မောင်တူး
Maung Too – Essay
သက်ရှိ ပန်းချီ  – အပိုင်း (၂)
မောင်တူး
ဇူလိုင် ၁၃၊ ၂၀၁၃
ထမင်းချက်ဖို့ အိုးမရှိတော့ပါ။ ကျနော်တို့တောင်ကုန်းပေါ် လက်နက်ကြီးတွေ ဒရစပ်ကျပြီး အိုးတွေလဲမှန်ကုန်ပြီ။ ခွာစစ်လဲ ဆင်ခဲ့ပြီ။ ရန်သူနဲ့ လဲဝေးသွားပြီ။ ခါးမှာလွယ်လာတဲ့ ဆန်ထည့်ထားတဲ့ ကြိုးတွေပါလာတာမို့ ဆန်ရှိပေမယ့် ချက်ဖို့ အိုးမရှိ။
ဒီအခက်အခဲ ဖြေရှင်းသူက စောကျော်ဟဲ။ စောကျော်ဟဲဟာ ကော့ကရိတ်မြို့ မှာနေထိုင်သူ ဖြစ်ပြီး ၈၈၈၈ အပြီး တောခိုတော့ သူပါလာတယ်။ ၁၉၈၈ ခုနှစ် နိုဝင်္ဘာလ ၁ ရက် ကျောင်းသားတပ်မတော်ဖွဲ့ ။ သူဟာ သူပုန်ကျောင်းသားဖြစ်လာ။ သူက ဒန်အိုး၊ ဟန်းကောတွေ မရှိပဲ ထမင်းချက်နည်းသိသူ။
ဝါးဘိုးဝါးပင် စိမ်းစိမ်းကြီးကို အောက်ခြေက ခုတ်လှဲတယ်။ ၀ါးဆစ်တဆစ်ကို တဖက်ပိတ်ထား။ တဖက်ကို ဖွင့်ထား ဆန်ထည့် ရေထည့် မီးပုံဘေးမှာ ထောင်ထားတယ်။ မီးအပူကြောင့် ရေဆူလာတဲ့အခါ ၀ါးဆစ်ကို လှည့်လှည့် ပေးပါတယ်။ ၀ါးဘိုးဝါးအဆစ် တဆစ်ဟာ ထမင်း အိုးတလုံးပဲ။ ဒါပေမယ့် ဒန်အိုးလို ဟန်းကောလို မီးနဲ့ တိုက်ရိုက်ထိလို့ မရပါ။ ၀ါးလုံး လောင်သွားမှာ ဖြစ်ပါတယ်။ မီးနဲ့ဝေးဝေး ထားတာ တောင်မှ ၀ါးခွက်စိမ်းစိမ်းဟာ မဲပြီးရင်း မဲလာပါတယ်။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ အထဲက ဆူနေတဲ့ရေတွေကလဲ ခမ်းသွားသလို ဆန်ဘ၀ ကနေ ထမင်းဘ၀ကိုလဲ ရောက်သွားပါတယ်။ ရေကုန် ထမင်းနပ်။ ဒီအခါကျရင် ၀ါးခွက် ထမင်းအိုးကို ရမ်ဘိုဓါးနဲ့ ထက်ခြမ်းခွဲလိုက်။ ပြီးရင် ငှက်ပျောဖက်ပေါ် ပုံချလိုက်။ အငွေ့  တထောင်းထောင်း ထမင်းတွေ ရပြီ။ ဆား အချိုမှုန့် ငရုပ်သီးတွေနဲ့ စားပေရော့။ ဆာလဲ ဆာလှပြီ။
ဒါကတော့ ကျနော်တို့ ကျောင်းသားတပ်မတော် ရဲဘော်တွေ စစ်မြေပြင်မှာ ၀ါးနဲ့ ထမင်းချက်စားနည်းပါ။ စစ်သားတိုင်း ဒီလိုကြုံရင် ဒီလိုချက် စားကြရမှာပါဘဲ။ ၈၈၈၈ မတိုင်ခင် ကျောင်းသားဘ၀ အိမ်မှာနေစဉ်ကတော့ ကျနော့်မေမေ၊ ကျနော့်အမ၊ ညီမ ၂ ယောက်တို့က ထမင်း ချက်ကြပါတယ်။ ထမင်းချက်ဖို့ ဟင်းချက်ဖို့ ကျနော့် အလုပ်မဟုတ်။ ချက်လဲ မချက်တတ်ပါ။ တောထဲမှာတော့ ကိုယ့်တာဝန်ကျရာ တပ်စိတ်၊ တပ်စုထဲမှာ ထမင်းအလှည်ကျ ချက်ရပါတယ်။ တောထဲ ဟင်းရွက်ရှာ စမ်းချောင်းထဲ ငါးပုဇွန်ဖမ်း၊ ထင်းရှာ ရေခပ် စောကျော်ဟဲတို့လို တောတွင်း ရှာဖွေ စားသောက်နည်း တတ်သူတွေကတဆင့် သင်ဆရာ မြင်ဆရာ ကြားဆရာတွေနဲ့  တတ်လာပါတယ်။ ၀ါးလုံးသေးသေး ရှည်ရှည်နဲ့ သံလျှင် ကျိုက်ခေါက် ဘုရားပွဲ မှာ ခဲတံကျည်တောက် ဖုတ်တာ မှတ်မိကြမှာပါ။ ဒီသဘောပါဘဲ။ ဟင်းချက်ရင်လဲ ငါး ငရုပ်သီး ကြက်သွန်တွေ ရေနဲ့ရောပြီးထည့်။ မီးဘေးမှာထောင်ပြီးကင် အဲသည်မှာ ရေဆူရင် ငါးကျက်သွားရင် ဟင်းဖြစ်တာပါဘဲ။
တောထဲက သူပုန်ကျောင်းသားဘ၀ပြန်စဉ်းစားမိတော့ စစ်တိုက်ရင်း ထမင်းဟင်းအချက်ကောင်းသူ ပုံပြောကောင်းသူ၊ စာနဲ့ ကဗျာရေး ကောင်းသူ တဦးကိုသွား သတိရမိပါတယ်။ သူက ကိုတိုက်မောင်းပါ။
အညစ်စရိုက် မသွင်းလေနဲ့ စစ်တိုက်ခြင်းတွေနဲ့ ပျော်ရအောင်။လူထုထံအရောက်သွား အားပြပါမောင်။ ။
(ရဲထိန်)
ဒီကဗျာတစကို ၁၉၉၀ ကျော်နှစ်များဆီကထုတ်ဝေခဲ့တဲ့ ဒေါင်းအိုဝေစာစောင်တခုမှာ ဖတ်ခဲ့ရပါတယ်။ ကဗျာရေးသူ ရဲထိန်ဟာ ၆၀၁ တပ် ရင်းမှူး ကိုတိုက်မောင်းတဲ့။
ကိုတိုက်မောင်း (ရဲဘော်တိုက်မောင်း) ဟာ  အမည်အရင်း မင်းအောင် ပါ။ ၁၉၆၂ ခုနှစ် ၁၃၂၆ တန်ခူး လဆန်း ၁၀ ရက်တွင် ပဲခူးတိုင်း၊ ဒိုက်ဦးမြို့ နယ်၊ နှင်းဝိ ကျေးရွာ၌ ဦးဟံသနှင့် ဒေါ်သန်းမြင့်တို့မှ မွေးဖွား။ မွေးချင်း ၅ ယောက်အနက် အကြီးဆုံးသား။ ၁၉၈၂ ခုနှစ် ၁၀ တန်းအောင်။ ၁၉၈၆ ခုနှစ် စာပေးစာယူဖြင့် သင်္ချာဘွဲ့ ရ။ မူလတန်းဆရာအဖြစ် အိမ်ခြေ လေးဆယ် တွဲဘက် (အ- ထ-က) ကျောင်း၌ ၀င်ရောက် လုပ်ကိုင်။ ရှစ်လေးလုံး လူထုအုံကြွမှုကြီးတွင် တက်ကြွစွာ ပါဝင်လှုပ်ရှား၊ ၁၉၈၈ ခုနှစ်တွင် ပအိုဝ်း တော်လှန် ရေး နယ်မြေသို့ ရောက်ရှိခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် KNU နယ်မြေ (မကဒတ) ဗဟို၌ တပ်ရင်း (၆၀၁) ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်း ဆောင်ခဲ့ပြီး၊ (မကဒတ) ဒုတိယ အကြိမ် ညီလာခံကို ညီလာခံ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့ သည်။ တပ်ရင်း (၆၀၁)တွင် ပြန်၍ ၁၉၉၀ ခုနှစ်မှ ၁၉၉၁ ခုနှစ်ထိ တပ်ခွဲမှူး တာဝန်၊ ၁၉၉၁ ခုနှစ်မှ ၁၉၉၅ ခုနှစ်ထိ တပ်ရင်းမှူး တာဝန်ကို ထမ်းဆောင်ခဲ့သည်။ တော်လှန်ရေး နယ်မြေ စာစောင် အသီးသီးတွင် တိုက်မောင်း၊ ရဲထိန်၊ ဒီရဲ၊ ဗိုလ်တိုက်၊ ကေးကေးဇံ စသည့် ကလောင်အမည်များဖြင့် ကဗျာများ ရေးသားခဲ့သည်။ ၁၉၉၅ ခုနှစ် ဧပြီလ ၂၆ ရက်နေ့တွင် တော်လှန်ရေး နယ်မြေ တနေရာ၌ ကျဆုံးခဲ့သည်။ (ငုရင်ပြင် ၀က်ဘ်ဆိုဒ်မှ)
သူဟာ စစ်အာဏာရှင် ဆန့်ကျင်ရေးကဗျာတွေအပြင် ကျောင်းသားတပ်တွင်းနဲ့ အဖွဲ့ အစည်းအတွင်း ဝေဖန်ရေးကဗျာတွေကိုလဲ ရေးခဲ့သူ ပါ။ မြ၀တီမင်းကြီးဦးစတို့လို နတ်ရှင်နောင်တို့ လို စာဆိုစစ်သည် စစ်သည်စာဆိုလို့ အသေအချာမပြောနိုင်ပေမင့် စစ်တိုက်ရင်း လူထုစည်း ရုံးရင်း ကဗျာလင်္ကာတွေ ဖွဲ့သီခဲ့သူပါ။
(ကျောင်းသားခေါင်းဆောင်)
ထောင်ချတိုက်ပိတ်
နှိပ်စက် မီးရှို့
ပြာတို့ကြွင်းလည်း …။
ဝိညာဉ် နိုးကြွ
မျိုးဗီဇကြောင့်
ပြာကထလောင်
ပြောင်စေ့မယ်။ ။
ရဲထိန် (ခ) တိုက်မောင်း
ပုရစ်တွေ
ရဲထိန်
အသံနဲ့ပျော်
ပုရစ်တွေ အော်ကာစဲ။
လူ့အကျိုး သူမဖြည့်နိုင်ဘူ့
ဟိုရွှေ့ထိုင် ဒီခုန်ကူးနဲ့ 
ကြည်နူးကာ သံကုန်ဟဲတော့
နားညည်းတဲ့ပွဲ။ ။
(ကမ္ဘာတ၀န်းလုံးရှိ အာသမားများအတွက် တိုက်ရိုက်ရည်ညွန်းသည်။) ၂၈/၁၂/၈၈တောင်ကုန်း အမှတ် ၃
ကိုတိုက်မောင်းဟာ တပ်ရင်းမှူးပေမယ့် အောက်ခြေရဲဘော် တယောက်လိုနေပါတယ်။ ရိက္ခာဆန်တွေဝင်ထမ်းနေတာ၊ ငါးပိပုံးတွေထမ်းနေ တာတွေ့ ရသလို၊ အားလုံးစားဘို့ မန်ကျီးရွက် တက်ခူးတာမျိုးတောင် တွေ့ ရပါတယ်။ အရာရှိပုံနဲ့ မနေပါဘူး။ တော်လှန်ရေး တပ်မှူးတဦး ပီသသူပါ။
သူ့တပ်မှာ အပတ်စဉ် ကဗျာရွတ်ပွဲလုပ်ပါတယ်။ စစ်ပူနေချိန်မှာတောင် ကဗျာရွတ်ပွဲကို လုပ်ဖြစ်အောင် လုပ်ပါတယ်။ တပ်ရင်း ၆၀၁ က ရဲဘော်တွေဟာ ကဗျာဆရာတွေ ဖြစ်လာပါတယ်။ ဒါက ကိုတိုက်မောင်းရဲ့ လုပ်ရပ်ပါ။ ရဲဘော်တွေကို ကရင်စာ၊ ပအိုဝ်စာ၊ ရှမ်းစာ နဲ့ အင်္ဂလိပ် စာတွေ သင်စေပါတယ်။ တောထဲမှာ နေပေမယ့် ပညာမဲ့ မသွားအောင်လို့ တဲ့။ ကိုတိုက်မောင်းနဲ့ ဆွေးနွေးစဉ် ၁၉၉၅ ခုနှစ်က သူပြောခဲ့တာပါ။
ကရင်ပြည်နယ်၊ ဖါပွန်မြို့ နယ်၊ သံလွင်မြစ်နံဘေးမှာ ၁၉၉၅ ခုနှစ် သင်္ကြန်ပြီးစ ပိတောက်နံ့တွေ လှိုင်နေချိန် သူကျဆုံးသွားခဲ့တာပါ။ ကျနော် တို နဲ့ အတူနေရင်း ကျဆုံးခဲ့တယ်လို့ တောင် ပြောနိုင်ပါတယ်။ သူဟာ ကျောင်းသားတပ်မတော်ရဲ့ တပ်မှူးကောင်းတဦးပါ။ ရဲဘော်ကောင်း တဦးလဲ ဖြစ်ပါတယ်။ သူ ကျနော်တို့ကိုခွဲသွားခဲ့တာ ၁၈ နှစ်ရှိခဲ့ပါပြီ။ ဒါပေမယ့် ကိုတိုက်မောင်းရဲ့ သံလွင်မြစ်ဘေး လမ်းကလေးမှာ လမ်း လျှောက်နေပုံကို အခုထိ အမှတ်ရနေဆဲ။ ။
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts