ဇွန်ပွင့် လူများ၊ ရုပ်ပုံလွှာများ ဖြစ်ရပ်များ၊ အမှတ်တရများ

ဦးဖေသိန်း ကိုးဆယ် အမှတ်တရ

ဦးဖေသိန်း ကိုးဆယ် အမှတ်တရ
ဇွန်ပွင့်၊ ဇန်န၀ါရီ ၂၂၊ ၂၀၁၄
(သူ့ဖေ့စ်ဘွတ်က ယူပါတယ်)

ဖေဖေ့ အသက် နှစ်ကိုးဆယ်ပြည့်အမှတ်တရပွဲ လုပ်ဖို့ ကာတွန်းဆရာများနဲ့ မိသားစုတို့ စီစဉ်နေချိန်မှာ ကျွန်မရေးထားတဲ့ ဖေဖေ့အကြောင်းတွေထဲက ” သက္ကရာဇ်များနဲ့ ဖေသိန်း” ကို အမှတ်တရ တင်ပြလိုက်ပါတယ်။

ဖေဖေ့အကြောင်း ( ၁၆ )

ဖေဖေက နှစ်ကူးတိုင်း ခုနှစ်သက္ကရာဇ် ဂဏန်းကို ကာတွန်းလုပ်ပြီး မဂ္ဂဇင်းစာစောင်များမှာ ရေး ဆွဲလေ့ရှိပါတယ်။ (ဥပမာ- ၁၉၇၁ခုနှစ်ကနေ၁၉၇၂ခုနှစ်ကူးတဲ့ ၁-၁-၁၉၇၂ နေ့၊ သတင်း ဂျာနယ်က ကာတွန်းတစ်ကွက်ပါ)၊

၁၉၅၅၊ ၁၉၆၆။ ၁၉၇၇၊ ၁၉၈၈ ခုနှစ်တို့ကိုလည်း ကာတွန်းနဲ့ အထူး သရုပ်ဖော်ရေးဆွဲ လေ့ ရှိပါ သေးတယ်။ ဥပမာ – ၅-၅-၅၅၊ ၆-၆-၆၆၊ ၇-၇-၇၇၊ ၈-၈-၈၈ နေ့ရက်တွေဆိုရင် သူ ထည့်တဲ့ မဂ္ဂဇင်း ဂျာနယ်တိုင်းလိုလိုမှာ Idea မထပ်စေဘဲ ရေးဆွဲလေ့ရှိပါတယ်။

ဒီလိုအတွေးမျိုး ဘယ်တုန်းက စရခဲ့တာလဲ။

ဂျပန်ခေတ်မှာ ဖေဖေက ပုသိမ် အာရှလူငယ် အစည်းအရုံးဝင်ဖြစ်ပါတယ်။ ပုသိမ်မှာ သံမဏိ မောင်မောင်က ဦးဆောင်ပါတယ်။ လူငယ်တွေဟာ ညဦးပိုင်းမှာ နှစ်ယောက်၊ ညနက်ပိုင်း နှစ်ယောက် အလှည့်ကျ ကင်းစောင့်ကြရပါတယ်။ အဲဒီနေ့က ဖေဖေနဲ့ သူငယ်ချင်း တစ်ယောက်က ညနက်ပိုင်းတာဝန်ပါ။

ဖေဖေတို့သူငယ်ချင်းနှစ်ယောက် အိပ်ချင်မှာစိုးလို့ စကားတပြောပြောနဲ့ နေတုန်းမှာ သူက-

“ဒီနေ့က နေ့ထူးဗျလို့ ပြောတယ်”

“ဘာနေ့မို့လဲ”

“လေးရက် လေးလ လေးဆယ့်လေးလေး(၄-၄-၄၄) လေဗျာ၊ ဒီလိုနေ့မျိုးက ဆယ့်နှစ်မှ တစ် ကြိမ်ကျတာ”

“အေးဗျ နေ့ထူးပဲ”

-လို့ ဖေဖေက မှတ်ချက်ချရင်းကနေ တစ်နှစ်ကူးချိန်နဲ့ နေ့ထူးတွေကို အမြဲသတိထားနေခဲ့ရာ က ကာတွန်းဆရာလည်းဖြစ်ရော ခုလို ရေးဖြစ်တော့တာပဲ။

ဒါကြောင့်လည်း ဖေဖေဟာ ၈-၈-၈၈ နေ့မှာ စာပေစိစစ်ရေးက ချယ်ရီမဂ္ဂဇင်းထဲက တစ်မျက်နှာကာတွန်းနဲ့ သြဂုတ်လထုတ် ပုံပမာကာတွန်း(လစဉ်)အဖုံးအတွက် စာပေစိစစ်ရေးကို ဖြေ ရှင်းဖို့သွားရာမှာ အဲဒီနေ့က ရန်ကုန်တစ်မြို့လုံးက အစိုးရ၀န်ထမ်းတွေ လမ်းပေါ်တက် ချီတက် ဆန္ဒပြဖို့ သွားကြတဲ့အတွက် ရုံးစောင့်ပဲရှိလို့ ပြန်ခဲ့ရပါတယ်။

ဖေဖေဟာ ၁၉၉၈ခုနှစ်မှာ လေတစ်ခြမ်းဖြတ်သွားတာကြောင့် ၉-၉-၉၉ နေ့ကို မရေးဆွဲနိုင်ခဲ့တော့ပါဘူး။ ဒါပေမယ့် သူ့ရဲ့ မှတ်စုထဲမှာတော့ တေးထားပြီးသား ဖြစ်နေပါတယ်။

“ကိုး-ကိုး-ကိုးကိုး ကဏန်းတွေသုံးပြီး ကိုးန၀င်းနဲ့ ဓာတ်ရိုက်ဓာတ်ဆင်ပေမယ့်  တကယ်တော့…. “၆န၀င်း” ပါပဲ ” ၁၉၉၉ခုမှာလည်း မဆလခေတ် ဦးနေ၀င်းရဲ့ အာဏာရှိနေကြောင်းကို ကာတွန်းနဲ့ သရော် ထားတာပါ။

သက္ကရာဇ် ၂၀၀၀ပြည့်နှစ်ကိုလည်း တစ်မျက်နှာကာတွန်းရေးဆွဲပြီးသား ဖြစ်နေပါတယ်။

“ဖေသိန်းနဲ့ဂဏန်း၊ ဂဏန်းနဲ့ဖေသိန်း” ဖေသိန်း ဂဏန်းအညှပ်ခံရတာကိုတောင် မမှုခဲ့ကြောင်း ဒီပုံတွေက သမိုင်း ပြယုတ်တစ်ခုပဲလို့ ကျွန်မ ဆိုချင်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts