မောင်တူး
Maung Too – Articles
သက်ရှိ ပန်းချီ – အပိုင်း (၁၀)
မောင်တူး
သြဂုတ် ၉၊ ၂၀၁၃
ကရင်နီ ခေါင်ရည်၊ ကယားမီးဖြတ်၊ အခါးရည်နဲ့  ကျောင်းသားတပ်မတော် ရဲဘော်ကျော်စွာ (ကျဆုံး)
ခေါင်ရည် ကတော့ ကယား (ကရင်နီ)ခေါင်ရည် ဖြစ်ပါတယ်။ အရက် အဆင့် မဟုတ်ပေမယ့် ဆန်ကို ချက်၊ နှံစားပြောင်း (ပြောင်းကောက်) နဲ့ ရော စိမ်ပြီး စဥ့်အိုးနဲ့ ဒါမှမဟုတ် ၀ါးဆစ်ဗူးနဲ့ ထည့် ခေါင်ဖေါက် ထားတာပါ။ ခေါင်ရည်၊ ခေါင်ကျရည် စသဖြင့် ခေါ်ကြတာပေါ့။ ၀ါးပြောင်းနဲ့ စုတ် သောက်တယ်။ သင်္ဘောပင် အရိုးနဲ့ နဲ့ စုပ်သောက်တယ်။ ခေါင်းစုပ်တယ် ခေါ်တာပေါ့။ အိုးထဲကနေ သောက်ရေခွက်ထဲ ငှဲ့ ထည့်ပီး လဲ သောက်ကြပါတယ်။ ကယားပြည်နယ် ကရင်နီ ဒေသ မှာတော့ ခလေး လူကြီး အပျို အအို မရွေး အကုန် သောက်ကြတယ်။ သူတို့ ရိုးရာလေ။ ကယားရိုးရာ ခေါင်ရည်။ အရက်လို မမူးဘူး။ ဒါပေမယ့် သောက်ပြီးရင် အိပ်တယ်။ ထမင်းမဆာဘူး။
မီးဖြတ် ကတော့ မီးတောက် အရက်ပြင်းပြင်းပါ။ ကယား မီးဖြတ်လို့ ပဲ ခေါ်ကြတယ်။ ကရင်နီ မီးတောက် အရက်လို့ လဲ ခေါ်ကြပါတယ်။ တော်တော်မူးတာနော်။ လွိုက်ကော်၊ ဒီးမောဆို ကယားပြည်နယ်ထဲက မြို့ တွေ ရွာတွေမှာကော ထိုင်းမြန်မာနယ်စပ် ကရင်နီ ဒုက္ခသည် စခန်းတွေနဲ့  ထိုင်းဘက်ခြမ်းက ထိုင်း-ကယား ရွာတွေမှာရော မီးဖြတ် အရက်ချက် သောက် ကြတယ်။ ရောင်းလဲ ရောင်းကြပေမယ့် ကိုယ်တိုင်ချက် ကိုယ်တိုင် သောက်ကြတာက များပုံရပါရဲ့။ ဗမာ တပြည်လုံးက ရိုးရာ အရက်တွေထဲမှာတော့ ကယားမီးဖြတ်က ထိပ်ခေါင်။ အရက်ထဲကို လက်ညှိးနှစ်လိုက် အရက်နဲ့  စိုနေ တဲ့ လက်ကို မီးခြစ်ပြီး ရှို့ ကြည့်။ ပြာလဲလဲလေး တောက်တယ်။
အခါးရည်ကတော့ လက်ဖက်ရည်ကြမ်း ပါဘဲ။ ဒါပေမယ့် ကယား တိုင်းရင်းသား အိမ်တွေ ရောက်တိုင်း အခါးရည် သောက်မလား၊ ခေါင် သောက်မလား၊ မီးဖြတ် သောက်မလား မေးကြတာက ထုံးစံလိုလို။ ဧည့်သည်တိုင်းကို ဧည့်ခံလေ့ရှိတယ်။
၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက် န၀တ စစ်တပ် အာဏာသိမ်းအပြီး ကျောင်းသားတွေ အပါအ၀င် လူ ၃၀၀၀ လောက်ကို ပစ်ခတ် သတ်ဖြတ် ခဲ့တယ်လို့ မှတ်တမ်းတွေအရ သိခဲ့ရတယ်။ ဒီလို သပိတ် တပ်သားတွေ ကျဆုံးခဲ့ရလို့ ၊ ကိုယ့်သူငယ်ချင်းတွေ သေခဲ့လို့   ကိုယ့်အဖ ကိုယ့်ညီမ ကိုယ့်ညီ ကိုယ့် ဆရာ ကိုယ့်ဆရာမတွေ မဆလ စစ်တပ်ရဲ့ အပစ်သတ် ခံခဲ့ရလို့ ကျောင်းသားတပ်မတော်ကို ရောက် လာ ကြသူတွေပါ။ အခုကတော့ အရေးတော်ပုံကြီး မွေးဖွားခဲ့တာ ငွေရတု တိုင်ပါပြီ။ ၁၉၉၅ ခုနှစ် မှာ တုန်းကတော့ ကျနော် ရောက် နေခဲ့ တာက ကျောင်းသားတပ် ဌာနချုပ် ရှိရာလဲဖြစ်၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (ကေအင်န်ပီပီ) ဌာနချုပ် အနီးလဲဖြစ်တဲ့ ကယားပြည်နယ်၊ ရှားတောမြို့နယ်ထဲမှာပါ။
ကရင်နီ ဆိုတာကတော့ လူမျိုးစုကြီး တခုလုံးရဲ့ နာမည်ပါ။ ကရင်နီ လူမျိုးစုထဲမှာ ကယား၊ ကယန်း၊ ကယော၊ ဂေခို၊ ဂေဘား၊ မနူး၊ မနော၊ ယင်းဘော်နဲ့ ယင်းတလဲ လူမျိုးတွေ ပါဝင်တယ်လို့ အကြမ်းဖျဉ်း သိထားပါတယ်။ ယင်းတလဲ လူမျိုးဟာ လူဦးရေ ၁၀၀၀ ၀န်းကျင်ပဲ ရှိပါတော့မယ်။ ကရင်နီ ရိုးယာပဲ ဆို ပါစို့ အမျိုးသမီးတွေဟာ မယ် ကို နာမည်ရှေ့ ထည့်ပါတယ်။ မလှ ဆိုရင် လှမယ်ပေါ့။ မယ်အစား မြာ ကို သုံးတဲ့ ဒေသတွေလဲ ရှိပါတယ်။ မလှ ဆိုရင် လှမြာပေါ့။ မဌေး ဆိုရင်း ဌေးမြာပေါ့။ ကျနော့် သူငယ်ချင်း ကျောင်းသားတပ်ရင်း ၂၁၀ က အရမ်းသဘောကောင်းတဲ့ ရဲဘော် နွေအောင်ရဲ့ ဇနီးနာမည်က ဌေးမြာ။ ကယား အမျိုးသမီးတွေဟာ အ၀တ်နီတွေ ၀တ်ကြပါတယ်။ အတွင်းခံလဲ အနီဘက် ယိမ်းတဲ့ ပန်းရောင် ရင့်ရင့်ပါ။ အပေါ်ယုံ ခြုံလွာကတော့ အနီရောင်ရင့်ရင့်။ ထူးခြားချက်က ကယား အမျိုးသမီး တွေရဲ့ ဒူးခေါင်းမှာ ခပ်မာမာ အနက်ရောင် ကြိုးမျှင်သေးသေးလေးတွေကို ဒူးခေါင်းပျောက်အောင် ပတ်ထားကြ တာပါပဲ။ သူတို့ ရဲ့ အကဟာလဲ အုပ်စုဖွဲ့ အကပါ။ စုပေါင်း ကပြကြရင် တော်တော် ကြည့် ကောင်း ပါတယ်။ ကယားရိုးရာ တံခွန်တိုင်ပွဲ၊ ကေ့ထျိုးဘိုးပွဲနဲ့ ဒီးကူပွဲ တွေဟာလဲ ထင်ရှားပါတယ်။
ကျနော် ရောက်နေခဲ့ချိန် ကရင်နီဒေသ၊ ကယားပြည်နယ်၊ ရှားတောမြို့နယ်၊ နောင်လုံ ခံစစ်တောင်ကုန်း စခန်း ၁၉၉၅ ခုနှစ်ပါ။ ကျနော်တို့ ကျောင်းသား တပ်မတော် ဌာနချုပ် ဒေါင်းခွင်က ဆုတ်အပြီး ကရင်နီ ဒေသမှာ အခြေစိုက်ချိန်ပေါ့။ နောင်လုံ တောင်ကုန်းကို နအဖ အစိုးရတပ်တွေက ၀င်တိုက်ပါတယ်။ တိုက်ပွဲ အကြီးအကျယ် ဖြစ်ခဲ့ပါတယ်။ ဒီမှာ လက်တွဲခဲ့ကြသူတွေထဲ ကျောင်းသားတပ်မတော် တပ်ရင်း ၄ က ရဲဘော်ကျော်စွာကို မှတ်မိနေပါတယ်။ ဒါပေမယ့် သူကတော့ မရှိတော့ပါ။ ကျဆုံးသွား ခဲ့ပါပြီ။
သူကျဆုံးချိန် ရှားတောမြို့ နယ်ထဲမှာ ဆိုပေမယ့် သူနဲ့ ကျနော် စတွေ့ ခဲ့တာကတော့ ဒေါင်းခွင်မှာပါ။ သူနဲ့ သူ့ သူငယ်ချင်းရဲဘော်တွေနဲ့ ကျနော်တို့ တနှစ်လောက် အတူနေခဲ့ပါတယ်။ အဲ့ဒီတုန်းက သူတို့  တပ်ရင်းက တပ်ရင်း ၄ မဟုတ်သေးပါ။ တပ်ရင်း ၈၀၁ ဖြစ်ပါတယ်။ ကျောင်းသားတပ်မတော် တပ်ရင်း တွေဟာ ၁၉၈၈ ခုနှစ် နိုဝင်္ဘာလမှာ စတင်ဖွဲ့ စည်းခဲ့ကြပါတယ်။ အဲ့သည်နောက် မြန်မာပြည် ထိပ်ပိုင်း ကနေ အောက်ဆုံးထိ ရှိခဲ့ပါတယ်။ ကရင်နီနယ် ဟွေစေတီ စခန်းကို ကယားပြည်ထဲက သပိတ်မှောက် ကျောင်းသားတွေ ၁၉၈၈ စက်တင်ဘာလ ၁၈ ရက် အာဏာသိမ်းအပြီး ရောက်လာကြပါတယ်။ ကျောင်းသား တပ်ရင်း ၃၀၃ ဖွဲ့ ခဲ့ပါတယ်။ ထို့ အတူ ရှမ်းနယ်မြေမှာလဲ ကျောင်းသား တပ်ရင်း ၈၀၁ ကို ဖွဲ့ စည်းခဲ့တာပေါ့။ ပအိုဝ်နယ်မှာ ဆိုရင် တပ်ရင်း ၆၀၁ ပေါ့။ ကရင်နယ်မှာဆိုရင် ၂၀၁၊ ၂၀၂၊ ၂၁၂၊ ၂၁၄၊ ၂၁၆ ကနေ ကျနော်တို့ တပ်ရင်း ၂၀၅ နဲ့  တပ်ရင်းမှူး ရဲဘော်လှတိုး (ကျဆုံး)ရဲ့ တပ်ရင်း ၂၀၈ နဲ့  ရဲဘော် ၀လုံး (ကျဆုံး) တို့ ရဲ့ ၂၀၉ တပ်ရင်း အထိ ရှိခဲ့ပါတယ်။ မွန်နယ်မှာဆို ၁၀၁ နဲ့ ၁၀၂ တပ်ရင်းတွေပေါ့။
ကျော်စွာဟာ ၈၀၁ ကပါ။ ကျော်စွာတို့ တပ်ရင်းအခြေစိုက်တဲ့ ရှမ်းနယ်ကို နအဖ ထိုးစစ် ပြင်းထန် လွန်း လို့ ဒါးခွင်ကို ၁၉၉၃ လောက်မှာ ဆုတ်လာကြတယ်။ ကျနော်တို့ တပ်ရင်းမှာ လာပြီး ပူးပေါင်း နေထိုင် ကြပါတယ်။ သူတို့ တပ်ရင်း ၈၀၁ တခုလုံးဟာ ကယန်းလူမျိုးတွေချည်းပါဘဲ။ ကျနော်တို့ လဲ သူတို့ နဲ့  နေလာတာ ကြာတော့ ကယန်းစကားကို ထမင်းစားရေသောက် နားလည်လာပါတယ်။ ဒါပေမယ့် ကျော်စွာကတော့ ကယားနဲ့ ကယန်း ရှမ်းနယ်စပ် လွိုင်လင်လေးမှာ နေခဲ့တဲ့ မြန်မာလူမျိုးပါ။
ကျနော်တို့ ဒေါင်းခွင်ကို အစိုးရမသိမ်းနိုင်ရေး ခုခံ ကာကွယ် စစ်ပွဲကို ၁၉၉၄ ခုနှစ်မှာ အတူ တွဲပြီး တိုက် ခဲ့ ကြပါတယ်။ ရဲဘော် ကျော်စွာဟာ အရပ်ရှည်ရှည်၊ မျက်လုံးတောက်တောက်၊ မျက်ခုံးထူထူ၊ အသား ဖြူဖြူနဲ့ ကြည့်ကောင်းသူပါ။ ကျောင်းသားတပ်မတော် စစ်ဝတ်စုံ ၀တ်ထားလိုက်ရင် တကယ့် စစ်သား ကြီး ပါဘဲ။ ကျော်စွာဟာ လက်နက်ကြီး လက်နက်ငယ် မိုင်းထောင် မိုင်းရှာ ကျွမ်းကျင်သူပါ။
“မိုင်းထောင်တယ် မိုင်းရှာတယ်ဆိုတာ ဘယ်လောက်ကျွမ်းကျွမ်း လွဲချော်တတ်တယ်။ လွဲချော်သွားရင်တော့ အသေနဲ့ အပြတ်ပဲ။ ကောင်း တာ ဘာမှ မရှိဘူး။ ဒီတော့ မိုင်းရှာ မိုင်းဖြုတ်တဲ့ အလုပ်ကို ငါဘဲ လုပ်မယ်ကွ။ ”
ဒါက ကျော်စွာ ၂၀၀၄ ခုနှစ်လောက် ဒါးခွင် မကျရေး ခုခံ စစ်ပွဲတွင်း ပြောခဲ့တာပါ။ တောင်ဆင်း တောင် တက် ရေခပ် ထင်းရှာ ထမင်းချက် ကင်းစောင့် နေရာအစုံမှာ ကျော်စွာက အနစ်နာခံ လုပ်ပါတယ်။ ဒါပေမယ့် သူ ဟာ မတရား ခိုင်းရင် မတရား အမိန့် ပေးရင် မခံတတ်ပါ။ အရာရှိကို ပြန်ပြော တတ်ပါ တယ်။ ဒါကြောင့်လဲ သူ အချုပ် ကျတတ်ပါတယ်။ သူ အချုပ်ကျစဉ် စားစရာနဲ့  ဖတ်ဘို့  ဒေါင်းအိုးဝေ စာအုပ်တွေ သွားပို့ ပေးရတာ ခနခနပါဘဲ။
ဒေါင်းခွင်ကို ကျနော်တို့ ကျော်စွာတို့ ပါဝင် ကာကွယ်ခဲ့ကြတယ်။ ဒါပေမယ့် ရန်သူက အင်အား အလုံး အရင်းနဲ့ ဆိုတော့ ကျနော်တို့ ခွာစစ်ဆင်ခဲ့ရပါတယ်။ ဒါတောင် ရန်သူတွေ စ ၀င်လာချိန် ရှေ့ မှာ ကျွံနေတဲ့ ကျနော်ကို ကျော်စွာလာခေါ်လို့ အချိန်မှီ ပြန်ဆုတ်နိုင်ခဲ့တာပါ။ သူသာ လာမခေါ်ရင် ကျနော် ရန်သူကြားမှာ ညပ်မယ့် သဘော။ ဒါပေမယ့် ဒေါင်းခွင်ကတော့ ကျသွားခဲ့ပါတယ်။ ၁၉၉၄ ခုနှစ် နှစ်ကုန်ပိုင်းလောက်ထင်ပါတယ်။
အဲသည်နောက် ကျနော် တို့ လဲ ဗဟိုတခုလုံး ကရင်နီနယ်ထဲ ရွှေ့ ခဲ့ရတာပေါ့။ နအဖ အစိုးရ ခေါင်းဆောင် တဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ခင်ညွန် နဲ့ ကေအင်န်ပီပီ တို့ အချက် ၁၆ ချက်ပါတဲ့ နှုတ် သဘောတူညီချက်နဲ့  အပစ်အခတ် ရပ်ထား ချိန် ၁၉၉၅ ခုနှစ်မှာ ဗိုလ်ချုပ်ကြီး ခင်ညွန့် တို့ ဘက်က စစ်ချီ စစ်တက် မလုပ်ရဆိုတဲ့ အချက်ကို ချိုး ဖေါက် လာတာမို့ ကရင်နီ ဘက်က စခန်းတွေ တခုပြီး တခု ဆုံးရှုံးခဲ့ရာက နောက်ဆုံးမှာ ပြန်တိုက်ရ ပါ တော့တယ်။ ဒါကြောင့် လဲ ကရင်နီ နယ်မြေမှာ ၁၉၉၅ ခုနှစ် မတ်လ ၂၁ ရက် အပစ်အခတ် ရပ်ခဲ့တယ် ဆိုပေမယ့် ၁၉၉၆ ခုနှစ် ဇွန်လလောက်မှာ တိုက်ပွဲတွေ ပြန်ဖြစ်ပါတော့တယ်။
နောက်ဆုံးတော့ လွိုက်ကော် အခြေစိုက် ခလရ ၅၄၊ ငွေတောင်အခြေစိုက် ခလရ ၁၀၂ နဲ့ တခြား တပ်ရင်းတွေဟာ နောင်လုံတောင်ကုန်းကို ၀င်တိုက်ပါတော့မယ်။ နောင်လုံက ကျောင်းသား ဗဟို လုပ်ထားချိန်။ ဒီတိုက်ပွဲမှာ နအဖ တပ်တွေ ဘက်က တော်တော် ထိခိုက် ကျဆုံးခဲ့တယ်။ ဒါပေမယ့် ကျနော်တို့ ဆုတ်ပေးလိုက်တယ်။ အဲသည်နောက် ကရင်နီ သူပုန် ခံစစ် ညာမိုတောင်ကုန်း နဲ့ နီး ရာမှာ ရွေ့ ပြောင်း စခန်းချခဲ့ကြပါတယ်။ အဲ့သည်ရောက်တော့ ရဲဘော် ကျော်စွာ အိမ်ထောင်ကျသွားတယ်။
သူကျဆုံး ချိန်မှာတော့ ကျနော် သူ့ အနားမှာ မရှိပါဘူး။ ကျနော်က ကျောင်းသားတပ်မတော် ပြန်ကြားရေး တာဝန်နဲ့ ကရင်နယ်စပ်ဘက်မှာ သတင်းလုပ်ငန်းတွေ လုပ်နေချိန် သူ ကျဆုံးသွားခဲ့ တာပါ။ မိုင်းထိ ကျဆုံးခဲ့ပါတယ်။
ရဲဘော်ကျော်စွာ ပြောခဲ့ဘူးတဲ့ စကားတွေ အခု အခါ ကျနော် ကြားယောင်နေပါတယ်။ “ကျနော်တို့  မတရားတဲ့ သူတွေကို တိုက်ရမယ်။ အနိုင်ကျင့်တဲ့ သူတွေကို” တဲ့။ သူ ပြောလေ့ရှိတဲ့ စကားပါ။ သူဟာ နိုင်ငံရေး စကားကို မပြောတတ်ပါ။ မခံချင်စိတ်ကြောင့် ကျောင်းသားတပ်ထဲ ရောက်လာသူပါ။ သူ့  ပတ်ဝန်းကျင်မှာရှိတဲ့ နအဖ တပ်တွေရဲ့ အနိုင်ကျင့်မှူတွေ အဓမ္မမှုတွေကြောင့် ခံပြင်းစိတ်နဲ့  ကျောင်းသားတပ်မတော်သား ဖြစ်လာသူပါ။ သူပြောတဲ့ အတိုင်းဘဲ တိုက်ရင်း ကျဆုံးသွားခဲ့ပါပြီ။
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts