မောင်ရင်ငတေ

Maung Yin Nga Tay – Articles

ရောက်တတ်ရာရာ အတိုအစများ
မောင်ရင်ငတေ
ဇူလိုင် ၁၅၊ ၂၀၁၃
● ဆယ့်လေးဂျူလိုင် ဘာစတီးထောင်ပျက်တဲ့နေ့

Le 14 juillet 2013
ဒီကနေ့ကာလများမှာတော့ ဒီနေ့ဂျူလိုင်ဆယ့်လေးရက်က ပြင်သစ်တနံတလျှား အများပြည်သူတွေ အလုပ်ပိတ်တဲ့ ရက်တရက်အဖြစ် အလုပ်လုပ်နေတဲ့ လူတိုင်းလိုလို မှတ်မှတ်ရရ ဖြစ်ကြတဲ့နေ့ပါဘဲ၊ နောက်တခုကတော့ ပါရီမြို့ရဲ့ အဓိက လမ်းမကြီးဖြစ်တဲ့ ရှောင်ဇေလီဇေ လမ်းမကြီးတလျှောက်မှာ လမ်းတွေပိတ်ပြီး စစ်ရေးပြ စစ်ချီတက်ပွဲ အခမ်းအနားကို အကြီးအကျယ်လုပ်ပြီး ပြင်သစ်နိုင်ငံပိုင် တယ်လီဗေးရှင်းတွေကလည်း တိုက်ရိုက်ထုတ်လွှင့် ပြသတာကို နှစ်စဉ်နှစ်တိုင်း ဒီနေ့ဒီရက်ရောက် ရှိလာရင် မြင်တွေ့ကြရစမြဲပါ၊ ဒီနေ့ရက်ကို ဒီကနေ့မှာတော့ ပြင်သစ်ပြည်ကြီးရဲ့ La fête nationale française အမျိုးသားနေ့ရယ်လို့ သတ်မှတ်ခေါ်ဆိုကြပါတယ်၊ အမျိုးသားနေ့အဖြစ် သတ်မှတ်ပြီး စစ်ချီစစ်တက်အခမ်းအနားတွေကို အကြီးအကျယ်လုပ်လာခဲ့တဲ့နောက်ပိုင်းမှာ မောင်ရင်ငတေတို့လို သမိုင်းနောက်ခံ အချက်တွေကို သေချာမသိတဲ့သူ အများစုကတော့ စစ်ရေးပြပွဲနေ့တနေ့အဖြစ် အပေါ်ယံနားလည် ထားခဲ့ကြပါတယ်၊ တချို့တွေကလည်း ဘာစတီးအကျဉ်းထောင်ကြီးနဲ့ အဓိက ပတ်သက်နေလို့ Bastille Day လို့လည်း လွယ်လွယ်ကူကူ ခေါ်နေရေးနေကြပါတယ်၊
La Forteresse de la Bastille (Château fort, arsenal et prison)
ဘာစတီးအကျဉ်းထောင်ကြီးကို Charles V de France ရှားလ်ဘုရင် ၄  (၁၃၃၈-၁၃၈၀) ပြင်သစ် ဘုရင်အဖြစ် အုပ်စိုးနေတဲ့ ၁၃၆၄ ခုကနေ ၁၃၈၀ ခုအတွင်း အင်္ဂလိပ်တွေရဲ့ ရန်ကနေ ကာကွယ်ဖို့  ၁၃၇၀ ခုနှစ်မှာ စတင်ပြီး ခံတပ်ကြီးအဖြစ် တည်ဆောက်ခဲ့တာပါ၊ အင်္ဂလိပ်နဲ့ပြင်သစ်တို့ရဲ့ နှစ်တရာ စစ်ပွဲကာလအတွင်း တည်ဆောက်ခဲ့တဲ့ ဒီဘာစတီးခံတပ်ကြီးကို ၁၄ ရာစု ၁၅ ရာစု အတွင်းမှာတော့ ပြင်သစ်ဘုရင်တို့ရဲ့ အမြောက်သေနတ်လက်နက်တွေ ထုတ်လုပ်ရာသိမ်းဆည်းရာ လက်နက်တိုက် အဖြစ်၎င်း ၁၅ ရာစု နောက်ပိုင်းမှာ အရေးကြီးတဲ့ အကျဉ်းသားများ ထားရှိရာ အကျဉ်းထောင်ကြီး အဖြစ်၎င်း အသုံးပြုခဲ့ ကြတာပါ၊ Louis XVI de France လူဝီ ၁၆ (၁၇၅၄-၁၇၉၃) ပြင်သစ်ဘုရင် အဖြစ် အုပ်စိုးနေတဲ့အချိန်မှာ ဖြစ်ပွားခဲ့တဲ့ ပြင်သစ်တော်လှန်ရေးကာလ (၁၇၈၉-၁၇၉၉) မှာတော့ ဒီဘာစတီးအကျဉ်းထောင်ကြီးကို ပြင်သစ်ပြည်သူလူထုတွေက ဖျက်စီးပစ်နိုင်ခဲ့ပြီး ဘုရင်စံနစ်ကို ပထမဆုံးအကြိမ် အဆုံးသတ် ရပ်တန့်စေခဲ့တာပါ၊ ၁၇၈၉ ခုနှစ် ဆယ့်လေးရက် ဂျူလိုင်လမှာ အထွေထွေ မကျေနပ်မှုများကြောင့် တော်လှန်ခဲ့တဲ့ ပြင်သစ်ပြည်သူလူထုကြီးက ဘာစတီး အကျဉ်း ထောင်ကြီးကို ဖျက်စီးနိုင်ခဲ့ပေမဲ့ လူဝီ ၁၆ ဘုရင်ရဲ့ အုပ်ချုပ်မှု အာဏာအရပ်ရပ်ကိုတော့ ချက်ခြင်း ရပ်စဲနိုင်ခဲ့ခြင်း မရှိသေးပါဘူး၊ ဘာစတီးထောင်ပျက်တဲ့နေ့ အထိမ်းအမှတ်အဖြစ် ပထမဆုံးအကြိမ် နှစ်ပတ်လည်အခမ်းအနား ပြုလုပ်ခဲ့တဲ့သော ၁၇၉၀ ပြည့်နှစ် ဂျူလိုင်လ ဆယ့်လေးရက်နေ့မှာတော့ ပွဲကျင့်ပရာနေရာ ယခုခေတ်  အီဖယ်မျှော်စင် နေရာအနီးက Champ-de-Mars မြက်ခင်းပြင်ကျယ် ရှိရာကို ဘုရင်ကြီး လူဝီ ၁၆ လည်း တက်ရောက်ခဲ့ပါသေးတယ်တဲ့၊ အဲဒီတုံးကတော့ အမျိုးသားနေ့ လို့တော့ မခေါ်ခဲ့ကြသေးဘဲ Fête de la Fédération လို့သာ ခေါ်ဝေါ်ခဲ့ကြပါတယ်၊ ၁၈၈၀ ခုနှစ် ရောက်ရှိတော့မှသာ ပြင်သစ်အမျိုးသားနေ့အဖြစ် တရားဝင် သတ်မှတ်ခဲ့ကြတာပါ၊
La prise de la Bastille survenue le 14 juillet 1789 à Paris.
La fête de la Fédération, le 14 juillet 1790, sur Champ-de-Mars, Paris.
ပြင်သစ်တော်လှန်ရေးကာလဟာ ဘာစတီးထောင်ကို မဖျက်စီးနိုင်သေးတဲ့ မေလ ငါးရက် ၁၇၈၉ ခု ကနေပြီး စတင်ခဲ့တယ်လို့ မှတ်ယူထားကြပြီး စစ်ဘုရင်ကြီးအဖြစ် တဖြေးဖြေး နာမည်ကြီးလာတဲ့ Napoléon Bonaparte ပထမနပိုလီယံ (၁၇၆၉-၁၈၂၁) ဦးဆောင်ကာ Coup d’État ဟုခေါ်သော စစ်အာဏာသိမ်းခဲ့တဲ့ နိုဝင်ဘာကိုးရက် ၁၇၉၉ ခုနှစ်အထိ ဆယ်နှစ်ကြာမြင့်ခဲ့ပါတယ်၊
Louis XVI fut guillotiné le lundi 21 janvier 1793 à Paris, place de la Révolution (actuelle place de la Concorde)
ဘာစတီးကို ပြည်သူလူထုရဲ့အားနဲ့ ဖြိုချဖျက်စီးခဲ့ပြီးနောက် နှစ်နှစ်ကျော်အကြာမှာ ပြင်သစ်ပြည်သူ ပြည်သားတွေဟာ သူတို့ မုန်းတီးလှတဲ့ လူဝီ ၁၆ ဘုရင်ကြီးကို သူလိုအာဏာပိုင် ဘုရင်တွေ တီထွင် ဖန်တီးခဲ့တဲ့ La Guillotine ခေါ် ခေါင်းဖြတ်စက်ကြီးနဲ့ဘဲ လူအများရှေ့မှောက်မှာ လက်စားပြန်ခြေ ခေါင်းဖြတ်ခွင့်ရခဲ့ပါတော့တယ်၊ အဲဒီနေရာကတော့ ပါရီမြို့လယ်ခေါင် လုဗ်ဖ်နန်းတော်ဟောင်းကြီး အနီးမှာတည်ရှိပါတယ်၊ လူဝီ ၁၅ ဘုရင် ခေတ်ကောင်းစဉ်က La place Louis XV လူဝီ ၁၅ ရင်ပြင် လို့ခေါ်ဆိုခဲ့ကြပြီး  ပြင်သစ်တော်လှန်ရေး ခေတ်ရောက်တော့ La place de la Révolution ရင်ပြင်၊ ၁၈၃၆ ခုနှစ်မှာ အီဂျစ်ပြည်က အနိုင်ကျင့်ပြီး သယ်မလာခဲ့တဲ့ မူရင်း အီဂျစ်အမည် Obélisque de Louxor ခေါ် ပြင်သစ်လို ကွန်းကော့ဒ်လို့အမည်တွင်တဲ့ ကျောက်တိုင်ဆိုက်ထူထားတဲ့ La place de la Concorde လို့ ယနေ့တိုင်အောင် ခေါ်ဆိုနေကြတဲ့ ရင်ပြင်ကျယ် နေရာပါဘဲ၊ (တရားဝင်ကတော့ အီဂျစ်တွေက ပြင်သစ်ကို အဲဒီကျောက်တိုင်ကို လက်ဆောင်အဖြစ် ပေးလိုက်တာလို့ ဆိုကြပါတယ်၊ သက်တမ်း နှစ်ပေါင်း သုံးထောင်ကျော်ပြီလို့ ခန့်မှန်း ထားကြတဲ့ တန်ချိန်ပေါင်း ၂၃၀ ကျော်လေးပြီး ၂၃ မီတာရှည်တဲ့ ဒီကျောက်တိုင်ကြီးကို မကျိုးမပဲ့ဘဲ ပါရီသို့ရောက်ရှိလာအောင် သယ်ခဲ့ရတာ အတော်ကိုဘဲ ခက်ခဲလှပါတယ်တဲ့၊ အဲဒါမျိုးကျောက်တိုင် နှစ်ခုသယ်ခဲ့တာ အသေးတခုကိုတော့ ဆိုရှယ်လစ်သမတ ဖရန်ဆွာမီထရောင်းလက်ထက် ၁၉၈၀ ခုနှစ်ဝန်းကျင်မှာ တရားဝင်ပြန်လည် ပေးအပ်ခဲ့ပါတယ်တဲ့၊) အဲဒီ ကျောက်တိုင်ကို စိုက်ထူထားရာ နေရာမှာ ၁၇၉၃ ခုနှစ် ဂျန်နဝါရီလ နှစ်ဆယ့်တစ်ရက်နေ့မှာ အသက် ၃၈ နှစ် အရွယ်သာရှိသေးတဲ့ လူဝီ ၁၆ ဘုရင်ကို သူ့အရင် ဘုရင် အဆက်ဆက်က သူတို့လို ဘုရင်တွေကို အာခံပုန်ကန်ခဲ့သူများအား သေဒဏ်အပြစ် ပေးခဲ့ရာတွင် အသုံးပြုခဲ့သော ခေါင်းဖြတ်စက်နဲ့ ပြန်လည် ခေါင်းဖြတ်သတ်ခဲ့တာပါ၊ အဲဒီလို ဘာစတီးထောင်ဖျက် လူဝီဘုရင်ကို ဖြုတ်ချနိုင်ခဲ့ပြီး ပထမပြင်သစ်သမတနိုင်ငံ ဆိုတာကို ထူထောင်နိုင်ခဲ့ပါတယ်၊ ပြင်သစ် ပထမနိုင်ငံတော်ကာလဟာ ၁၇၉၂ ခုကနေ ၁၈၀၄ ခုနှစ်ထိ ၁၁ နှစ် ၇ လ ၂၇ ရက်ကြာမြင့်ခဲ့တယ် ဆိုပေမဲ့ ပထမပိုင်းမှာသာ အမျိုးသားညီလာခံလိုမျိုးပြုလုပ် အုပ်ချုပ်ရေးဘုတ်အဖွဲ့ဖွဲပြီး အုပ်ချုပ်နိုင် ခဲ့ပေမဲ့ ၁၇၉၉ နိုင်ဝင်ဘာ ကိုးရက်နေ့ကစပြီး စစ်ဘုရင် နပိုလီယံက စစ်အာဏာသိမ်း အုပ်ချုပ်ခဲ့တာ မျိုးပါ၊ ၁၈၀၄ ခုနှစ် နပိုလီယံကသူ့ကိုယ်သူ စစ်ဗိုလ်ချုပ်ဘဝကနေ စစ်ဘုရင်ကြီးအဖြစ်ပြောင်းလည်း ခေါ်ဆိုစေခဲ့ပြီးနောက် ပထမပြင်သစ်သမတနိုင်ငံခေတ် ဆုံးခန်းတိုင်ခဲ့ပါတယ်၊
Obélisque de Louxor, La place de la Concorde.
လူဝီ ၁၆ ရဲ့ ဘုရင့်မိဖုရားကြီးဖြစ်သူ သြစတြီးယားမင်းသမီးလေး Marie-Antoinette d’Autriche မာရီအန်တွမ်းနက် (၁၇၅၅-၁၇၉၃) ကိုတော့ လူဝီ ၁၆ နဲ့အတူတူ တချိန်တည်းတပြိုက်နက်တည်း မသတ်ခဲ့သေးဘဲ နောက်ထပ်ဆယ်လခန့်အကြာ အောက်တိုဘာ ၁၆ ရက်မှာမှ အဲဒီကျောက်တိုင် နေရာမှာဘဲ ခေါင်းဖြတ်စက်နဲ့ ခေါင်းဖြတ်သတ်ခဲ့တာပါ၊ အဲဒီအချိန်အခါမှာ အဲဒီလို ခေါင်းဖြတ်စက်နဲ့
ခေါင်းဖြတ်အသတ်ခံခဲ့ရသူတွေကတော့ လူဝီ ၁၆ ရဲ့ ညီမအငယ်ဆုံးဖြစ်သူ Princess Élisabeth of France နဲ့ Madame du Barry တို့လို ဘုရင့်အသိုင်းအဝိုင်းမှ ထင်ရှားသူများအပြင် Club des Jacobins အဖွဲ့သား နိုင်ငံရေးသမားများ ဖြစ်ကြတဲ့ ပြင်သစ်တော်လှန်ရေးရဲ့ အစိတ်အပိုင်း တဒေါင့် တနေရာဆီမှာ ပါဝင်လှုပ်ရှားခဲ့ကြတဲ့  အသိပညာရှင် အတတ်ပညာရှင်တွေ ဖြစ်ကြတဲ့ Maximilien de Robespierre, Georges Danton, Camille Desmoulins, Antoine Lavoisier, Louis Antoine de Saint-Just, ပထမဆုံး ပြင်သစ် အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ Marie-Olympe de Gouges တို့လည်း တပြိုင်နက်တည်းမှာလို ခေါင်းဖြတ်အသတ်ခံခဲ့ရပါတယ်၊ အဲဒီအချိန်က တည်ရှိခဲ့တဲ့ သေမိန့်ပြစ်ဒဏ်နဲ့ နောက်ဆုံး ခေါင်းဖြတ် အသတ်ခံခဲ့ ရတာကတော့ ၁၉၇၇ ခုနှစ်မှာပါ၊ အဲဒီ နောက်ပိုင်းမှာတော့ ခေါင်းဖြတ်သတ်မိန့် သေမိန့်ကို ပြင်သစ်ဥပဒေမှာ ဖျက်သိမ်းပစ်ခဲ့တယ်လို့ ဆိုပါတယ်၊
ဘာစတီးကျောက်တိုင်
အဲဒီလို ဘုရင်စနစ် ဖျက်သိမ်းပစ်ခဲ့တဲ့ ပြင်သစ်တော်လှန်ရေးကြီးဖြစ်ပွားခဲ့တဲ့ ပထမပြင်သစ်သမတ နိုင်ငံကိုထူထောင်နိုင်စေခဲ့တဲ့ La Déclaration des droits de l’homme et du citoyen de 1789 ခေါ် လူသားနဲ့ နိုင်ငံသားတို့ရဲ့ အခွင့်အရေးများကို ကြေညာနိုင်စေခဲ့တဲ့ ကနဦးအကြောင်းရင်းအစ ဘာစတီးထောင်ပျက်တဲ့နေ့ကို ၁၈၈၀ ခုနှစ်က စပြီးတော့ ပြင်သစ်အမျိုးသားနေ့ဆိုပြီး သတ်မှတ် ကျင့်ပလာခဲ့တာ ဒီကနေ့အထိတိုင်ခဲ့ပါပြီ။
Add caption

 

Le défilé militaire du 14 Juillet, l’avenue des Champs-Élysées. 14 Juillet 2103.

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts