ဇွန်ပွင့်

Zun Pwint – Essay

ဖေဖေ့အကြောင်း (၂)
ဇွန်ပွင့်
ဇူလိုင် ၈၊ ၂၀၁၃


ချယ်ရီနှစ်လည်မဂ္ဂဇင်း၊ သြဂုတ်လပါ 8888 ကမ္ဘာသူကမ္ဘာသားများ ငြိမ်းချမ်းကြပါစေ ဆုတောင်းစာရေးထိုးပြီး ရေးဆွဲတဲ့ ကာတွန်း တစ်ကွက်ဟာ ဖေဖေ့အတွက်တော့ ဆုတောင်း မပြည့်ခဲ့ပါဘူး။ 
တစ်ပါတီစနစ်ဖျက်သိမ်းပေး၊ ဒီမိုကရေစီရရှိရေး တောင်းဆိုသံတွေနဲ့အတူ တစ်နိုင်ငံလုံး တစ်ညီ တစ်ညွတ်တည်း ဆန္ဒပြဖို့ ရှစ်ရက်ရှစ်လရှစ်ဆယ့်ရှစ် ရက်ကို ရွေးချယ်ဆုံးဖြတ်ကြပါတယ်။ ဒါ ကြောင့် တစ်နိုင်ငံလုံး ဆန္ဒပြတဲ့ နေ့မှာ ဖေဖေဟာ ဖေမောင်ငြိမ်းကိုခေါ်ပြီး စာပေစိစစ်ရေးက ၈၈၈၈ပုံနဲ့ပတ်သက်ပြီး လာရောက်ဖြေရှင်းဖို့ ခေါ်စာရထားတဲ့အတွက်ကြောင့် ရုံးကို သွားရှင်း ရပါတယ်။ 
နောက်နေ့တွေမှာတော့ ဖေဖေဟာ ဟံသာဝတီဦးဝင်းတင်၊ ရုပ်ရှင်မင်းသားကြီး ဦးထွန်းဝေတို့နဲ့ အတူ ကျောင်းသားတွေ နှိပ်စက်ခံရတာကို မခံစားနိုင်တော့တာနဲ့ လမ်းပေါ်ထွက် ဆန္ဒပြပြီး ဒီမို ကရေစီ တရားပွဲများကို တက်ရောက်ဟောကြားပါတော့တယ်။ ဆေးရုံကြီးအပါအ၀င် ရန်ကုန် မြို့နယ်အသီးသီးမှာ စင်ပေါ်တက် ဟောပါတော့တယ်။ 
နောက် ဆရာကြီး အထောက်တော်လှအောင်ရဲ့ “သတင်းဂျာနယ်”နဲ့အတူ “အရောင်သစ်ဂျာနယ်” တို့ မှာလည်း ကာတွန်းပုံတွေကို တရစပ်ရေးဆွဲပါတော့တယ်။ “သတင်းဂျာနယ်”ခေါင်းကြီး စာလုံးကိုလည်း စိတ်ကြိုက်ရေးလိုက်ပါသေးတယ်။ 
စက်မှုတက္ကသိုလ်ကျောင်းသားများက ထုတ်ဝေတဲ့ “စက်မှုအားမာန်ဂျာနယ်” ကို ဖေမောင်သိန်းက မောင်ရစ် (ဒေါ်ခင်မျိုးချစ်မြေး)၊ ခင်မောင် ရင်တို့နဲ့ အတူ ကျွန်မတို့အိမ်မှာပဲ ဒီဇိုင်းထိုင်ပြီး ထုတ်လိုက်ပါသေးတယ်။ ဖေဖေဟာ သားတွေကိုလည်း အားပေး၊ သူလည်း စိတ်ကြိုက်ရေးနဲ့ အတော်ကို အားရနေပုံပါပဲ။ ပြည်သူတွေကလည်း လမ်းပေါ်မှာ၊ ပုဂ္ဂလိက ဂျာနယ်တွေကလည်း ပလူပျံတဲ့အထဲ နိုင်ငံတော်အစိုးရရဲ့ ကြေးမုံသတင်းစာကလည်း ရောပါလိုက်ပါသေးတယ်။ ဂျာနယ်တွေ ထုတ်ဝေနိုင်ခဲ့တဲ့ သုံးပတ်အတွင်းကတော့ လူထုလည်း အမြင်ပွင့်၊ စာပေသမားတွေလည်း ဥာဏ်ပွင့်နဲ့ အပေးအယူမျှနေတဲ့ကာလ ဖြစ်ခဲ့ပါတယ်။ 
ဂျာနယ်တွေထဲမှာပါတဲ့ ဖေဖေ့ကာတွန်းပုံတွေထဲကဖတ်မိထားသူတိုင်းက ဒီနေ့ထိ အမှတ်တရ ရှိနေကြဆဲ ပုံတွေကတော့ စစ်အစိုးရရဲ့ လက်တစ်ဖက်က မီးစတစ်ဖက်၊ ကျန်တစ်ဖက်က ရေမှုတ်တစ်ဖက်ကိုင်ထားတဲ့ပုံပါ။ နောက်တစ်ပုံကတော့ “မစားရတဲ့အမဲ သဲနဲ့ပက်” လို့ အော်နေတဲ့ပုံပါ။ 

(ဒီကာလတွေရဲ့အကျိုးဆက်ကိုတော့ နောက်နေ့မှာဆက်ပါမယ်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts