ဇွန်ပွင့်

Zun Pwint – Essay

ဖေဖေ့အကြောင်း 
ဇွန်ပွင့်
သြဂုတ် ၉၊ ၂၀၁၃


၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံပြီး စစ်အစိုးရတက်တော့ ဖေဖေ့ကို စာပေစိစစ်ရေး ကနေပြီး “အမြင်မကြည်လင်ပါသဖြင့် …” ပါ စွတ်စွဲချက် အကြောင်းအရာများနဲ့ ကာတွန်းရေးဆွဲခွင့်၊ စာအုပ်ထုတ်ဝေခွင့်ပိတ်လိုက်ပါတယ်။  
၁၉၈၉-၉၀ခုနှစ်များဟာ ကျွန်မတို့အိမ်သားစုအတွက် အကြပ်တည်းဆုံးအချိန်ပါပဲ။  
၁၉၉၀ပြည့်နှစ်။ ဗိသုကာ နောက်ဆုံးနှစ်ကျောင်းသား ဖေမောင်သိန်းလည်း သိမ်ကြီး ဈေးဆောက်လုပ်ကနေ ဆူးလေစေတီ တော်ပြုပြင်ရေး အတွက် ဦးသိန်းဇော်နဲ့ပဲ ဆက် လက် လုပ်နေဆဲပါ။ 
ဖေဖေက “သိန်း”ကို သိပ်အားကိုးပါတယ်။ သိန်းက ပန်းချီ၊ ကာတွန်း၊ ဗိသုကာ လက်ရာ၊ စာလုံးဒီဇိုင်း ဖေဖေ့ရဲ့ပါရမီအမွေကို အကုန်လုံး ရလိုက်သူပါ။  
တစ်နေ့ သိန်း ဆူးလေစေတီတော် ပြုပြင်ရေးဆိုက်ကနေ အိမ်ပြန်လာပြီး သူနေ မကောင်းကြောင်းပြောလို့ ကျွန်မက ဆရာဝန်ပြပါလားဆိုတော့ သူက ပြနေတာ သုံးပတ်လောက် ရှိပြီ ညနေညနေ ကိုယ်ပူပူနေတယ်လို့ သူက ပြန်ပြောတယ်။ အထွေထွေနဲ့ ဆရာဝန်နဲ့မပြနဲ့ ပါရဂူနဲ့ပြပေါ့ လို့ မောင်နှမနှစ်ယောက် အချီအချပြော ဖြစ်ကြပါတယ်။ 
နောက်နေ့ သူအိမ်ပြန်လာတော့ ကျောက်ကပ်အထူးကုဆရာဝန်ကိုပြတာ ကျောက်ကပ် မကောင်းဘူးတဲ့။ နောက်နေ့ နေ့ခင်းဘက် အိမ်ပြန်လာပြီး သိန်းကို ဦးသိန်းဇော်က မင်္ဂလာဒုံစစ်ဆေးရုံ က ဒုတိယဗိုလ်မှူးကြီး ကျောက်ကပ်ဆရာဝန်ကြီးဆီသွားပြပေးတယ်၊ သူကကြည့် ပြီး ကျောက်ကပ်တစ်ဖက် မကောင်းဘူး နောက်တစ်ဖက်ကို ကူးနေပြီလို့ ပြောတယ်။ 
ကျောက်ကပ်ဆေးရမယ်၊ အဲဒီတုန်းက ကျောက်ကပ်ဆေးစက်က စစ်ဆေးရုံမှာပဲ ရှိပါ တယ်။ ဦးသိန်းဇော်က ဒုတိယဗိုလ်မှူးကြီးကို “သူက ကာတွန်းဆရာကြီး ဦးဖေသိန်း ရဲ့ သား၊ ဗိသုကာနောက်ဆုံးနှစ်ကျောင်းသား၊ ခု ကျွန်တော်နဲ့အတူ ဆူးလေစေတီ တော် ပြုပြင်ရေးအတွက် ဒီဇိုင်းရေးပေးနေသူပါ”လို့လည်း ပြောရော ဆရာဝန်ကြီးက “သြော်- တပ်မတော်ကို မီးစတစ်ဖက် ရေမှုတ်တစ်ဖက်” ဆိုပြီး ဆွဲတဲ့သူပဲ၊ ၀မ်းနည်း ပါတယ်၊ စစ်ဆေးရုံက စစ်တပ်မိသားစုကိုပဲ ကုသပေးပါတယ်”လို့ ငြင်းလိုက်တယ် လို့ သိန်းက ပြန်ပြောပြတယ်။ ကဲ-အာဃာတမထားပါဘူးလို့ အော်နေတဲ့သူတွေရဲ့ ငြင်းပယ်လိုက်ပုံက။  
ဖေဖေလည်း အတော့်ကို စိတ်မကောင်းဖြစ်ရပြန်ပါတယ်။ ကျွန်မတို့လည်း သိန်းကို ရန်ကုန်ဆေးရုံကြီးက ဒေါ်ပု ကျောက်ကပ်ဆေးရုံမှာ တင်ပြီး ဒေါက်တာပိုင်စိုးလက် အပ်ရပါတော့တယ်။ ကျောက်ကပ်လဲဖို့ မောင်နှမတွေ သွေးစစ်တာ ဘန်ကောက်ကို ပို့စစ်ရပါတယ်။ အဖြေမရခင်အတွင်း လူနာခံသာအောင် ကျောက်ကပ်ကို စက်နဲ့ဆေး ပြီး ထိန်းထားလို့ရတာဖြစ်လို့ မေမေနွယ့်အစ်မကြီးတွေဖြစ်တဲ့ ဒေါ်ခင်လှသီနဲ့ ကလေး အထူးကု ဒေါက်တာဒေါ်ခင်လေးကြီးတို့က စစ်ဆေးရုံမှာ ကျောက်ကပ်ဆေးခွင့်ရဖို့ ထပ်ပြီး သွားဆွေးနွေးပါတယ်။ မရခဲ့ပါဘူး။ သွေးတူတဲ့ ကျွန်မနဲ့ ရှိန်းတို့ အဆင် သင့်ဖြစ်နေပါပြီ၊ ကျောက်ကပ်လဲတာ အင်္ဂလန်မှာ သွားလဲရမယ်ဆိုတာနဲ့ အိမ် မှာ ဆေးကုသ စရိတ်မရှိတော့ အိမ်ရှေ့အိမ်လေးကို ရောင်းပြီး ကုဖို့ ဆုံးဖြတ်လိုက်ကြ ပါတယ်။  
၁၉၉၀ပြည့်နှစ်၊ နိုဝင်ဘာလ (၂၃)ရက်နေ့။ “ဖေမောင်သိန်း” ဆုံးတယ်။ နောက်နေ့မှာ ဘန်ကောက်က သွေးစစ်ချက်ရပါတယ်။  
ဖေဖေ့က သူတို့ကို အမြင်မကြည်တဲ့သူလို့ပဲ သတ်မှတ်သလား၊ သူတို့က ဖေဖေ့ကို အမြင်မကြည်သူလို့ သတ်မှတ်သလား။ အာဃာတမထားပါဘူးဆိုတာ တကယ်လား။ စစ်အစိုးရရဲ့ မီးစတစ်ဖက်ကတော့ ကျွန်မတို့မိသားစုကို မိရာရှို့သွားတော့တာပါပဲ။ 
===========
(၁၃)
ဖေဖေ့မှာ ဘာအာဃာတမှ မရှိတာတော့ သေချာပါတယ်။ 
၁၉၆၈ခုနှစ်၊ ပထမဆုံး လကမ္ဘာပေါ်ကို လူရောက်တဲ့အကြောင်း၊ အန်းထရောင်း၊ ဂါလီ လီယိုတို့ (မှားရင်ပြင်ပေးပါ)၊ ခြေချတဲ့အကြောင်း ဓာတ်ပုံတွေ ကို ပြည်လမ်းလိပ်ခုံး မှာ ပြပွဲလုပ်ပါတယ်။ အဲဒီတုန်းက လိပ်ခုံးမှာ အများပြည်သူနဲ့ဆိုင်တဲ့ ပြပွဲတွေကို အစိုးရ၊ အဖွဲ့အစည်း တစ်ခုခုက ကျင်းပပြုလုပ်ပေးလေ့ရှိပါတယ်။ ကျောင်းသား ကျောင်းသူတွေ၊ပြည်သူတွေ ဘယ်သူမဆို ကြည့်ရှုလေ့လာကြဖို့ တစ်ပတ် ဆယ်ရက် ဆိုသလို ပြသထားတာပါ။ 
တစ်နေ့ ဖေဖေနဲ့ သခင်လူမင်း(၀ါးခယ်မ) တို့ မနက်စောစော အင်းယားမှာ လမ်းလျှောက်ရာက စကားစပ်မိပြီး လကမ္ဘာပေါ်ခြေချတဲ့ ဓာတ်ပုံပြပွဲကို သွားကြည့်ကြဖို့ပြောရင်း မနက်ကိုးနာရီ ပြပွဲဖွင့်ကာစဆို လူနည်းတဲ့အတွက် ချိန်ပြီး ဆက်လျှောက် ထွက်ခဲ့ကြပါတယ်။
ပြပွဲရောက်လို့ အေးအေးဆေးဆေး ကြည့်နေကြရင်းက ဖေဖေတို့လိုပဲ လူနှစ်ဦး သုံးဦးစကလည်း စိတ်ဝင်တစားကြည့်နေကြပါတယ်။ ထောင့်ကွေ့တစ်ခုရောက်တော့ အကြည့်မှာ ဦးကျော်ငြိမ်း (ဆွေငြိမ်း) ဖြစ်နေလို့ ဦးလူမင်းကပဲ ဖေဖေ့ကို ခေါ်ပြီး ဦးကျော်ငြိမ်းနဲ့ မိတ်ဆက်ပေးတယ်။ ဦးကျော်ငြိမ်းပဲလို့ ပြောတာနဲ့ ဖေဖေက လက် ကမ်းတော့ ကာတွန်းဖေသိန်းလို့လည်း ပြောရော ဦးကျော်ငြိမ်းကလှမ်းမယ့်လက်ကို ချက်ချင်းပြန်ရုတ်သွားတယ် လို့ ဖေဖေက အမှတ်ထင်ထင်ပြောဖူးပါတယ်။ 
ဒါ ဘာကြောင့်လဲ။ ဖေဖေက ဖဆပလခေတ်တုန်းက ဖဆပလနှစ်ခြမ်းကွဲ၊ တည်မြဲ သန့်ရှင်း၊ နုတင် ဆွေငြိမ်းစတဲ့ နိုင်ငံရေးသတင်းကာတွန်းကို ခေါင်းကြီးကာတွန်းအဖြစ် သည်းသည်းမည်းမည်းရေးဆွဲပြီး သရော်ထားတာကို သူက သည်းသည်းမည်းမည်း မှတ်ထားပြီး လက်ဆွဲမနှုတ် ဆက်နိုင်ဘဲ တွဲမယ့်လက်ကို ရုတ်သွားခြင်းပါ။
ဖဆပလခေတ် အမတ်မင်းက မနက်လင်းလို့ နိုးပြီဆိုတာနဲ့ သွားပွတ်တံက ဘယ်နိုင်ငံ က၊ မျက်နှာသုတ်ပုဝါက ဘယ်က၊ အကျီအ၀တ်အစားက ဘယ်က ၊ အိမ်ကထွက်တော့ ဘယ်နိုင်ငံက ကားကိုစီးပြီး စင်ပေါ်လည်းရောက်ရော ပြည်တွင်းဖြစ်ကို သုံးစွဲကြဖို့ ဟောပြောနေပုံကို ဖေဖေက သတင်းစာထဲမှာ ရေးဆွဲခဲ့ပါတယ်။ အဲဒီပုံကို ကချင် ခေါင်းဆောင်ကြီး ဆမားဒူးဝါးဆင်ဝါးနောင်က သဘောကျလို့ သတင်းစာတိုက်ကတစ်ဆင့် ဖေဖေ့ကို ငွေတစ်ရာ ဆုချပါတယ်။ ဒါကြောင့် ဖေဖေ့ အဖေ ဦးဘတင်က ဖေဖေ့ကို အဲဒီပုံကိုပဲ ထပ်ဆွဲခိုင်းပြီး ဆမားကြီးကို ဦးဘတင်ကိုယ်တိုင် သူ့ သား လက်ရာကို လက်ဆောင်ပေးခဲ့ပါတယ်။ 
ဖေဖေက ဒီလိုလည်း ကြုံခဲ့ဖူးပါသေးတယ်။ ကမ္ဘာ့အရေး သတင်းကာတွန်းတစ်ပုံပါ။
အစ္စရေးနိုင်ငံက ဗုံးကြဲတိုက်ခိုက်တဲ့သတင်းတစ်ပုဒ်ကို ရေးထားတာပါ။ အစ္စရေးနိုင်ငံ ရဲ့ တံဆိပ်က အသွားခြောက်ချောင်းခုနစ်ချောင်းခန့်ရှိ ခက်ရင်းခွပုံသဏ္ဌာန်ပါ။ 
အဲဒီတံဆိပ်ကို ဇောက်ထိုးဆွဲပြီး အသွားတွေမှာ ဒုံးကျည်သဏ္ဌာန် ပစ်ခွင်းဟန် ရေးဆွဲထားခြင်း ဖြစ်ပါတယ်။ သတင်းစာထဲပါတဲ့နေ့ပဲ အစ္စရေးသံရုံးကနေ ဒီပုံရေးဆွဲတဲ့ ကာတွန်းဆရာကို မေးပါတယ်။ သူတို့ထံ လာတွေ့ပါလို့ သံအမတ်ကြီးကမှာကြောင်း တောင်းဆိုပါတယ်။ နိုင်ငံတစ်ခုရဲ့ သင်္ကေတကို ခုလို မပြုမူ မရေးသင့်ကြောင်းကို သိပါရဲ့လားလို့လည်း မေးလိုကြောင်း ပြောပါတယ်။ ဒါကို ဖေဖေက သွားတွေ့ပြီး တောင်းပန်ဖို့ ၀န်မလေးပါဘူး။ ဒါပေမယ့် သတင်းစာအယ်ဒီတာရဲ့ တာဝန်ခံချက်နဲ့ပဲ ပြေလည်သွားပါတယ်။ 
ဖေဖေဟာ မှန်တဲ့ဘက်က အမြဲရပ်တည်တယ်။ လူတစ်စုကောင်းစားရေးကို ဘယ်တုန်းကမှ မကြည့်ခဲ့ဘူး။ လူအများကောင်းစားရေးသာရှေးရှုခဲ့သူပါ။ ပြည်သူတွေနဲ့ တစ်တန်းစားထဲနေတယ်။ သူယုံကြည်တာကိုပဲ လုပ်တယ်။ ဒါဟာ ဖေဖေရဲ့ ဘ၀ပါ။
===========
(၁၅) 
“အဝေးရောက်… အဝေးပြေး…. အဝေးသင်… ပြီးတော့ အဝေးနှင်တဲ့” 
“အင်း… ဒီမိုကရေစီနဲ့တော့ အဝေးကြီး ဝေး… ဝေး… ဝေးပြီ”  
ဖေဖေ့ရဲ့ မှတ်စုစာအုပ်တစ်အုပ်ထဲက ကာတွန်းရေးဖို့ တေးမှတ်ထားတဲ့ စာပိုဒ်လေး တစ်ပိုဒ်ပါ။ 
ကာတွန်းရေးဆွဲခွင့် ပိတ်ခံထားရပေမယ့် ဖေဖေ့ရဲ့ ကာတွန်းရေးဖို့ အတွေးကွက်တွေ ကိုတော့ ပိတ်လို့မရပါဘူး။ ပြည်သူတွေ အချုပ်ခံရ ထောင်ကျကြနဲ့ မိဘ၊ မိသားစုတွေနဲ့ ခွဲပြီး ရန်ကုန်ကလူက မြစ်ကြီးနာထောင်ကျ၊ ပုသိမ်ကလူက ကလေးကျနဲ့မို့ ထောင်ဝင် စာတွေ့ဖို့ မိသားစုတွေမှာ အတော့်ကို ခက်ခဲကြပါတယ်။ နောက် ရန်ကုန်မြို့မှာ စော် ဘွားကြီးကုန်းအဝေးပြေးကနေ အောင်မင်္ဂလာအဝေးပြေးရွှေ့၊ ဆင်မလိုက်အဝေးပြေး ကနေ လှိုင်သာယာအဝေးပြေးပြောင်း၊ ၁၉၈၀ပြည့်ကတည်းက တက္ကသိုလ်စာပေး စာယူကို အဝေးသင်တက္ကသိုလ်လို့ပြင်ထားပြီးသားပါ။ ၈၈ခုမတိုင်မီမှာ ဆယ်တန်း အောင်ပြီး ရုံးမှာဝင်လုပ်နေသူ၊ ဆရာလုပ်သူများသာ အတက်များခဲ့ပေ မယ့် နောက်  ပိုင်းတော့ အဝေးသင်တက္ကသိုလ်မှာ တက်ရောက်သင်ကြားကြသူများလာပါတယ်။ 
စစ်တပ်ထဲကလူတွေ ဆယ်တန်း မအောင်ရင် ရာထူးတိုးမပေးဘူးဆိုလို့ ဆယ်တန်းကို ရတဲ့နည်းနဲ့ အောင်အောင်လုပ်၊ အဝေးသင်မှာ စာမေးပွဲဖြေမယ့်အချိန်လာပြီး ပါမယ့် မေးခွန်းတွေကျက်၊ မကျက်နိုင် ခိုးချကြ၊ ခိုးချလို့ အခန်းစောင့်ဆရာမက သတိပေးရင် အကြောင်း သိစေရမယ်ဆိုပြီး ကြိမ်းလိုကြိမ်းနဲ့ နည်းမျိုးစုံခိုးချကြောင်းကို ညီမဖြစ်သူ က ဖေဖေ့ကို ပြောပြလေ့ရှိတာလည်း ဖေဖေသိထားပြီးဖြစ်ပါတယ်။ နောက်ဆုံး တက္ကသိုလ်တွေ ဖွင့်တော့ တစ်နိုင်ငံလုံး မြို့တွင်းမှာ တက်ရာကနေ မြို့ပြင်ကို  ရွှေ့ပြီး ကျောင်းသားတွေကို တက်စေပါတော့တယ်။ 
ဒီအကြောင်းတွေကို စုပြီး ဖေဖေက သူ့မှတ်စုထဲမှာ တေးမှတ်ခဲ့တာပါ။ ဒီလိုပဲ သူမှတ်ခဲ့တဲ့ လက်ရေးမူအတော်များများ ရှိပါတယ်။ 
၁၉၉၀ပြည့်နှစ် ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရတဲ့အတွက် ကာတွန်းတစ်ကွက် ရေးလိုက်ပါသေးတယ်။ ၉၀ခုနှစ် ပါတီစုံရွေးကောက်ပွဲမှာ ဆွဲခဲ့တဲ့ ဖေဖေ့ကာတွန်းတွေဟာ ပြည်သူတွေရဲ့အသံနဲ့ တစ်ထပ်တည်း ကျခဲ့ပါတယ်။ 
၁၉၈၈ခု စက်တင်ဘာလကစပြီး ၁၉၉၄ခုနှစ်အထိ ရေးဆွဲခွင့် ပိတ်ခံထားရတဲ့ (၇)နှစ် လုံးလုံး သတင်းကာတွန်းနဲ့လက်နဲ့ မပြတ်ခဲ့ပါဘူး။  
ဖေဖေက ပန်းချီဆွဲပါသေးတယ်။ ၁၉၈၉နှစ်၊ တံတားဖြူက “ခရမ်းပြာ”အဆောင်မှာ ပန်းချီဆရာ မင်းဝေအောင်က ပန်းချီနေပါပြီ။ ဖေဖေ လည်း အားနေတာကြောင့် တပည့်တပမ်းသုံးလေးယောက်နဲ့ အပျင်းပြေ ပန်းချီသွားဆွဲလေ့ရှိပါတယ်။ ကျွန်မတို့အိမ်မှာ ချိတ်ဆွဲထား တဲ့ ဖေဖေ့ရဲ့ပန်းချီ ကားတစ်ကားကတော့ သတင်း ကာတွန်းဆရာပီပီပါပဲ။  
နံရံမှာ ၁၂နာရီထိုးနေတဲ့ တိုင်ကပ်နာရီတစ်လုံး၊ ၁၉၈၈ခုနှစ် ဒိုင်ယာရီစာအုပ်အောက်မှာ မဆလအစိုးရက သိမ်းလိုက်တဲ့ ပိုက်ဆံ တစ်ရာတန်အုပ်၊ ခုနစ်ဆယ့်ငါးကျပ်တန်အုပ်၊ သုံးဆယ့်ငါးကျပ်တန်အုပ်၊ နှစ်ဆယ့်ငါးကျပ်တန်အုပ်တွေ။ ၈၈ခု ဒိုင်ယာရီပေါ်မှာ ၁၉၉၀ ပြည့်နှစ်ဒိုင်ယာရီ။ သူ့အထက်မှာ အစိုးရဘဏ်ကနေတတိတိနဲ့သိမ်းသွားတဲ့ ဆရာစံပုံနဲ့ ကိုးဆယ်တန်၊ သခင်ဖိုးလှကြီးပုံနဲ့ လေးဆယ့်ငါးကျပ်တန်၊ ဗိုလ်ချုပ် အောင်ဆန်းပုံနဲ့ ဆယ့်ငါးကျပ်တန်အုပ်တွေ။ နောက်ကျော အခန်းဝမှာတော့ ငါးပြား စေ့၊ ဆယ်ပြားစေ့၊ တမတ်စေ့၊ ငါးမူးစေ့၊ ကျပ်စေ့တွေကို ခန်းစီးလုပ်ပြီး ရေးဆွဲထားပါ တယ်။ တိုင်းပြည်တွင်းသုံးနေတဲ့ ငွေကြေးကို ခေတ်နဲ့ ထင်ဟပ်ပြီး သရုပ်ဖော်ရေးဆွဲ ထားတဲ့ ပန်းချီကားတစ်ချပ်ပါ။  
========
(၁၆) 
ဖေဖေက နှစ်ကူးတိုင်း ခုနှစ်သက္ကရာဇ် ဂဏန်းကို ကာတွန်းလုပ်ပြီး မဂ္ဂဇင်းစာစောင်များမှာ ရေး ဆွဲလေ့ရှိပါတယ်။ (ဥပမာ- ၁၉၇၁ခုနှစ်ကနေ၁၉၇၂ခုနှစ်ကူးတဲ့ ၁-၁-၁၉၇၂ နေ့၊ သတင်း ဂျာနယ်က ကာတွန်းတစ်ကွက်ပါ)။
၁၉၅၅၊ ၁၉၆၆။ ၁၉၇၇၊ ၁၉၈၈ ခုနှစ်တို့ကိုလည်း ကာတွန်းနဲ့ အထူး သရုပ်ဖော်ရေးဆွဲ လေ့ ရှိပါ သေးတယ်။ ဥပမာ – ၅-၅-၅၅၊ ၆-၆-၆၆၊ ၇-၇-၇၇၊ ၈-၈-၈၈ နေ့ရက်တွေဆိုရင် သူ ထည့်တဲ့ မဂ္ဂဇင်း ဂျာနယ်တိုင်းလိုလိုမှာ Idea မထပ်စေဘဲ ရေးဆွဲလေ့ရှိပါတယ်။  
ဒီလိုအတွေးမျိုး ဘယ်တုန်းက စရခဲ့တာလဲ။ 
ဂျပန်ခေတ်မှာ ဖေဖေက ပုသိမ် အာရှလူငယ် အစည်းအရုံးဝင်ဖြစ်ပါတယ်။ ပုသိမ်မှာ သံမဏိ မောင်မောင်က ဦးဆောင်ပါတယ်။ လူငယ်တွေဟာ ညဦးပိုင်းမှာ နှစ်ယောက်၊ ညနက်ပိုင်း နှစ်ယောက် အလှည့်ကျ ကင်းစောင့်ကြရပါတယ်။ အဲဒီနေ့က ဖေဖေနဲ့ သူငယ်ချင်းတစ် 
ယောက်က ညနက်ပိုင်းတာဝန်ပါ။  
ဖေဖေတို့သူငယ်ချင်းနှစ်ယောက် အိပ်ချင်မှာစိုးလို့ စကားတပြောပြောနဲ့ နေတုန်းမှာ သူက- 
“ဒီနေ့က နေ့ထူးဗျလို့ ပြောတယ်” 
“ဘာနေ့မို့လဲ”  
“လေးရက် လေးလ လေးဆယ့်လေးလေး(၄-၄-၄၄) လေဗျာ၊ ဒီလိုနေ့မျိုးက ဆယ့်နှစ်မှ တစ် ကြိမ်ကျတာ” 
“အေးဗျ နေ့ထူးပဲ” 
-လို့ ဖေဖေက မှတ်ချက်ချရင်းကနေ တစ်နှစ်ကူးချိန်နဲ့ နေ့ထူးတွေကို အမြဲသတိထားနေခဲ့ရာ က ကာတွန်းဆရာလည်းဖြစ်ရော ခုလို ရေးဖြစ်တော့တာပဲ။ 
ဒါကြောင့်လည်း ဖေဖေဟာ ၈-၈-၈၈ နေ့မှာ စာပေစိစစ်ရေးက ချယ်ရီမဂ္ဂဇင်းထဲက တစ်မျက် နှာကာတွန်းနဲ့ သြဂုတ်လထုတ် ပုံပမာကာတွန်း(လစဉ်)အဖုံးအတွက် စာပေစိစစ်ရေးကို ဖြေ ရှင်းဖို့သွားရာမှာ အဲဒီနေ့က ရန်ကုန်တစ်မြို့လုံးက အစိုးရ၀န်ထမ်းတွေ လမ်းပေါ်တက် ချီတက် ဆန္ဒပြဖို့ သွားကြတဲ့အတွက် ရုံးစောင့်ပဲရှိလို့ ပြန်ခဲ့ရပါတယ်။ 
ဖေဖေဟာ ၁၉၉၈ခုနှစ်မှာ လေတစ်ခြမ်းဖြတ်သွားတာကြောင့် ၉-၉-၉၉ နေ့ကို မရေးဆွဲနိုင်ခဲ့ တော့ပါဘူး။ ဒါပေမယ့် သူ့ရဲ့ မှတ်စုထဲမှာတော့ တေးထားပြီးသား ဖြစ်နေပါတယ်။  “ကိုး-ကိုး-ကိုးကိုး ကဏန်းတွေသုံးပြီး ကိုးန၀င်းနဲ့ ဓာတ်ရိုက်ဓာတ်ဆင်ပေမယ့်  တကယ်တော့…. “၆န၀င်း” ပါပဲ ” ၁၉၉၉ ခုမှာလည်း မဆလခေတ် ဦးနေ၀င်းရဲ့ အာဏာရှိနေကြောင်းကို ကာတွန်းနဲ့ သရော် ထားတာပါ။  
သက္ကရာဇ် ၂၀၀၀ပြည့်နှစ်ကိုလည်း တစ်မျက်နှာကာတွန်းရေးဆွဲပြီးသား ဖြစ်နေပါတယ်။  
“ဖေသိန်းနဲ့ဂဏန်း၊ ဂဏန်းနဲ့ဖေသိန်း” ဖေသိန်း ဂဏန်းအညှပ်ခံရတာကိုတောင် မမှုခဲ့ကြောင်း ဒီပုံတွေက သမိုင်း ပြယုတ်တစ်ခုပဲလို့ ကျွန်မ ဆိုချင်ပါတယ်။ 
(ဆက်ပါဦးမယ်)

အပိုင်း (၄) ပိုင်း ပါဝင်ပါသည်။ 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts