ဇွန်ပွင့်

Zun Pwint – Essay

ဖေဖေ့အကြောင်း
ဇွန်ပွင့်
သြဂုတ် ၁၁၊ ၂၀၁၃

ကုန်ပစ္စည်းကြော်ငြာနဲ့ ဖေဖေ့ idea တွေဟာ ခုချိန်ထိ ဆန်းသစ် နေဆဲ ဆိုတာ ကတော့ မငြင်း နိုင်ပါဘူး။ ဖေဖေကာတွန်းစဆွဲကတည်းကပင် လုပ်ငန်း၊ ကုန်ပစ္စည်းကြော်ငြာတွေကိုပါ လက်ခံ ရေးဆွဲနေပါပြီ။ ၁၉၅၀-၆၀ ပြည့်နှစ်အတွင်း လူအမြင်များတဲ့ ကြော်ငြာတွေကတော့ “ပွင့် ကောင်း ငပိနဲ့ ငံပြာရည်” ပစ္စည်း တစ်မျိုးတည်းကိုပဲ idea အမျိုးမျိုးနဲ့ ကြော်ငြာ ထားတာပါ။ “ခရက်(စ်) ဖောင်တိန်”၊“ရွှေဥဒေါင်းမင်းလုံချည်”၊ စစ်သူကြီးသက္ကလပ်စောင်ခြုံထည်၊ ဆင်နှစ်ကောင် ဆေးပြင်းလိပ် တို့ကိုလည်း ကြော်ငြာရေးဆွဲခဲ့ပါတယ်။  
၁၉၅၀ပြည့်လွန်နှစ်များမှာတော့ ဆရာကြီး ဦးဘဂျမ်းရဲ့ လက်ရာနဲ့ ဖေဖေ့လက်ရာဟာ အတွေ့ နည်းသူတွေအတွက် ဝေခွဲမရဘဲ ခပ်ဆင် ဆင် ဖြစ်နေတတ်ပါတယ်။ အမှတ်မှားတတ်တဲ့ ပုံက တော့ ဆရာကြီး ဦး ဘဂျမ်းရဲ့ “အောင်ဆုပန်”ထီလက်မှတ် ကြော်ငြာလက်ရာကို ဖေဖေရေး တာလို့ ထင်ကြပါတယ်။ ကိုယ်ထုတ်တဲ့ ဂျာနယ်ကိုလည်း ကိုယ်ဖာသာ ကြော်ငြာလိုက်ပါသေး တယ်။ အလင်္ကာကျော်စွာဘွဲ့ရ ဆရာကြီး ဦး ဘဂျမ်းကို ဂုဏ်ပြုလေးစားသောအားဖြင့် “ဘဂျမ်း ဂျာနယ်ပြောင်”ဆိုပြီး ဖေဖေက ထုတ်တာပါ။ 
၁၉၆၀-၇၀ပြည့် နောက်ပိုင်းနှစ်တွေမှာဖေဖေရေးဆွဲခဲ့တဲ့ ကြော်ငြာ တွေထဲက “ကန်ကော် လေး”ထီဆိုင်၊ “ရွှေမင်းသားငံပြာရည်” တို့ကလည်း ကြော်ငြာအပ်ကြပါတယ်။ မိန်းကလေး ဖြစ်တဲ့ ကျွန်မက တော့ “ဒေလီယာမိတ်ကပ်”ကြော်ငြာကိုလည်း သတိတရ ရှိပါတယ်။ ဖေဖေပုံရေးခွင့်ပိတ်ခံရပြီး ပြန်ရေးခွင့်ရတာနဲ့ “ကန်ကော်လေး” ထီဆိုင် က ကြော်ငြာ ထပ်အပ်ပါတယ်။ ကြွှတ်ကြွတ်အိတ်တွေ ပေါ်နေပြီဖြစ်လို့ အိတ်ပေါ်မှာလည်း ဖေဖေ့ လက်ရာကြော်ငြာပဲ သုံးပါတယ်။ ရွှေမင်းသား ငံပြာရည်ကြော်ငြာကတော့ ဖေဖေ အရင်ရေးထားတဲ့ ပုံဟောင်း အတိုင်း ပုလင်းပတ်ကအစ ခုထိ ကြော်ငြာသုံးစွဲနေတုန်းပါ။ ဖေဖေက ငွေကြေးထက် idea ကို အဓိက ထားသူပါ။ 
ဖေဖေနောက်ဆုံး ရေးဆွဲခဲ့တဲ့ကြော်ငြာကတော့ ၁၉၉၆ခုနှစ် န၀တက တံခါးဖွင့်စီးပွားရေးကို အကောင်အထည် ဖော်လိုက်ပြီ ဆိုတဲ့အတွက် ကြောင့် ပင်နစ်ဆိုးနစ်၊ တိုရှီဘာ၊ဆိုနီ စတဲ့ ကုမ္မဏီတွေ မြန်မာပြည်ကို ၀င်လာပါတယ်။ အဲဒီထဲမှာ တိုရှီဘာက “ရေခဲသေတ္တာ” ကြော်ငြာလာ အပ်ပါတယ်။ ဖေဖေရေးတဲ့ ကြော်ငြာကိုဈေးကွက်မှာမတွေ့တဲ့အတွက် မသုံးဖြစ်ဖူး ထင်ပါတယ်။ မှတ်မှတ်ရရ ဖေဖေမျက်စိခွဲထားပြီးမှ နောက် ဆုံးရေးတဲ့ ကြော်ငြာက “တိုရှီဘာရေခဲသေတ္တာ” ဖြစ်သလို နောက်ဆုံး ရုပ်ရှင် အဖွင့်စာတမ်းထိုးသရုပ်ဖော်က “ဧည့်သည်” ဇာတ်ကားပါ။ ဖေဖေ့ရဲ့ နောက်ဆုံး သတင်းကာတွန်းက ဘာဖြစ်မလဲ….။  
၁၉၉၈ခုနှစ်နောက်ပိုင်းကနေ ကွယ်လွန်တဲ့အထိတော့ ဖေဖေက ကာတွန်းကို “ပုံမဲ့အသံထွက်” အဖြစ် ဖန်တီးခဲ့ပါတယ်။  
========
(၁၈) 
ဖေဖေရေးဆွဲရဲ့ ကယ်ရီကေးချားတွေက ကမ္ဘာ့နိုင်ငံများရဲ့ခေါင်းဆောင်များ၊ နာမည်ကျော် အနုပညာရှင်များနဲ့ ဗမာပြည်မှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ဦးနု၊ သခင်သန်းထွန်း၊ သခင်စိုး အပါအ၀င် ခေတ်အဆက်က ခေါင်းဆောင်တွေရဲ့ပုံတွေကို ကြေးမုံနီတိမှာ လက်စွမ်းပြထားပါတယ်။  
နောက်ပိုင်း မဂ္ဂဇင်း၊ ဂျာနယ်များမှာလည်း အလျဉ်းသင့်သလို ရေးပါသေးတယ်။ ၁၉၇၆ခုနှစ် နောက်ပိုင်းမှာတော့ ဦးနေ၀င်း၊ ဦးစန်းယုအပါအ၀င် ဗိုလ်ချုပ်ကြီးများရဲ့ ပုံတွေကို မရေးတော့ ပါဘူး။ ရေးခွင့်မရတော့ခဲ့ပါဘူး။ အနုပညာအသိုင်းအ၀ိုင်းက ဇ၀န၊ ဦးဘဂျမ်း၊ ဦးဟိန်းစွန်း၊ ဦးသုခ၊ ဦးညိုမြ စသဖြင့် တို့ကိုသာ ကယ်ရီကေးချား ရေးဆွဲလေ့ရှိပါတော့တယ်။ 
ပုံရေးဆွဲ ခွင့်ပိတ်ထားခံထားခဲ့ရတဲ့ အချိန်မှာ ဆောင်းပါးကောင်းတွေ ရေးဖြစ်တာကြောင့် သင်ပုန်းချေနိုင်ခဲ့ပါတယ်။  
၁၉၅၇ ခုနှစ်၊ အမေရိကန်နိုင်ငံ မက္ကီနောကျွန်းမှာ M.R.A (ကမ္ဘာကြီးအား အကျင့်စာရိတ္တ ပြန် လည် ပြုပြင်အံ့) ဆွေးနွေးပွဲကို ဖေဖေ တက်ရောက် စဉ်ကအကြောင်းကို ပြောပြလေ့ရှိပါတယ်။ “သူတို့တွေက ထမင်းစားချိန်ရောက်ရင် ဖေဖေနဲ့အတူ တစ်စားပွဲထဲ စားချင်ကြ တယ်။ ဘာလို့ လဲဆိုတော့ ဖေဖေနဲ့အတူစားတဲ့သူရဲ့ပုံကို ကယ်ရီကေးချားတစ်ထိုင်ထဲဆွဲပြီး လက်ဆောင်ပေးလို့” ။ “သူတို့က ဒီလိုလူမျိုးကို လေးစား အထင်ကြီးကြတယ်”။ “ဖေဖေကလည်း လူမျိုးတစ်မျိုးစီ၊ မျက်နှာပုံပန်းသဏ္ဍာန်တစ်မျိုးစီကို လက်တွေ့လက်ကျင့်သလိုဖြစ်သွားတာပေါ့”။  
၁၉၇၄ ခုနှစ် ဦးသန့်အရေးတော်ပုံကာလ။ ကျောင်းတွင်းစီတန်းလမ်းလျှောက်ဆန္ဒပြပွဲမှာ လက်ကိုင် ပိုစတာအတွက် ဦးနေ၀င်းပုံကယ် ရီကေးချားနဲ့ ဟစ်တလာရဲ့ဟန်ကို ရေးဆွဲခဲ့ပါတယ်။ ဒီပုံကိုတော့ ကျွန်မတို့လည်း မမြင်ဖူးပါဘူး၊ အရေးအခင်းမှာပါတဲ့ ကျောင်းသားတွေ စစ်မေးခံရတဲ့ကျောင်းသားတွေတော့ တွေ့ဖူးခဲ့မှာပါ။ စစ်ထောက်လှမ်းရေးကလည်း ဒီပုံကို ဘယ်သူဆွဲမှန်း မသိကြပါဘူး။ စစ်မေးခံရတဲ့ ကျောင်းသားတွေအတွက်တော့ ဖေဖေ စိတ်မ ကောင်းဖြစ်နေမှာ အမှန်ပါ။  
၁၉၉၄ခုနှစ် ဖေဖေ့ကို ပုံရေးဆွဲခွင့်ပြုပြီးနောက်မှာတော့ ဖေဖေ့ပုံတွေ မဂ္ဂဇင်းစာမျက်နှာတွေ ပေါ် ပြန်ပါလာလိုက်၊ ပယ်ခံလိုက်နဲ့ပါပဲ။ ဆောင်းပါးတွေကိုလည်း အလျဉ်းသင့်သလို ထည့်ပါ တယ်။ ကိုယ်တိုင်သရုပ်ဖော်တာရှိသလို အော်ပီကျယ်၊ ၀င်းအောင်၊ ဇော်မောင် တို့ရဲ့ သရုပ် ဖော်ပုံတွေကိုလည်း မဂ္ဂဇင်းတိုက်တွေက သုံးပါတယ်။  
ဖေဖေက “အင်တာနေရှင်နယ် ကာတွန်း ကယ်ရီကေးချား”ခေါင်းစဉ်နဲ့ ၁၉၉၅ခုနှစ်၊ နွယ်နီ မဂ္ဂဇင်းမှာ ဖေဖေ့ရဲ့ ကယ်ရီကေးချားလက်ရာတွေနဲ့ ဆောင်းပါးတစ်ပုဒ် ရေးခဲ့ပါတယ်။ 
၁၉၉၈ခုနှစ်က ဆရာမြသန်းတင့်ဆုံးတော့ အမှတ်တရအဖြစ် ရနံ့သစ်မဂ္ဂဇင်းကနေ “တာ့တာ မြသန်းတင့်”ခေါင်းစဉ်နဲ့ ဆောင်းပါးကိုရေးပြီး ကိုယ်တိုင်သရုပ်ဖော်ပုံရေးခဲ့ပါတယ်။ အဲဒီပုံ ကတော့ ဆရာ ဟံသာဝတီ- ဦးဝင်းတင်ရဲ့ ကယ်ရီကေးချားပုံပါပဲ။ ဒါကို စာပေစိစစ်ရေးက မသိလို့ လွတ်ခဲ့ပါတယ်။ အဲဒီအချိန်က ဦးဝင်းတင်(NLD) က အင်းစိန်ထောင်ထဲမှာ “ဒါလားဟဲ့ လူ့ငရဲ” နဲ့ နဘမ်းလုံးနေချိန်ပါ။ ဦးဝင်းတင်ရဲ့ ငယ်နာမည် “အတာ”ကို ရအောင်ထည့်ရေးထား ပါတယ်။ “…….စာအုပ်အသစ်တွေပေါ်တာနဲ့ ဆွေးနွေးစရာတွေဟာ “ပေါ်သစ်”ဆန်းသစ်လာ ကြတယ်။……” စာကြောင်းမှာ ဆရာဦးဝင်းတင်ရဲ့ ကလောင်ခွဲဖြစ်တဲ့ ပန်းချီဝေဖန်ရေး “ပေါ်သစ်” အမည်ကို စာထက်အက္ခရာ တင်ခဲ့ပါ သေးတယ်။ 
ဒီလိုပါပဲ ၁၉၉၅ခု၊ သင့်ဘ၀မဂ္ဂဇင်းပါ “ကျွန်တော်၏နေ့စဉ်ကာတွန်းများ” ဆောင်းပါးမှာ ကြေးမုံ မဂ္ဂဇင်းမှ ကြေးမုံဂျာနယ်၊ ထိုမှ ကြေးမုံသတင်းစာဖြစ်သည်အထိ ဆရာစိန်ခင်မောင်ရီ နဲ့ ဆရာ အောင်ဗလတို့ စီစဉ်ကြပုံကို ရေးတဲ့အခါမှာ ဆရာအောင်ဗလနာမည်ကို စိစစ်ရေးက ပိတ်ထား တာကြောင့် – “ကြေးမုံမဂ္ဂဇင်းမှ ကြေးမုံဂျာနယ်ဘက်လှည်ကာ အောင်မြင်အောင်ဗလောင်း ဗလဲ (အောင်ဗလ)၊ လုပ်ကြပြန်သည်။ ……. ကြေးမုံဂျာနယ်အရှိန်ရလာပြီး အောင်မြင်လာရာ ထို့ ထက် အောင်မြင်အောင် ဗလောင်းဗလဲ (အောင်ဗလ) လုပ်ကြပြန်သည်။ သတင်းစာ ထုတ် မယ်တဲ့……”  
ဖေဖေက အဲဒီလို စကားလုံးအသုံးအနှုန်းမျိုးနဲ့ သူ့အပေါင်းအသင်းများကို သူ့ဆောင်းပါးမှာ သတိတရ မှတ်တမ်းတင်ထားခဲ့ပါတယ်။
=====
(၁၉) 
၁၉၈၇ခုနှစ်၊ ဖေဖော်ဝါရီလမှာ မဆလအစိုးရက ရာတန်ပိုက်ဆံသိမ်းလိုက်တာရယ်၊ ၁၉၈၈ခု နှစ်၊ သြဂုတ်လမှာ ကာတွန်းရေးဆွဲခွင့် ပိတ်ခံရတာနဲ့ဆက်ပြီး သားသမီးတွေကလည်း ကျောင်း သားအရွယ်တွေသာ ဖြစ်တာကြောင့် မိသားစုမှာ စားဝတ်နေရေး ကျပ်တည်းခဲ့ပါတယ်။ ဒါပေမဲ့ ဖေဖေ့ကံ မိသားစုကံကြောင့် ဖေဖေ့မိဘများထံမှ ပုသိမ်ခြံမြေရောင်းရငွေနဲ့ တစ်ဖက်တစ်လမ်း က အဆင်ပြေပါတယ်။  
၁၉၉၀ပြည့်နှစ်၊ “သိန်း”ဆုံးပါတယ်။ ၁၉၉၂ခုနှစ်မှာတော့ “ငြိမ်း”ကို မလေးရှားမှာ အလုပ်လုပ်ဖို့ လွှတ်လိုက်ပါတယ်။ “ငြိမ်း”နဲ့ မရှေးမနှောင်းမှာတော့ ညီအစ်ကိုတော်တွေ မျှော်လင့်နေတဲ့ ဇာတ်လိုက် “ချစ်ရွှေကြီး”တစ်မည်လွဲ “ဟိန်း” သင်္ဘောအင်ဂျင်နီယာရာထူးနဲ့ သင်္ဘောသား ဖြစ်သွားလို့ ကျွန်မတို့တစ်အိမ်လုံး ၀မ်းသာပြီး အသက်ရှူချောင်စပြုပါပြီ။  
ဖေဖေက သူ့သားနှစ်ယောက်နဲ့အတူ သင်္ဘောသား တူတွေကို AIDS ရောဂါ ကမ္ဘာမှာ ဖြစ် ပွားနေပြီဆိုကတည်းက ပို့စ်ကတ်ဆိုဒ် ပုံဆွဲ အရောင်ခြယ်ပြီး စာတိုက်ကနေ ပို့ပေးပါတယ်။ အဓိကကတော့ သူတို့ကတစ်ဆင့် နိုင်ငံခြားရောက် မြန်မာတွေကို သတိပေးချင်တာပါ။ 
ဖေဖေငယ်ငယ်ကတည်းက ပုသိမ်မှာ အမျိုးသားကျောင်းတက်စဉ်ကတည်းက လက်ရေးစာမူ ပုံဆွဲပြီး လက်ရေးစာမူကို စာအုပ်တစ်အုပ်ထုတ်၊ နံရံကပ်စာစောင်လုပ်ခဲ့ပါတယ်။ ဆရာ မင်းယုဝေကလည်း ဖေဖေနဲ့ကျောင်းတူတဲ့အတွက် အတူရေး ထုတ်ခဲ့ပါတယ်။  
ဖေဖေက ၁၉၄၈ခုနှစ်၊ တက္ကသိုလ် မြန်မာအသင်းကြီးက ကြီးမှူးကျင်းပတဲ့ ကာတွန်း ပြိုင်ပွဲမှာ နှစ်သိမ့်ဆု၊ ၁၉၅၅၁ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရ ပြန်ကြားရေးဌာနက ကြီးမှူး ကျင်းပတဲ့ “လာဘ်ပေးလာဘ်ယူ ပပျောက်ရေး” ကာတွန်းပြိုင်ပွဲမှာ တတိယဆု ရခဲ့ပါတယ်။ ၁၉၅၁ခုမှာပဲ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ် ကာတွန်းပြိုင်ပွဲမှာ ပထမဆုများ ရခဲ့ပါတယ်။ ကာတွန်းဆရာ ဖြစ်ပြီးတဲ့ နှစ်များမှာတော့ နှစ်စဉ် တိုင်ဆောင်တိုင် ကာတွန်း မီးထွန်းပွဲကို ဦးဘဂျမ်းလမ်း (အောက်- ၁၃လမ်း)မှာ ကာတွန်းပြိုင်ပွဲကိုဦးဆောင် ပြုလုပ်ပေး ပါတယ်။ 
၁၉၅၉  ခုနှစ်က ကာတွန်းဦးဖေသိန်း လက်ရာ
၁၉၉၄ခုမှာတော့ ဖေဖေက ဂျပန်က ကာတွန်းပြိုင်ပွဲကိုလည်း လှမ်းပြီး ၀င်ပြိုင်လိုက်ပါသေး တယ်။ ပြိုင်ပွဲဆုရခဲ့ရင် ဂျပန်ယမ်းက မိသားစုအတွက် အရမ်းကို အဆင်ပြေစေပြီပေါ့။ 
ဖေဖေက ကတ်ထူစက္ကူကို ပိုက်လုံးလိုလိတ်ထားတဲ့ထဲကို ၀င်ပြိုင်တဲ့ပုံသုံးပုံကို ထည့်ပြီး ထိပ်နှစ်ဖက်ကို အ၀တူကတ်ထူဖုံးလုပ်ပိတ်ပါတယ်။ လေကြောင်းလိုင်းကပဲ ပို့ရမှာမို့ တာဝန်ခံ ပို့ပေးမယ့် သူကိုလည်း မထိခိုက်စေချင်လို့ပါ။ ဖေဖေ့ပုံကို ဂျပန်က ရွေးချယ်ဖို့ ပြိုင်ပွဲ စည်း ကမ်းနဲ့ အညီ လိုအပ်တဲ့ ဖေဖေ့ကိုယ်ရေးအကျဉ်းကို လှမ်းတောင်းပါတယ်။ ဖေဖေ ကိုယ်ရေး အကျဉ်းကို ရေးပြီး အလိုအပိုကို စာရေးဆရာကြီး ထင်လင်းဆီ သွားပြီး အကူအညီ တောင်းပါ တယ်။ မြန်မာနိုင်ငံရဲ့ စာပို့စနစ်ကြောင့်လို့ပဲ ဆိုရပါမယ်။ ဆုရွေးချယ်တဲ့နေ့ ကျော်မှ ရောက် သွားတဲ့အတွက် ဖေဖေ့ပုံ အပယ်ခံရပါတယ်။ သြော်- ဖေဖေ့မှာ ဂျပန်ပြည်ပို့တဲ့ ကာတွန်း တောင် အပယ်ခံကာတွန်း ဖြစ်ရပါလား။
=====
(၂၀) 
ကာတွန်းဆရာဖြစ်လာမယ့် ဖေဖေ့ရဲ့ ငယ်စဉ်ဘ၀ မှတ်မှတ်ရရအကြောင်းအရာတွေကို တစ်ခါတလေ ပြောပြလေ့ရှိပါတယ်။
  
ဖေဖေ နှစ်သားအရွယ်ကပါ။ ကလေးက ထွေးခံကို ကြမ်းမှာ ခေါက်လိုက်၊ လှိမ့်လိုက်နဲ့ ဆော့ နေပါတယ်။ နောက် ကလေးသံ တစ်ချက်ငြိမ်သွားရာကနေ လှိုဏ်သံပါတဲ့အော်ငိုသံကြားတာ နဲ့ လူကြီးတွေက ကြည့်လိုက်တော့ ထွေးခံက ခေါင်းကို စွတ်လျက် ကလေးက ငိုလျက်။ ဒါနဲ့ လူကြီးတွေလည်း ခေါင်းကိုကိုင်သူကိုင် ထွေးခံကို ချွတ်ဆွဲသူဆွဲနဲ့။ ထွေးခံကိုဆွဲချွတ်လေ ကလေးက ပိုငိုလေပါပဲ။ ဒါနဲ့ လူကြီးတစ်ယောက်က လွတ်နေတဲ့ အိုးနှုတ်ခမ်းကနေ လက် ထည့်စမ်းတော့ ကလေးရဲ့ နားကားကားလေးက ခံနေတာပါ။ ကလေးကိုချော့ပြီး နားကို ရေဆွတ်၊ ဆပ်ပြာပွတ်ပြီး လျှောထုတ်လိုက်တော့မှ အလိုက်သင့် ကျွတ်သွားပါလေရော။ 
ဖေဖေ ၁၀နှစ်သားလောက်က ပုသိမ်ခြံထဲမှာ အဖွားဒေါ်ခင်ရယ်၊ ကြီးကြီး ဒေါ်စောအုံရယ် ဖေဖေတို့မိသားစုရယ် အတူနေကြပါတယ်။
  
ကာတွန်း  ဦးဖေသိန်း လက်ရာတချို့
“တစ်နေ့ အဖွားက အိမ်ကြီးပေါ်ကနေ အိမ်အောက်ဆင်းမယ့် ဖေဖေ့ကို လှမ်းပြီး “ဗိုလ်နီ ဒီဟာယူပြီး ပစ်လိုက်စမ်း” ဆိုပြီး ညှိုးနေတဲ့ ဘုရားပန်းအိုးကို ပေးလိုက်တယ်” 
“ ဖေဖေကလည်း ကစားဖို့ စိတ်စောနေတော့ အမြန်လှမ်းယူပြီး အပြေးထွက်သွားတာပေါ့” 
ဘုရားပန်းလဲနေတဲ့ အဖွားက ဗိုလ်နီ (ဖေဖေ့ အိမ်နာမည်ပါ) ပန်းအိုး လာအပေးကို စောင့်နေ ပေမယ့် အတော်ကြာတဲ့အထိ ရောက်မလာတာနဲ့ အဖွားက ထင်တာနဲ့ အမှိုက်ပစ်တဲ့ ခြံထောင့် က ကျင်းထဲ သွားကြည့်တော့ ပန်းရော အိုး ပါပစ်ထားခဲ့တာကို တွေ့တယ်။  
ဒီတော့ ကစားပြီးပြန်လာတဲ့ ဖေဖေ့ကို မေးတော့ ဖေဖေက “အဖွားပဲ ဒီဟာ ပစ်လိုက်ဆို” လို့ အတွန့်တက်လိုက်တယ် အဖွားတော့ ဖေဖေ့စကားကြားတော့ ပြုံးပြီးခေါင်းတ ညိတ်ညိတ်နဲ့ ပေါ့”။ 
ဖေဖေက လူကြီးတွေကို အမြဲ အလိုက်တသိ ကူညီပေးတတ်တာ ငယ်ငယ်ကတည်းကပါ။ ဦးဘတင်က ပြည်သူ့ဆက်ဆံရေးဌာန၊ ဒုတိယပြန်ကြားရေးဝန်အဖြစ် ရန်ကုန်ကို ပြောင်းတော့ မိသားတစ်စုလုံး လိုက်သွားပါတယ်။  
ဖေဖေကတော့ ကြီးကြီးဒေါ်စောအုံနဲ့နေခဲ့ပြီး ပုသိမ်မှာပဲ ကျောင်းတက်ပြီး ကျန်နေရစ်ခဲ့ ပါတယ်။ အိမ်ကြီးက ကျယ်ပြီး ကြီးကြီးရယ်၊ အကူလာနေပေးတဲ့ ဒေါ်စောရယ်၊ ဖေဖေ ရယ်ပဲရှိတဲ့အတွက် အိမ်ကို ကန့်ပြီး နယ်ကျောင်းသားတွေကို အဆောင်ထားပါတယ်။ ထမင်း ဟင်းလည် အရံသင့် ချက်ကျွေးပါသေးတယ်။  
“အဲဒီနေ့က ကန်စွန်းရွက်ချဉ်ဟင်းချက်တဲ့နေ့၊ ဖေဖေလည်း ကြီးကြီးကို ကူပြီး ကန်စွန်းရွက် သင်ပြီး ဆေးပေးတယ်” 
“အဆောင်သားတွေအတွက် အသီးသီးခွဲခပ်ထည့်ပြီး သုံးယောက်သား စားကောင်းကောင်းနဲ့ စားလိုက်ကြတာ၊ ဟင်းအိုးဆေးဖို့ လှယ်လိုက်မှ ချဉ်ရည်အိုးထဲ ပန်းကန်ဆေးတဲ့ အ၀တ်စုတ် ဖတ်ကြီး ပါလာတယ်”လို့ ရယ်ရယ်မောမော ပြန်ပြောလေ့ရှိပါတယ်။ 
ဂျပန်ခေတ်မှာ ဖေဖေ့အသက် (၁၉)နှစ် အာရှလူငယ်အသင်းဝင်တစ်ဦး ဖြစ်နေပါပြီ။ ပုသိမ်မြို့ ထဲ ဗုံးကြဲတော့ မိသားစုတွေ ခြံထဲကနေ ကျောက်ချောင်းကြီးကို ရှောင်နေဖို့ စီစဉ်ပါတယ်။ ညဘက်ဖြစ်ပေမယ့် လှေကိုချောင်းလယ်က နေခပ်သွားရင် မလုံခြုံတဲ့အတွက် ကမ်းစပ်တစ် လျှောက် မျှောသွားရပါတယ်။ ဒီတော့ လူငယ် ဖြစ်တဲ့ ဖေဖေက ရေထဲဆင်းပြီး လှေကို ချောင်း တစ်လျှောက်လုံး တွန်းမျှောပေးရပါတယ်။ ကျောက်ချောင်းကြီးကမှတစ်ဆင့် ကန်ကြီးဒေါင့်က ဦးဘတင်ရဲ့ တပည့်တစ်ဦးရဲ့အိမ်မှာ သွားနေကြရပါတယ်။ ဖေဖေကတော့ ခြံထဲမှာ ကြီးကြီးနဲ့ အတူ ပြန်နေပါတယ်။ ထူးခြားတာတစ်ခုကတော့ ဂျပန်ခေတ် ပုသိမ်တစ်မြို့လုံး ဗုံးဒဏ်ထိပေ မယ့် ခြံကြီးထဲမှာတော့ ဗုံးတစ်လုံးမှ မကျခဲ့ပါဘူး။  
တစ်နေ့ ဖေဖေ ပုသိမ်ကနေ ကန်ကြီးဒေါင့်ကို ညဘက်အရောက် ညီဖြစ်တဲ့ ဝေနီ(၀င်းမောင် တင်)က ရောက်မဆိုက်ဘဲ “အစ်ကို ဒီမှာ အာရှလူငယ်တွေကို လိုက်ဖမ်း သတ်ဖြတ်နေပြီ၊ မိတဲ့လူတွေလည်းမိနဲ့ စိတ်မချရဘူး၊ ပုသိမ်ကို ခုပဲ မြန်မြန်ပြန်”လို့ အလောတကြီးသတိပေး တာနဲ့ အမေနဲ့ အဖေကို ကန်တော့ပြီး ပုသိမ်ကို ညရထားနဲ့ အမြန်ပြန်ရပါတယ်။ 
ဘလေးဝေနီသတိပေးမြန်လို့ပါ မဟုတ်ရင် ငယ်ငယ်က ထွေးခံစွတ်မိတဲ့ခေါင်းလေး ဂျပန့်လက် ချက်နဲ့ ပျောက်မသွားတာ ဖြစ်ပါတယ်။
(ဆက်ပါဦးမယ်)
(၁၇၊ ၁၈၊ ၁၉၊ ၂၀ ) အပိုင်း လေးပိုင်း ပါဝင်ပါသည်။ ဓာတ်ပုံများအား ကာတွန်းဦးဖေသိန်း ဖေ့ဘုတ်ခ်မှ ရယူပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts