ဇွန်ပွင့်

Zun Pwint – Essay

ဖေဖေ့အကြောင်း (၆) 
ဇွန်ပွင့်
ဇူလိုင် ၁၅၊ ၂၀၁၃


ဖေဖေ့ကို ကြေးမုံနီတိ ဖေသိန်း…. ကြေးမုံ နီတိ ဖေသိန်း… နဲ့ လူတွေ တွဲသိကြပါတယ်။ ဒီလို တွဲသိကြသလိုပါပဲ ၁၉၆၂ ခုနှစ်မှာ သူ့ဇနီးဟာ ဒေါ်ခင်လေးနွယ်ဆိုတာကိုလည်း သိလာကြပါတယ်။ 
နီတိကဏ္ဍမှာ မြန်မာ့နိုင်ငံရေး၊ ကမ္ဘာ့အရေးအပြင် ပြည်သူချစ် အနုပညာရှင် အလင်္ကာကျော်စွာရွှေမန်းတင်မောင်ဆုံးတော့လည်း နှမြောတ သစွာနဲ့ ၀မ်းနည်းကြောင်း ကာတွန်းနဲ့ ဂုဏ်ပြုခဲ့ပါတယ်။ ကျွန်မကိုမွေးတဲ့နေ့မှာလည်း နီတိကနေပဲ သူသမီးလေးတစ်ယောက် ရပြီဖြစ် ကြောင်း ရေးဆွဲလိုက်ပါသေးတယ်။  
ဘောလုံးပွဲသတင်းဆိုရင်တော့ ဖေဖေ့မှာရေးရတာ အတော်လက်တွေ့ရှိလှပါတယ်။ ၁၉၆၅ ခု ကျွန်းဆွယ်ကစားပွဲ၊ ၁၉၆၇ မာဒေးကားပွဲ စတဲ့ မြန်မာဘောလုံးအသင်း ရွှေခေတ်ကာလတုန်းက ဘောလုံးကစားပြီးချိန်၊ အရှုံးအနိုင်ပေါ်ချိန်မှာ ကြေးမုံသတင်းစာတိုက်က တယ်လီဖုန်း  
တွေ အားရတယ်မရှိ၊ ၀ါသနာရှင်တို့က သတင်းစာတိုက်ကို ဖုန်းဆက်မေးကြတယ်။ လူကိုယ်တိုင် လာမေးကြနဲ့မို့ နောက်ဆုံး တိုက်ရှေ့မှာ အရှုံးအနိုင်စာရင်းကို စာဆွဲကပ်ထားရတဲ့အထိ ဖြစ်ခဲ့ တယ်လို့ ဖေဖေက ပြောခဲ့ဖူးပါတယ်။ နောက်နေ့ကြေးမုံထွက်ရင် ကာတွန်းဖေသိန်းက ဘာပုံဆွဲ မလဲလို့ စိတ်ဝင်စားသူတွေလည်းရှိတယ်။ တချို့ကဆိုရင် နောက်နေ့ သတင်းစာမှာ မြန်မာအသင်း အနိုင်ရကြောင်းရေးထားတဲ့ပုံကို တွေ့တော့ ဖေဖေ့ကို မေးကြပါတယ်၊ ကြိုသိထားတာလားလို့။ 
ဒီတော့ ဖေဖေက သူ့ရဲ့ ၀ှက်ဖဲကို ထုတ်ပြောရပါတော့တယ်။ “ကျွန်တော်က ဘောလုံးပွဲဆိုရင် အရှုံး အနိုင် နှစ်ပုံကို အိုက်ဒီယာ ထုတ်ပြီး ဆွဲပေးထားရတယ်” လို့ ပြန်ဖြေရပါတယ်။ 
ဖေဖေက ဘောလုံးပွဲ ကြည့်တာ ၀ါသနာပါပါတယ်၊ နောက် မြင်းပွဲလည်း လောင်းတယ်၊ အပျော်ပေါ့။ မြင်းပွဲနိုင်တော့ သူ့ညီမ ဒေါ်ကြည်ကြည် စက်ချုပ်ဖို့ “သမီးတော်”ခြေနင်းအပ်ချုပ်စက် တစ်လုံးဝယ်ပေးခဲ့တယ်။ ကျွန်မတို့ ကျောင်းအကျီတွေကို အဲဒီစက်နဲ့ပဲ “ကြည်”က ချုပ်ပေးတာ။ 
ဖေဖေက အောင်ဆန်းကွင်းမှာ ဘောလုံးပွဲရှိရင် အမြဲတမ်းကြည့်လေ့ရှိတယ်။ လူသာလဲတယ် သူမလဲဘူးဆိုတာမျိုးပေါ့။ များသောအားဖြင့် တော့ နေ့လည်နှစ်နာရီမှာ ကြေးမုံနီတိအတွက် ပုံရေး ပြီး သတင်းစာတိုက်သွားပို့၊ ပြီးတာနဲ့ အောင်ဆန်းကွင်းသွားတော့တာပါပဲ။  
၁၉၆၆ခုနှစ်လောက်ကစပြီး မှောင်ခိုခေတ်ထလာပါပြီ။ ဒီတော့ နီတိမှာ တည်မြဲသန့်ရှင်း ခေတ်ကတည်းက ဆော်လာလိုက်တာ အိမ်စောင့် အစိုးရရော၊ သူပုန် ရော ဆော်နေရာကနေ  မှောင်ခိုကိုပါ ဆော်လာပါတော့တယ်။ နောက် တန်းစီတိုးစားလည်း မှောင်ခိုနဲ့ အပြိုင်ပါပဲ။
  
ဖေဖေက“ဆိုရှယ်လစ်စနစ်နဲ့အတူ မှောင်ခိုကပေါ်လာတာ” တဲ့။ ၁၉၇၀ ပြည့်နှစ်ပိုင်းလောက်ရောက်ချိန်၊ တစ်နေ့ ကြေးမုံကို ပုံသွားပေးတော့ တာဝန်ခံက ဖေဖေ့ကို သတိပေးတယ်။ “ကိုဖေသိန်း ခင်ဗျား နည်းနည်းလျှော့ဦးဗျ။ အစိုးရကလည်း ခင်ဗျားကို ကြည့်နေပြီ။ သူပုန်ကလည်း ဘယ်ကလာမယ်မှန်းမသိဘူး သတိလည်းထားဦးဗျ” လို့ သတိပေးပါတယ်။ 
ဖေဖေကလည်း မေ့သလောက်ရှိ တစ်ခါရေးနဲ့ ဖေဖေ့နီတိကဏ္ဍမှာ မှောင်ခိုတွေကြီးစိုးလာပါတော့တယ်။ ဒီတစ်ခါတော့ အိမ်လိပ်စာနဲ့ ပစ်စာ ရောက်လာပါပြီ။ 
“ဦးဖေသိန်း ခင်ဗျား ဘယ်အချိန်အိမ်ကထွက်တယ်၊ ဘယ်မှတ်တိုင်ကတက်ပြီး ဘယ်မှာဆင်းတယ်၊ ခင်ဗျားဘယ်လက်ဖက်ရည်ဆိုင်မှာ သောက်တယ်၊ ခင်ဗျားကလေးတွေ ဘယ်ကျောင်းမှာနေတယ်ဆိုတာ ကျွန်တော်တို့သိတယ်။ ခင်ဗျားရေးနေတဲ့ ကာတွန်းတွေကို ရပ်သင့် ပါပြီ” ဆိုပြီး ခြိမ်းခြောက်စာကို စာတိုက်နေလက်ခံရရှိပါတော့တယ်။ ဖေဖေက သူ့တစ်ယောက်ထဲကိုပဲ ရည်ရွယ်တယ်ဆိုရင်တော့ ဆက်ရေး ဦးမှာလို့ ထင်ပါတယ်။ သူ့သားသမီးတွေကိုထိလာပြီဆိုတော့ အတော့်ကိုခံရခက်သွားပါတယ်။ အဲဒီစာရပြီးနောက်ပိုင်းမှာတော့ ဖေဖေဟာ သတင်းစာမှာ ကာတွန်းရေးဆွဲနေ တာကို ရပ်ပစ်လိုက်ပါတော့တယ်။ 
ကျွန်မတို့ကိုလည်း ကျောင်းသွားကျောင်းပြန်ကို သူ့ညီမကိုလိုက်ပို့ လိုက်ကြိုစေပါတယ်၊ တစ်ခါ တစ်ခါ ဖေဖေ၊ မေမေနွယ် တစ်ဦးဦး လာကြို ပါတယ်။ ဖေဖေက “အိမ်က လာမကြိုဘဲ ဘယ်သူခေါ်ခေါ် မလိုက်နဲ့” လို့ အမြဲမှာပါတယ်။ အိမ်နားမှာကစားရင်လည်း အိမ်ဝင်းထဲမှာကစား အိမ်ကအထွက် ညာဘက် စာကြည့်တိုက် မကျော်စေနဲ့၊ ဘယ်ဘက် ၀ါးရုံပင် မကျော်စေနဲ့လို့ မှာ ထားပါတယ်။ ကိုယ့်အနားကပ်လာတဲ့လူကို အမြဲသတိထား ကြည့်၊ နောက်က ကပ်လိုက်လာ ရင်လည်း သတိထား၊ လူစိမ်းဆိုရင် လမ်းထဲမှာ စိတ်ချရတဲ့ ဘယ်သူ့အိမ်ကို ၀င်နေ၊ ကျွန်မ 
တို့မောင်နှမတွေမှာ ငယ်ငယ်ကတည်းကပင် ဖေဖေ့ရဲ့ လေ့ကျင့်ခန်းကို အပိုင်ရထားနေကြပါပြီ။ 

(ဆက်ပါဦးမယ်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts