ဇွန်ပွင့်

Zun Pwint – Essay

ဖေဖေ့ အကြောင်း (၇) 
ဇွန်ပွင့်
ဇူလိုင် ၂၁၊ ၂၀၁၃

ဖေဖေက သတင်းစာတွေမှာ ပုံမဆွဲတော့ဘဲ ၁၉၆၉ခုနှစ်မှ ထုတ်ဝေခွင့်မှတ်ပုံတင်ကျထားတဲ့ ရုပ်ပြောင်စာပေမှနေပြီး ပုံပမာ လစဉ်ကာ တွန်းကို ၁၉၇၀ ခုနှစ်မှစပြီး ထုတ်ဝေခဲ့ပါတယ်။ ပုံပမာထွက်စက ပြား ၆၀ တန် ဆိုဒ်ရှည် ဂျာနယ်ဆိုဒ်ပါ၊ နောက် ၁၆ ချိုးဆိုဒ်ကို ပြောင်းထုတ်ပါတယ်။ 
အဲဒီခေတ်က စက္ကူရှားပါတာကြောင့် စက္ကူကို ကုန်သွယ်ရေးဝန်ကြီးဌာန စက္ကူနှင့် စာရေးကိရိယာဌာန မှ လျှောက်လွှာတင် ၀ယ်ယူရပါတယ်။ ဖေဖေ့မှာ ကိုယ်တိုင်ကာတွန်းဆွဲ၊ စက္ကူဝယ်ယူဖို့လည်း ကိုယ်တိုင်ကြိုးပမ်းရနဲ့ အတော့်ကို ပင်ပန်းခဲ့ပါတယ်။ ဒီလိုပင်ပန်းလျက်ကပဲ ပုံပမာကာတွန်း စတင်ထွက်ရှိကတည်းက မင်္ဂလသုတ်ပါ (၃၈) ဖြာမင်္ဂလာကို တစ်ပါးကို တစ်လကျ ရေးဆွဲခဲ့ပါသေးတယ်။ ပုံပမာကာတွန်း စာအုပ်မှာပဲ ငါးပါးသီလကာတွန်းပဒေသာ၊ အနန္တောအနန္တငါးပါးကာတွန်း၊ စကားပုံပုံပမာကာတွန်း၊ အီစွတ်ဂန္တ၀င် ပုံပြင်များ၊ တရားတော်လာ ပုံပမာတို့ကို ဆွဲခဲ့ပါတယ်။ ရွှေသွေး၊ တို့ကျောင်းသား၊ တေဇ ကလေးကာတွန်းစာအုပ်တွေမှာလည်း အခါအားလျော်စွာ ရေးဆွဲပါသေးတယ်။ စကားကြီးဆယ်မျိုး၊ ပုံပြင်တကာ့ပုံပြင်တို့ကို အလှည့်ကျရေးဆွဲပေးလေ့ ရှိပါတယ်။ နိုင်ငံရေး သတင်းကာတွန်းဆရာတစ်ဦးဟာ သူ့ရဲ့ ကလေးတွေထိပါးလာမယ့် အန္တရာယ်ကိုကာကွယ်သလို ကျန်ကလေးတွေအတွက်လည်း ဗဟုသုတရစေဖို့၊ အကျင့်စာရိတ္တကောင်းကြဖို့ အန္တရာယ်ဘေးကင်းဖို့ ရည်ရွယ်ပြီး လမ်းကြောင်းပြောင်းကာ လစဉ်ကာတွန်းဘက်ကိုသာ အလေးသာသွားလေသလားလို့ ကျွန်မ ထင်မိပါတယ်။  
ဖေဖေက ရုပ်ရှင်သစ်၊ ဖလင်စတား စတာတို့မှာလည်း ရေးခဲ့ပါသေးတယ်။ ရုပ်ရှင်ကားနာမည်၊ မင်းသား၊ မင်းသမီးတို့ရဲ့  အမည်များ၊ ရုပ်ရှင်ရိုက်ကွင်းမှာ ဖြစ်လေ့ရှိတဲ့ ဟာသများ၊ နာမည်ကြီး မင်းသား၊ မင်းသမီးတို့ရဲ့ လူတွေမှာ ပြောနေတဲ့ ကောလဟလများ၊ ဒါရိုက်တာတွေရဲ့ ဟာသတွေ ကို ရေးဆွဲခြင်းဖြစ်ပါတယ်။ နောက် ဆရာဦးသုခရိုက်တဲ့ သြော်မိန်းမ မိန်းမ ဇာတ်ကား၊ မုန်းတ လှည့် ပြုံးတလှည့်၊ ကျော်စိုးရုပ်ရှင်က ဘိတ်ကလာတဲ့ ငံပြာရည်ရဲ့ ကြောင်ရေးတဲ့ဖူးစာ စတဲ့ ရုပ်ရှင်ဇာတ်ကားအဖွင့် စာတမ်းထိုးကိုလည်း ရေးဆွဲခဲ့ပါတယ်။ ဒါ ကျွန်မမှတ်မသလောက်ပါ။ ၁၉၉၇ခုနှစ် ဦးသာဓုဝတ္တု ဒါရိုက်တာ မောင်ဝဏ္ဏရိုက်ပြီး မင်းသား သုမောင်၊ မင်းသမီး မေသန်းနုပါ ၀င်တဲ့ ဧည့်သည်ဇာတ်ကားက ဖေဖေ့ရဲ့ နောက်ဆုံး အဖွင့်စာတမ်းထိုး လက်ရာပါ။  
ရုပ်ရှင်အ ကြောင်းရောက်သွားတော့ အိမ်စောင့်အစိုးရမတက်မီ ၁၉၆၁-၆၂ခု ပတ်ဝန်းကျင်က ပွင့်ကောင်း ငံပြာရည် ကြော်ငြာအတွက် ဖေဖေက ကာတွန်းရုပ်ရှင် ရိုက်ခဲ့ဖူးပါတယ်။  
ဖေဖေ ကာတွန်းကြော်ငြာရုပ်ရှင်ရိုက်ခဲ့ဖူးကြောင်းကို သိပ်မပြောပြခဲ့ပါဘူး။ ဒီလောက်ပဲ ကျွန်မ သိပါတယ်။ ဖေဖေလေဖြတ်သွားပြီးချိန် ကာ တွန်း ဦးသော်က ဆုံးပြီးနှစ်အတွင်း ဖေဖေ့ တပည့် ကာတွန်း သန်းထွန်း (ထွန်းမင်းလတ်၊ အပါလွင် ဇာတ်ကောင်ရေးဆွဲသူ) ဆီ ဖေဖေ့မွေးနေ့ သွားဖိတ်ရင်းနဲ့ စကားပြောဖြစ်ကြရင်း ကျွန်မက ဖေဖေ ကာတွန်းရုပ်ရှင်ရိုက်ခဲ့ဖူးကြောင်း ဒါကို ဦးမှတ်မိသလောက် ပြန်ပြောပြဆိုတော့ အနည်းငယ် ပြောပြပါတယ်။ 
ဆရာ ပွင့်ကောင်းငံပြာရည်ကြော်ငြာရိုက်တုန်းက ဦးရယ်၊ ကိုသော်ကရယ်က ဆရာ့ကို ကူညီပေး ရတယ်၊ ကင်မရာရိုက်တဲ့သူက ဦးသာ ဂေါင်ကြီး။ ဦးသာဂေါင်က ကင်မရာအရိုက်ကောင်းတယ်။ ဆရာက ပုံကြမ်းရေး ဦးတို့က မှင်ဖြည့်ရတယ်။ ငံပြာရည်ပုလင်းလေး မြောက် တက်ဖို့ကို ပုံတွေ အများကြီးရေးရတယ်၊ အဲဒီကြော်ငြာရိုက်နေတုန်းမှာပဲ ပွင့်ကောင်းငံပြာရည်စက်ရုံ ပြည်သူပိုင် အသိမ်းခံရတဲ့အထဲ ပါသွား တယ်၊ ကြော်ငြာလည်း ဆက်မရိုက်ဖြစ်တော့ဘူး။ အဲဒီတုန်းက ဆရာ သိပ်ကို စိတ်ထိခိုက်သွားတယ်။ 
ဦးသန်းထွန်းကို ကျွန်မက ဖေဖေကာတွန်းကြော်ငြာရုပ်ရှင်ရိုက်ကြောင်းကို ကူညီပေးတာ ဦးနဲ့ ဦးသော်ကရယ်၊ ဦးသာဂေါင်ကြီးရယ်ဆိုတော့ ခု ဖေဖေနဲ့ ဦးနဲ့ပဲ ကျန်တော့တာ။ ဖေဖေကလည်း နေမကောင်းတော့ မရေးနိုင်တော့ဘူး၊ ဦးပဲ ဒီအကြောင်းကို အစအဆုံး မှတ်တမ်းပြု ပေးနိုင်မှာပါ။ ဒါကြောင့် ဖြစ်နိုင်ရင် အဲဒီအကြောင်းလေး ရေးပေးပါလို့ တောင်းဆိုခဲ့ပါသေးတယ်။  

(ဆက်ပါဦးမယ်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts