ဇွန်ပွင့်

Zun Pwint – Essay

ဖေဖေ့အကြောင်း (၄)
ဇွန်ပွင့်
ဇူလိုင် ၁၃၊ ၂၀၁၃


ဖေဖေက ပုံပမာလစဉ်ကာတွန်း ရေးဆွဲထုတ်ဝေခွင့်၊ မဂ္ဂဇင်းတွေမှာ ရေးဆွဲခွင့်ပိတ်ခံရတဲ့အပြင် ၉၀ ခုနှစ်နောက်ပိုင်းတွေမှာ စာပေအသိုင်း အ၀ိုင်းထဲက သာရေးနာရေးတွေအကြောင်း မဂ္ဂဇင်းတွေမှာ ဖေဖေ့ရုပ်ပုံပါလာရင် ငွေမှင်သုတ်ခံရသေးတယ်။ ဖေဖေကလည်း စိစစ်ရေးကို မျက်စိလှည့်ပြီး မဂ္ဂဇင်းမှာ သူ့လက်ရာဖျက်ပြီး ထည့်ကြည့်သေးတယ်။ လွတ်လာတယ်လေ။ နောက်တော့ သတင်းစာတွေထဲမှာ မိုးကြိုးတို့ သောင်းကျန်းလာတော့ ဖေဖေလည်း စာမျက်နှာပေါ် လုံး၀၀င်မဆွဲတော့ဘူး။ 
လက်ရာဖျက်ဆွဲတယ်ဆိုလို့ သတိတရပြောပြချင်ပါသေးတယ်။ ၁၉၇၄ ခုနှစ် “ဦးသန့်အရေးအခင်း” ကာလတုန်းကအကြောင်းပါ။ အဲဒီတုန်း က ကျွန်မကခြောက်တန်းပါ။ ကျောင်းဝင်းထဲမှာ ဦးသန့်ရုပ်အလောင်းကို ဘွဲ့နှင်းသဘင်ခန်းမထဲမှာ ရဟန်းရှင်လူ ကျောင်းသားတွေက ထား ရှိစောင့်ကြပ်ပြီး ဆန္ဒပြနေတုန်းတစ်ရက် ဖေဖေဦးဆောင်ပြီး ကျွန်မတို့မိသားစု မနက်အစောကြီးထ ဘုန်းကြီးတွေ အာရုံဆွမ်းအမီ ကော်ဖီ ဖျော်ပြီး ဓာတ်ဗူးတွေနဲ့ထည့်၊ ပေါင်မုန့်တွေလှီး စက္ကူအိတ်နဲ့ထည့်ပြီး ခြင်းနဲ့ထည့်ဆွဲပြီး ကျောင်းထဲကို ချီတက်လာပြီး ဆွမ်းကပ်ကြတယ်။ နောက် စင်ပေါ်မှာရှိနေတဲ့ ဦးသန့်ရုပ်အလောင်းကို ဖေဖေက ရှေ့ကနေပြီး သုံးပတ်ပတ်ကြပါတယ်။ ဦးသန့်အရေးအခင်းနဲ့ပတ်သက်လို့ ဒါပဲအမှတ်တရရှိတာပါ။
ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ကျွန်မတို့သူငယ်ချင်း အေးနိုင်အောင် (ဦးနုသူငယ်ချင်း ဦးလူမင်း (၀ါးခယ်မ) မြေး) နိုင်ငံခြားကနေ ခဏပြန် လာပါတယ်။ သူငယ်ချင်း မနီတို့အလှူမှာ သူနဲ့တွေ့တော့ “ပွင့်ကို ပြောရဦးမယ်၊ ဦးသန့်အရေးအခင်းတုန်းကလေ….” လို့ စကားစပါတယ်။ သူက ဆက်ပြီး “ငါမှတ်မိနေတာ တစ်ခုရှိတယ်၊ ဦးသန့်ရုပ်အလောင်း ကျောင်းထဲမှာရှိချိန် တစ်နေ့မှာပေါ့၊ ငါ့အဖိုးက ငါ့ကို မနက်အစောကြီးနိုး နေတဲ့ ငါ့ကိုလမ်းလျှောက်ခေါ်လို့ လိုက်သွားတယ်။ အဖိုးရဲ့လက်ထဲမှာ စက္ကူလိတ်တစ်လိတ်ကိုင်လို့။ ကျောင်းဝင်းထဲရောက်တော့ ဘွဲ့နှင်း သဘင်ရှေ့ မြက်ခင်းပြင်မှာ ထိုင်ခုံတွေချထားတယ်။ ကျောင်းသားကျောင်းသူတွေကလည်း ထိုင်သူထိုင် လမ်းလျှောက်သူလျှောက်၊ စုစုစုစု စကားပြောသူပြောနဲ့။ ဒီအချိန်မှာ အဖိုးကလွတ်နေတဲ့ ထိုင်ခုံတစ်ခုံပေါ်ကို ပါလာတဲ့စက္ကူလိတ်ကို ချထားခဲ့လိုက်တယ်။ ပြန်လာတဲ့လမ်းမှာ ငါက အဖိုး ခုနကစက္ကူလိတ်က ဘာလဲလို့မေးတော့ ဘာမှမပြောဘဲ ငါ့ကို ပြုံးကြည့်ပြီး ကိုဖေသိန်းဟာပါလို့ပြောတယ် အဲဒါကို ငါမမေ့     ဘူး၊ ”
နောက် သူကဆက်ပြီး “ငါဆယ်တန်းရောက်တဲ့အချိန်မှာ ပန်းချီဆရာတစ်ယောက်က သူငှားနေတဲ့အိမ်က မီးမရလို့ ညညဆို ငါတို့အိမ်မှာ ပန်းချီလာဆွဲလေ့ရှိတယ်။ တစ်နေ့တော့ သူနဲ့ငါ စကားပြောနေရင်းက သူ့ရဲ့ တက္ကသိုလ်ကျောင်းသားအတွေ့အကြုံတွေအကြောင်း ရောက် သွားတယ်။ သူက ဦးသန့်အရေးအခင်းတုန်းက လက်ရေးပန်းချီရေးလို့ ဖမ်းခံထိပြီး အချုပ်ထဲမှာ သူ့ကိုပုံတစ်ပုံပြပြီး စစ်မေးတာ၊ သူ့အပြင် ပန်းချီဆွဲတဲ့ကျောင်းသားတွေကို အဓိက ရိုက်မေးတာပေါ့တဲ့”
“ငါက အဲဒီပုံက ဘာဆွဲထားတာလဲလို့မေးတော့ သူက ဦးနေ၀င်းရုပ်ပြောင်နဲ့လက်က ဟစ်တလာလိုတန်းထားပုံ လို့ထင်တယ်ကွ၊ ဘယ်သူ ဆွဲမှန်းလည်း ငါတို့မသိဘူးလို့လည်းပြောရော ငါက အဖိုးယူလာတဲ့စက္ကူလိတ်ကို သွားသတိရလိုက်တယ်။ သူ့ကိုတော့ ငါဘာမှ မပြောဖြစ်ဘဲ စကားပြတ်သွားတယ်” 
အေးနိုင်အောင်နဲ့ စကားပြောနေရာက ကျွန်မ ခဏတော့မှင်သက်သွားပါတယ်။ 

(ဆက်ပါဦးမယ်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts