမဲ့မြင်ကွင်း

ညွန့်ထွေး

စက်တင်ဘာ ၃၊ ၂၀၀၈

ယခုနှစ် မိုးကုန်ခါနီးတွင် မုန်းတိုင်း နောက်ထပ်တလုံး လာနိုင်သေးသည်ဆိုသော သတင်းများကြောင့် နာဂစ်မုန်တိုင်းဒဏ်ကို အလူးအလဲခံစားခဲ့ကြရသည့်ပြည်သူများမှာ စိုးရိမ်ထိတ်လန့်မှုများ ခံစားနေကြရသည်ဟု လေဘေးသင့်ဒေသခံများက ပြောသည်။



စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခဲ့ကြရသည့် ယင်းဒေသခံများအနေဖြင့် မုန်တိုင်းနှင်ပတ်သတ်သည့် ကောလဟလသတင်းများကို ကြားရုံနှင့် ဆောက်တည်ရာမရ ဖြစ်နေကြရာ ယခုကဲ့သို့ မုန်တိုင်း နောက်ထပ်တလုံး လာနိုင်ဦးမည်ဆိုသည်ကို မိုးလေ၀သဌာနမှ ညွန်ကြားရေးမှုး ဦးထွန်းလွင်ကိုယ်တိုင် ခန့်မှန်းထားခြင်းဖြစ်ရာ လေဘေးသင့်ဒေသခံများမှာ အတိုင်းထက်အလွန် စိုးရိမ်ပူပန်မှုများ ရှိနေသည်ဟု ဆက်လက် စုံစမ်းသိရသည်။

” မုန်တိုင်းဆိုတာနဲ့ အတော်လေးကို သူတို့ ကြောက်သွားတာကို ကျနော်တွေရတယ်။ သူတို့ ဘယ်မှာနေရမလဲ ဘာတွေ ပြင်ဆင်ထားကြရမလဲနဲ့ ဗျာများနေကြတာ ရူးမတတ်ပဲ။ တကယ်တော့ ကြောက်မယ်ဆိုလည်း ကြောက်စရာလေ၊ ဘာကြောင့်ဆိုတော့ သူတို့မှာ အခုမှ အိမ်လေးတွေ ယာယီဆောက်ပြီး နေကြရသေးတာ။ ပြီးတော့ မုန်တိုင်းခံ အဆောက်အဦ တို့ ဘာတို့ကို ဆောက်ပေးမယ်နဲ့ ပြောသာနေကြတာ လက်တွေ့က မဆောက်ရသေးဘူး။

အားလုံးမှာတော့ တခါခံဖူးပြီ ဆိုတော့ မုန်တိုင်း သတိ ရှိပါတယ်။ သတိရှိတာထက် လွန်ပြီး ကြောက်တတ်တဲ့ အဆင့်တောင် ရောက်နေပြီ။

ဒါပေမယ့် မုန်တိုင်းလာပါပြီတဲ့၊ သူတို့ ဘယ်ပြေးမလဲ ဘယ်လိုပြေးမလဲ။ ဒါကို တာဝန်ရှိတဲ့သူတွေက ဘာမှ ပြောမပြဘူး၊ ပညာလည်း မပေးရသေးဘူး။ ဒီတော့ နောက်တခါ မုန်တိုင်းလာဦးမယ်လို့ ဦးထွန်းလွင်ကိုယ်တိုင်လည်း ဘယ်နားကို မုန်တိုင်းလာမယ် မပြောတော့ မုန်တိုင်း လွတ်ခဲ့တဲ့ နေရာက လူတွေကလည်း ဘယ်လို မုန်တိုင်းသတိနဲ့ ပြင်ဆင်မလဲ။ နောက်တခါ လာလည်း သိသိကြီးနဲ့ ကျနော်တို့ ပြည်သူတွေ သေကြရဦးမှာလား”

ဟု ယခုရက်ပိုင်း ဧရာသတီတိုင်း၊ ဒေးဒရဲမြို့နယ်သို့ သွာရောက် လေ့လာခဲ့သူ ဆရာဝန်တဦးက ပြောသည်။



ယခုအခါ ဥတုဂေဟ စနစ်များ ပျက်စီးသွားခဲ့ပြီး ဒီရေတောများလည်း အတော်ပင် ပျက်စီးနေပြီ ဖြစ်ရာ ဧရာဝတီတိုင်းအဖို့ နောက်ထပ် မုန်တိုင်းလာမည်ဆိုပါက ကာကွယ်ရန်မှာ အတော်လေး ခက်ခဲနေပြီဖြစ်သည်။

“ရာသီဥတုက နေပူပြီဆို အတော်လေး ပူလာတယ်။ အနက်ရောင်အ၀တ်တွေ ၀တ်ရင် ပို သိသာတယ်။ အိုက်စပ်ပြီး တကိုယ်လုံးကို ပူပူစပ်စပ်ကြီး ဖြစ်လာတာ”

ဟု ရန်ကုန်မြို့ခံတဦးကပြောသည်။

” မုန်တိုင်း တိုက်ပြီးကတည်းက လေတွေ အရမ်းထန်တယ်။ မြစ်ရေကလည်း လေလေး နည်းနည်းပြင်းပြီ ဆိုတာနဲ့ ထိုးတက်လာတယ်။ ဘာ အပင် အကာအကွယ်မှ မရှိတော့လို့ ထင်တာပဲ။ ကျနော်တို့ကတော့ တရွာလုံးကတော့ အတော်ကို သွေးလန့်တယ်ဗျာ။ အဘွားကြီးတွေဆို နေစရာမရှိဘူး လေတိုက်လာပြီဆို”

ဟု ဧရာဝတီတိုင်း ကျုံမှော် ကျေးရွာသားတဦးက ပြောသည်။

နာဂစ်လွန် ၄ လ အကြာ၊ ယနေ့အထိ လေဘေး ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ရုပ်ပိုင်းဆိုင်ရာကိုသာ ဦးစာပေး လုပ်ဆောင်ခဲ့ကြသော်လည်း စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှုများမှာ ယခုအချိန်တွင် အရေးတကြီး လိုအပ်ပြီးဖြစ်ကြောင်း အထက်ပါ ဆရာဝန်ကပင် ပြောသည်။



လေဘေးသင့် ဒေခံတဦးကမူ မုန်တိုင်းလာရင် သူတို့ ဘယ်ပြေးရမှာလဲ ဟု မေးခွန်းထုတ်လိုက်သည်။

“ အစိုးရက တန်ဖိုးနည်း အိမ်ရာတွေ ဆောက်ပေးတယ်။ ဒါပေမယ့် ဆောက်တာကတော့ “လူကြီးကြိုက်” ပါ။ ဘာကြောင့်ဆိုတော့ သူတို့လူကြီး လာရင် တွေ့မယ့် မြင်သာ ထင်သာ နေရာတွေမှာသာ ဆောက်ပြတာဗျ။ ခင်ဗျား တကယ် ခံရပေမယ့် ချောင်ကျတဲ့ နေရာမှာ ဖြစ်နေရင် ကိုယ့်ဟာကိုယ် ဆောက်ပြီး နေပေတော့။ လာ မဆောက်ပေးဘူး။ လူကြီးက ခင်ဗျားနေရာ ချောင်ထဲ လာကြည့်မှာမှ မဟုတ်တာဘဲ။

ပြီးတော့ ဘာတဲ့ … “မုန်တိုင်းခို အဆောက်အဦတွေ” ဆောက်မယ် ပြောတယ်။ တကယ် ဆောက်သေးတာ မဟုတ်ဘူး ။ ကျူပ်တို့ တိုင်းပြည်မှာ ကြာရင် ပြီးပြီး ပျောက်ပျောက် လုပ်ပစ်လိုက်တာပဲ။ ဒီတော့ မုန်တိုင်းခိုလို့ရတဲ့ နေရာတွေ လုပ်ပေးမယ်ဆိုတာလည်း ကြာရင် မေ့ချင်ယောင်ဆောင်ကြမှာပဲ။ သူများတိုင်းပြည်က လာလုပ်ပေးရင်တော့ မပြောတတ်ဘူးနော်။

ဟုတ်ပြီ မောင်ရင်တို့ ပြောသလို မုန်တိုင်းလာမယ် ဆိုပါတော့ ကျူပ်တို့ ဘယ်ပြေးမလဲ။ မြစ်ဝကျွန်းပေါ် ဒေသ တခုလုံးမှာ ကျူပ်တို့ ပြေးစရာမြေမရှိဘူး ။အာလုံး ပျက်စီးနေပြီ။ နာဂစ်တုန်းကတော့ ကျုပ်တို့ မုန်တိုင်း ဒီလောက်ကြီးမှာ မသိလို့ ခံရတယ်။ အခု ကျုပ်တို့သိသိကြီးနဲ့ အသေခံရတော့မလား”

ဟု လူပေါင်း ၁၀၀ နီးပါး သေဆုံးခဲ့သည့် ကျုံမှော်ကျေးရွာမှ လယ်လုပ်သားကြီးတဦးက ရင်ဖွင့်သည်



ယခုနှစ် မိုးအကုန် မုန်တိုင်းရာသီတွင် မုန်တိုင်း ထပ်မံ လာနိုင်သည် ဆိုသည်ကို မိုးလေ၀သဌာနမှ ညွန်ကြားရေးမှုး ဦးထွန်းလွင်က ပြောကြားခြင်း ဖြစ်ပြီး၊ လွန်ခဲ့သည့် နှစ်ပတ်ခန့်က ပြည်တွင်းဂျာနယ်တချို့က သတင်းအဖြစ် ဖော်ပြခဲ့ကြခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ မည်သည့်နေရာသို့ ထပ်မံ ၀င်ရောက်နိုင်ကြောင်းကိုမူ ဖော်ပြထားခြင်း မတွေ့ရပေ။

(ဓာတ်ပုံ – အေအက်ဖ်ပီ၊ အင်တာနက်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts